(၃)ပြုံး၍လည်းကန်တော့ခံတော်မူပါ။ရယ်၍လည်းကန်တော့ခံတော်မူပါ။

ညညီလာခံ
ဝါခေါင်လဆန်း ၁ဝ ရက်

နေ့လည် နာရီပြန် နှစ်ချက်၊ ဝါခေါင် နေပူပူအောက် တောင်ပြုံးပွဲလာတွေ နန်းကြီးတစ်ဝိုက်မှာ ချွေးသံရွှဲရွှဲနှင့် တိုးဝှေ့လို့နေကြတယ်။ နန်းကြီးမှာတော့ ညီလာခံစဖို့ အဆင်သင့် ဖြစ်နေပြီ။
တောင်ပြုံးမင်းနှစ်ပါး ကိုယ်တော်ကြီး ကိုယ်တော်လေး တို့ရဲ့ပုံတော်ရှေ့ အလယ်တည့်တည့်နေရာရှေ့မှာ နတ်အုပ်မင်းက ထိုင်နေတယ်။
နတ်အုပ်မင်းရဲ့ နောက်နှစ်တန်းမှာတော့ ရှေ့တန်းမှာ တောင်လက် မိဖုရားကြီး နှစ်ပါး၊ မြောက်လက် မိဖုရားကြီးနှစ်ပါး ထိုင်တော်မူတယ်။ မိဖုရားကြီးတွေက အိုလှရှာကြပြီ။ ရှစ်ဆယ်ကျော် ကိုးဆယ်အတွင်း ရောက်ကုန်ကြပြီ။ ဒါပေမယ့်ဘယ်လောက်ပဲအသက်ရွယ်ကြီကြီး တောင်ပြုံးချိန်မှာတော့ မပျက်မကွက် လာရမြဲပဲ။
မိဘုရားကြီးတွေရဲ့နောက်တန်းမှာ ထိုင်ရတဲ့သူတွေကတော့ တောင်လက်ဗောင်းဆောင်းနဲ့ မြောက်လက်ဗောင်းဆောင်း။
သူတို့တွေရဲ့ရှေ့တန်းမှာ ဒူးတုပ်ပြီး ညီလာခံခစားကြမယ့်သူတွေကတော့ အတွင်းတော်မှာ အရေးကြီးတဲ့ နန်းထိန်းများဦးဆောင်ပြီး တစ်ပြည်လုံးက နတ်နေကြီး နတ်ဝါကြီးတွေနဲ့ နတ်သားသမီးတွေပေါ့။
ညီလာခံနေ့ ဆိုတာဟာ ကျေးဇူးရှင်အမှုတော်ထမ်း အမှုထမ်း အရာထမ်းများ ဖြစ်ကြတဲ့ သိုးဆောင်းမိဘုရားကြီး လေးပါးနဲ့ ဗောင်းများ၊ ရွှေဓားကိုင်၊ ရွှေဓားထမ်းများ၊ မောင်းတော်တီး စတဲ့ သိုင်းကိုင်၊ ကျိုင်းကိုင်များက မင်းနှစ်ပါးကိုကန်တော့တဲ့ပွဲ၊ ကန်တော့တဲ့နေ့ပဲ့။ အဆောင်ကိုင်တက်တယ် လို့လည်းခေါ်တယ်။ အဲဒီနေ့ကို အဆောင်ကိုင်နေ့လို့လည်းခေါ်တယ်။
ညီလာခံမှာ အရေးကြီးတဲ့ ဆုတောင်းတွေ၊ အဓိဌာန်တွေ ပြကြမယ်။ နတ်အုပ်မင်း ဦးဆောင်ပြီးတော့ မိဘုရားကြီးတွေ၊ ဗောင်းဆောင်းတွေ နတ်ကြီးကောက်ကြမယ်။ အစောဆုံးနတ်ဖြစ်တယ်လို့ ယူဆတဲ့ အိမ်တွင်းခုနှစ်ပါး နတ်ကြီးတွေကို ပင့်ဖိတ်ကြတာပေါ့။
ပြီးတော့ တောင်ပြုံး ရွှေနန်းတော်ကြီး ထုံးစံအတိုင်း ‘လှေဆေးခြင်း’ ‘ယုန်ထိုးခြင်း’ တွေလုပ်ပြီး မင်းနှစ်ပါးကို ချော့ကြမယ်။ ပခန်းမင်းကို ပင့်ကြမယ်။ သိုးဆောင်း၊ ဗောင်းဆောင်းတွေ ကြက်လောင်းကြမယ်၊ ဒိုးဆွဲကြမယ်။
နန်းတော်ကြီးရဲ့ အစဉ်အလာ အတိုင်း မျိုးရိုးအလိုက် အတီးတော်ဆက်ခဲ့ရတဲ့ နန်းကြီးဆိုင်းကလည်း အဆင်သင့်ဖြစ်နေပြီ။ နန်းကြီးပေါ်က နန်းကြီးဆိုင်း မတီးမချင်း ပွဲတော်တွင်းက ဘယ်ဝိုင်းမှ ဗုံလေးတစ်လုံး၊ မောင်းလေးတစ်လုံးတောင် အသံမမြည်ရဲဘူး။ နန်းကြီးဆိုင်း တီးပြီးမှ အားလုံးတီးကြရတယ်။
ဒါတောင် ဒီညီလာခံနေ့မှာ နန်းကြီးဆိုင်း တီးပေမယ့် ပွဲတော်တွင်းက ဆိုင်းတွေ လိုက်မတီးရသေးဘူး။ နောက်တစ်နေ့ ဝါခေါင်လဆန်းဆယ့