ဆရာနေ၀င်းမြင့်နဲ့ ‘ရေကန်သာ ကြာတိုင်းအေး’ မေးမြန်းခန်း

မို့မို့သော်
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၀)

စာရေးသူက အင်္ဂလိပ်ဝတ္ထုအထူကြီး တွေ ဖတ်ခဲပါတယ် (မဖတ်နိုင်တာ လည်းပါတာပေါ့လေ။)အကြောင်း တိုက်ဆိုင်လို့ ရုံးကလုပ်ဖော်ကိုင်ဖက် နိုင်ငံခြားသားမိတ်ဆွေတွေနဲ့ မြန်မာစာအုပ်တွေအကြောင်းဆွေးနွေးကြ တိုင်း စာရေးဆရာကြီး Amitav Ghosh ရဲ့The Glass Palace ၀တ္ထုကြီး ကို သူတို့ ဆီက အမြဲကြားရလေ့ ရှိတော့ ကိုယ် က မြန်မာတစ်ယောက် ဖြစ်ရက်နဲ့ မြန်မာပြည် အကြောင်း ရေးထားတဲ့ အဲဒီစာအုပ်မဖတ်ဖူးတာ ကြောင့် ၀င် မဆွေးနွေးနိုင်တာမို့ သူငယ်ချင်းတစ်ယောက်တစ်ယောက် ဆီကThe Glass Palaceမူရင်းဝတ္ထုထူကြီးကို ငှားဖတ်ဖြစ်ခဲ့တယ်။စိတ် ၀င်စားစရာကောင်းပေမယ့် စာအုပ်ထဲမှာက ကိုယ်သိပ်မသိတဲ့ဝေါဟာရ များပြီး အဘိဓာန်ခဏခဏ လှန်ရတာ စိတ်ကုန်တာမို့ ပြီးဆုံးအောင် မ ဖတ်ဖြစ် ခဲ့ဘူး။ ဒါနဲ့ The Glass Palace ကို ဆရာနေ၀င်းမြင့် က ‘ ရေ ကန်သာ ကြာတိုင်းအေး’ ဆိုပြီး ရွှေ အမြုတေမှာ ရေးတော့ “ဪ ..ငါ ဖတ်ဖူးတဲ့စာအုပ်ပါလား”ဆိုပြီး ဖတ်ဖြစ်တယ်။

နဂိုစိတ်ဝင်စားစရာကောင်းတဲ့ ၀တ္ထုကြီးက ဆရာ့ကလောင်စွမ်းနဲ့ ဆိုတော့ ရွှေအမြုတေကိုင်တိုင်း ပထမ ဆုံးလှန်တဲ့ စာမျက်နှာက ဆရာရဲ့ ရေကန်သာ ကြာတိုင်းအေး။ ဒါပေမယ့် အမှန်တိုင်း ၀န်ခံရရင် စာအုပ်မ၀ယ်ဖြစ် လို့ ဖတ်ဖို့လွတ်သွားတဲ့ အပိုင်းတွေလည်း အများကြီး။ လုံးချင်းထွက်မှပဲ အစအဆုံး ဖတ်တော့မယ်လို့ စိတ်ထဲတေး ထားမိတယ်။ အဲ ..တကယ်တမ်းအစ အဆုံးအချိန်ပေးပြီး အရင်ဖတ်ဖြစ်တော့ The Glass Palace ကို ဆရာထိပ် တင်သက် ဘာသာပြန်ထားတဲ့ ‘ရွှေနန်းတော်’။ အရေးအသားညက်ညောတဲ့ ဆရာသက်ရဲ့ရွှေနန်းတော်ကလည်းစာရေးသူကိုဆွဲဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့်ဆရာနေရဲ့ ရေကန်သာကြာတိုင်းအေးလုံးချင်းကို သေသေ ချာချာ ဖတ်ချင်စိတ်ကတော့ ပျောက် မသွားဘူး။ ဆရာ့စာအုပ်ထွက်တယ်လို့ ကြားကြားချင်း အင်းဝမှာချက်ချင်းသွားဝယ် ပြီးဖတ်ဖြစ်ခဲ့တယ်။ ဖတ်ပြီး တာနဲ့တစ်ပြိုင်နက် ဆရာနေ၀င်းမြင့် ရော၊ ဆရာထိပ်တင်သက်နဲ့ပါ တွေ့ပြီး အင်တာဗျူးချင်တဲ့စိတ်က တဖွားဖွား ပေါ်လာတယ်။ ဒါနဲ့ ဆရာနှစ်ယောက် စလုံးကို ကြိုးစားဆက်သွယ်ပေမယ့် ဆရာနေ၀င်းမြင့်နဲ့ပဲ ဆက်သွယ်နိုင်ခဲ့တာမို့ခု လို..ဆရာနေ၀င်းမြင့်နဲ့ ‘ရေကန် သာ ကြာတိုင်းအေး’ မေးမြန်းခန်း ဖြစ် လာတယ်ဆိုပါတော့။

* “The Glass Palace” ၀တ္ထုကြီးကို ပထမတစ်ခန်းဖတ်ပြီးတာနဲ့ ဘာသာ ပြန်ချင်စိတ်ဖြစ်ပြီး တစ်ခါတည်းတစ်ခန်းပြီးအောင် ဘာ သာပြန်ဖြစ် တယ်လို့ ဆရာ့ရဲ့ အမှာစာထဲမှာ ဖတ် ရတယ်။ အဲဒီလိုစာအုပ်ဖတ်ပြီးတာနဲ့ ချက်ချင်း ဘာသာပြန်ဖြစ်အောင် ဆရာ့ ကို လှုံ့ဆော်နိုင်ခဲ့တဲ့အကြောင်းရင်းက။

ဒီ “The Glass Palace” ၀တ္ထုကြီးမှာ ဇာတ်ဖွင့်တာက အမြောက်သံကြီး မန္တလေးအနောက်ဘက်မြို့ရိုး ရောက်လာတာနဲ့စဖွင့်တယ်။ တိုင်းပြည်ကို ကျွန်ပြုတော့မယ့်အသံ။ ၀တ္ထုအဖွင့် ‘မန္တလေး’ခန်းဟာ ၁၂၄၇ ခုနှစ် ပါတော် မူခါနီးရက်တွေ၊ တိုင်းရေးပြည်ရေး ကျိုက် ကျိုက်ဆူနေတဲ့ အချိန်။ ဗြိတိသျှ မြို့သိမ်း တပ်တွေ ရောက်နေကြပြီ။ ညောင်ဦး၊ ကွမ်းရွာ၊ ဆင်ပေါင်ဝဲ၊ မင်းလှ၊ မြင်းခြံ နဲ့ စစ်ကိုင်းမှာ မြန်မာ တပ်တွေက ရှိတဲ့လက်နက်နဲ့ ပိတ်ဆို့ခုခံ နေကြတယ်။ အရှင်နှစ်ပါး တိုင်းတစ်ပါး ဆောင်ကျဉ်းခံရတော့မယ့် အခြေအနေ ကြီး ဆိုက်နေပေမယ့် ပြည်သူဆင်းရဲသားတွေက ကျူးကျော်စစ်မှာ တွေတွေ ဝေေ၀ ရှိနေကြတယ်။ နောက်တော့ မင်းနှစ်ပါးနဲ့အစေအပါး တွေဆောင်ကျဉ်းခံရတယ်။ သည်သမိုင်း အချက်အလက်တွေကို ၀တ္ထုပါဇာတ်ကောင် တွေနဲ့ ရောမွှေပြီး ကျစ်ကျစ်လျစ်လျစ်ရေးထား တာ စိတ်ဝင်စားစရာကောင်း တယ်။ မန္တလေးကျဆုံးခန်းဟာ ပဒေ သရာဇ်ကျဆုံးခန်း ဖြစ်တယ်။ ပဒေ သရာဇ်ကျဆုံးခန်းဟာ ခေတ် သစ်ရဲ့ အရုဏ်ဖြစ်ဖို့ ဖန်လာတယ်။ သမိုင်းမှာ အလှည့်အပြောင်းပါပဲ။ ၀တ္ထုကြီးကို ဖတ်ရင်းနဲ့ ကျွန်တော်စိတ်လှုပ်ရှားပြီး ဖတ်နေရင်း တောင် စိတ်ထဲက ဘာသာ ပြန်မိတယ်။ နောက်တော့ ချရေးဖြစ် တယ်ဆိုပါတော့။

* စာအုပ်အမည်ကို ‘ရေကန်သာကြာ တိုင်းအေး’ လို့ ပေးဖြစ်ပုံကရော။

ဝတ္ထုအမည်ကThe Glass Palace ။ ဖန်နန်းတော်၊ မှန်နန်းတော်။ ရှင်းတယ်။ ဒါပေမယ့် လုံးကောက်အဓိပ္ပာယ်ကို ဘ၀င်မကျဘူးဖြစ် နေတယ်။ နောက်တော့ ပခန်းမင်းသားကြီးရဲ့ အောင်မြေသာစံ ပတ်ပျိုးကို ကျွန်တော်သွား သတိရတယ်။ အဲဒီအောင်မြေသာ စံပတ် ပျိုးထဲက စာသားကို ဆရာမြ သန်းတင့် လည်း သုံးဖူးတယ်။ သူက M.M.Kae ရဲ့ Far Pavilion ကို ‘ရွှေပြည်တော်မျှော်တိုင်းဝေး’လို့ အမည် ပေးခဲ့တာကို ၀တ္ထုနဲ့လည်းမလွတ်၊ မူရင်း ခေါင်းစဉ်နဲ့လည်း မဝေးတာမို့ လှလိုက် တဲ့စိတ်ကူးလို့ အံ့ဩခဲ့ဖူးတယ်။ ကျွန်တော့ ရဲ့ဘာသာပြန်မှာလည်း သည်လိုညွှတ်နူး ဆွတ်ပျံ့တဲ့ခေါင်းစဉ်ပေးချင်တာမို့ ‘ရေ ကန်သာ ကြာတိုင်းအေး’ဖြစ်လာခဲ့တာ။

* ‘ရေကန်သာကြာတိုင်းအေး’ဆိုပြီးဖြစ်လာဖို့ အချိန်ဘယ်လောက်ယူပြီး ဘာသာပြန်ခဲ့ရလဲ။ လုံးချင်းအဖြစ် မထွက်ခင် ရွှေအမြုတေ မှာ ဆရာ အခန်းဆက်ရေးခဲ့တာနော်။

ကျွန်တော်က တစ်အုပ်လုံးပြီးမှ ရွှေအမြုတေကိုအပ်လိုက်တာမဟုတ်ဘူး။ပထမတစ်ခန်းကိုတော့ တစ်ခန်းလုံးပြန်ထားတယ်။နောက် အခန်းတွေကျ တော့ ရွှေအမြုတေကို တစ်လချင်းပို့တာ ပါ။ မဂ္ဂဇင်းမှာ နှစ်နှစ်ကျော်ပါခဲ့တယ်။

* အခန်းကြီးခုနစ်ခန်းခွဲပြီး ဘာသာ ပြန်ထားတဲ့ ဆရာ့ရဲ့စာအုပ်ထဲမှာ ခက်ခက်ခဲခဲ အားထုတ်ဘာသာပြန် ခဲ့ရတဲ့အပိုင်းမျိုး ကြုံခဲ့ရပါ လား။

တစ်အုပ်လုံးကို အားစိုက်ရတာတော့ ရှိတယ်။ နန်းဓလေ့၊ နန်းမူ နန်းယာ ကအစ ကုန်းဘောင် ခေတ်နှောင်း ရတနာပုံ ခေတ်သုံးဝေါ ဟာ ရတွေ၊ အသုံးအနှုန်း တွေကို အနီးစပ်ဆုံးဖြစ် ချင်လို့ စာအုပ်တွေ သမိုင်းကျမ်းတွေ ဖတ်ရတယ်။

* ပုဂံစာအုပ်တိုက်နဲ့ ဒီစာအုပ်ကို လုံးချင်းထုတ်ဖြစ်ပုံကရော။

ကျွန်တော့စာအုပ်တချို့ကို ပုဂံစာအုပ် တိုက်က ထုတ်ဝေခဲ့တော့ သည်စာအုပ် ကြီးကိုလည်း ပေးရိုးပေးစဉ်ပေးလိုက်တာ ပါ။ ပုဂံက လည်း စာအုပ်ကို အကောင်း ဆုံးဖြစ်အောင် လုပ်ပေးထားပါတယ်။

* The Glass Palace ကိုပဲ ဆရာထိပ်တင်သက်ကလည်း ‘ရွှေနန်းတော်’ဆိုပြီးဘာသာပြန်ထားပါတယ်။ ဒီလိုစာအုပ်တစ်အုပ်တည်း ကိုစာရေး ဆရာနှစ်ယောက် ဘာသာပြန်မိခြင်း ဟာ တစ်စုံတစ်ရာဆိုးကျိုးဖြစ်နိုင်ပါလား။

ဆရာထိပ်တင်ရဲ့ ရွှေနန်းတော် ထွက် လာတော့ ကျွန်တော်ဘာသာပြန်တာ တစ်ဝက်တောင် မကျသေးဘူး။ ထွက် လာတော့လည်း ကျွန်တော် ဖတ်ဖြစ်ပါတယ်။ ဆရာပြန်တာလည်း ကောင်းပါ တယ်။ ၀တ္ထုတစ်ပုဒ်ကို မြန်မာဘာသာ ပြန်ဆရာ သုံး၊လေးဦးပြန်ခဲ့တာ တွေ အရင်ကလည်းရှိခဲ့တယ်။ သည့်အတွက် ဆိုးကျိုးရယ်လို့ မရှိနိုင်ပါဘူး။ ကိုယ့် ဟန်နဲ့ကိုယ် ပြန်ကြတယ်။ ကိုယ့်ပရိသတ်နဲ့ကိုယ် ဖတ်ကြတယ်။

* ဆရာထိပ်တင်သက်ကတော့ သူ့စာအုပ်ကိုစကားပြေပုံစံပြန်ထားတယ်။ ရေကန်သာကြာတိုင်းအေးကိုရောဘယ်လိုပုံစံမျိုးဘာသာ ပြန်ထားတာလဲ။

ဘာသာပြန်တယ်ဆိုတာ ကော်ဇောပက်လက်လှန်ကြည့်ရတာမျိုး၊အခင်းဘက်အလှဘက်ကို မြင်ရဖို့ခက်တယ်။ကော်ဇောပြောင်းပြန် လှန်ပြီး ကြည့်ရ တဲ့အလှလောက်ပဲ ရနိုင်တယ်။ တစ်ဘာသာကတစ်ဘာသာအကူးမှာ ပျောက်သွားတာတွေ အများကြီးရှိ နိုင်တယ်။ ဒါပေမယ့် မူရင်းဝတ္ထုရဲ့ ၀ိညာဉ်တော့ မိအောင် ဖမ်းရတာပေါ့။ ကျွန်တော်က မြန်မာရနံ့ပါအောင်တော့ ကြိုးစားကြည့်တယ်။ တြိဘင်္ဂ သုံးဆစ်ချိုးကလေးပေါ့။ တချို့နေရာ တွေမှာ လုံးပြန်တယ်။ တချို့နေရာတွေ မှာ သဘောပေါက်ပြန်တယ်။ တချို့ နေရာတွေမှာလုံး စေ့ပတ်စေ့ပြန်တယ်။

* ဘာသာပြန်နေတဲ့အချိန်မှာပဲ မူရင်း စာရေးဆရာဖြစ်တဲ့ Amitav Ghosh နဲ့ အမေရိကမှာတွေ့ဆုံခွင့်ရခဲ့တယ်လို့သိရတယ်။ဒါဟာ ကြုံခဲ့တဲ့အခွင့် အရေးလို့ ထင်ပါသလား။ ဆရာရဲ့ ခံစားချက်ကို သိပါရစေ။

ကျွန်တော်နဲ့ဆရာမျိုးမြင့်ညိမ်းကို အမေရိကန်ပြည်ထောင်စု Rhode Island ပြည်နယ် ၊ Brown တက္ကသိုလ် South-East Asia Cul- ture & Art Festival တက်ဖို့ ဖိတ်တယ်။ အဲဒီပွဲ ကို ကမ္ဘာကျော်စာရေးဆရာကြီးတွေလည်း တက်ကြတယ်။ သည်အထဲမှာ Amitav Ghosh တို့ ဇနီးမောင်နှံလည်း ပါတော့ တွေ့ခွင့်ရခဲ့တယ်။ ကျွန်တော် သူ့ဝတ္ထုကို ဘာသာပြန်နေ တယ်ဆိုတော့ Amitav Ghosh က သိပ်ကို ၀မ်း သာပါတယ်။ သူရေးတဲ့တခြားစာအုပ်တွေတောင် လက်ဆောင်ပေးလိုက်ပါသေးတယ်။ဒါရှားရှားပါးပါးကြုံကြိုက်ခွင့်ပါ။

* The Glass Palace က ကမ္ဘာ တစ်ဝန်းမှာ အရမ်းအောင်မြင်ပြီး လူသိများပါတယ်။ အဲဒါဘယ်လိုအချက်တွေကြောင့်လို့ဆရာထင် ပါလဲ။

The Glass Palace ကို ကမ္ဘာ့ ဘာသာ ၁၉ ဘာသာနဲ့ ပြန်ဆိုထားပြီး ပါပြီ။ ကမ္ဘာ့စာပေအသိုင်းအ၀ိုင်းကလှိုက်လှိုက်လှဲလှဲစွဲလန်းကြ
တဲ့ဝတ္ထုကြီး ဖြစ်လို့ သိပ်ကိုအောင်မြင်ခဲ့ပါတယ်။ ကျွန်တော့ စိတ်ထဲတော့ အာရှတိုက်ရဲ့ ၀ိညာဉ်၊ အာရှတိုက်ရဲ့ နှလုံးသားကို ကမ္ဘာ့ စာဖတ်ပရိသတ်က မွေ့လျော်မိ ခံစားမိကြလို့ထင်တယ်။ အာရှတိုက်ဝတ္ထုတွေက လှပခြင်း၊ကောင်းမြတ်ခြင်းနဲ့လူသားဆန်ခြင်းတွေ ထုံးမွှမ်းနေတတ်လို့ပါ။ အာရှတိုက်စာပေဟန်က ဇာတ်ရုပ်ကိုကိုင်တွယ်ရာမှာ သိပ်သိမ်မွေ့တယ်။ဒါဟာထူးခြားမှုဖြစ်မယ်ထင်တယ်။

* ဥပမာ-ဆရာဟာ Amitav Ghosh ဆိုပါတော့။ အဲဒီလိုဆိုရင် The Glass Palace ထဲကအကြောင်းအရာ တစ်ခုခုကိုများ ပိုဖတ်လို့ ကောင်းအောင် ပြောင်းလဲရေးချင်မိတာမျိုး ရှိလား။

မရှိပါဘူး။ The Glass Palace က ကောင်းပြီးသားပါ။ ၀တ္ထုက အခန်းကြီး ခုနစ်ခန်းကိုချိတ်ယူသွားတာ တော်တော် သပ်ရပ်ပါတယ်။ Modern Classic ၀တ္ထုကြီးတွေမှာတွေ့ရလေ့ရှိတဲ့ ဇာတ် ကောင် အားကောင်းတာ၊ ဇာတ်ကောင်များတာ၊ ခေတ်ကာလတွေကိုဖြတ် သန်းတာ၊ လူ့ စိတ်ခံစားမှုတွေကို ဖွဲ့နွဲ့ နိုင်တာတွေကို သည် ၀တ္ထုကြီးမှာ တွေ့ရ တယ်။ မဒရပ်စ်ရောက် သီပေါ၊ ရတနာ ဂီရိရောက် သီပေါ၊ မြန်မာသစ်တော သဘာဝ၊ ဆင်သဘာဝ၊ ရှေးကအိန္ဒိယ နိုင်ငံသားတွေ မြန်မာနိုင်ငံရောက်လာတာကအစ သည်ဝတ္ထုကြီး ထဲ မှာ လှလှ ပပထည့်ရေးသွားတယ်။ မူရင်းဇာတ် လည်းမပျက်အောင် ဇာတ်ကိုလည်း အားဖြစ်အောင် ရေးထားတဲ့ ၀တ္ထုကြီး ဆိုတော့ တစ်ပုဒ်လုံးကို ကြိုက်ပါတယ်။

* မြန်မာသမိုင်းကြောင်း ကို နိုင်ငံခြား သားတစ်ယောက်ရေးတာ မြန်မာ တစ်ယောက်ရေးတာ လောက် မှန်ကန် တိကျနိုင်ပါ့မလား။
ဘယ်လောက်အားစိုက်ထားသလဲဆို တာနဲ့ ဆိုင်မယ် ထင်တယ်။ မြန်မာ သမိုင်းကို မြန်မာစာရေးသူ ကျွန်တော် ကိုယ်တိုင်က မကိုး ကားဝံ့တဲ့စာအုပ်တွေ လည်းရှိတယ်။

* ဒThe Glass Palace က မြန်မာ့ သမိုင်းပေါ် အခြေခံပြီး ခြယ်မှုန်းထား တာမို့ မြန်မာစာဖတ်ပရိသတ်တွေအနေ နဲ့ ဒီစာအုပ်ထဲက တစ်စုံတရာ ဘာရ ရှိနိုင်မယ်လို့ ဆရာမျှော်လင့်ထားလဲ။

အဲဒါက ယေဘုယျဆန်ပါတယ်။ ၀တ္ထုဖတ်ပြီးရင် လောကကို ဆင်ခြင်နိုင် မယ်။ ဘ၀ကို ဆင်ခြင်နိုင်မယ်။ ဒါဝတ္ထု ကပေးတဲ့ ကောင်း မွေပဲ။ ဖတ်သူရဲ့ ရေချိန်ကလည်း ရှိသေးတာကိုး။

* The Glass Palace ဟာ ဆရာ့ရဲ့ ဘယ်နှအုပ်မြောက်ဘာသာပြန်စာအုပ် လဲဆိုတာ သိပါရစေ။

The Glass Palace က ကျွန်တော်ရဲ့တတိယမြောက်စာအုပ်ပါ။ပထမစာအုပ်က ရုရှားစာရေးဆရာကြီး Turganer ရဲ့ဝတ္ထုလတ်သုံး ပုဒ်၊ ဒုတိယစာအုပ်ကလည်း Turganer ရဲ့စာအုပ်ပဲ။ ‘လွင်ပြင်မြက်ခင်းများရဲ့အလွန်’တဲ့။လတ်တလောဘာသာပြန်နေတာကတော့ ဆရာမြသန်းတင့်ဘာသာပြန် သွားတဲ့ The English Patient ပါ။ အင်္ဂလိပ်လူနာပေါ့။ ကျန်တဲ့တစ်ဝက် ကို ကျွန်တော် ကြိုးစားပြီးပြန် နေတယ်။ဆရာခြေကြိုခြေကြားက မော့ကြည့်ပြီး ပြန်တာပါ။
http://www.myanmar.mmtimes.com/2010/timeout/470/time05.html

ဒီလိုလေးပြန်ပြောခဲ့ပါတယ်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s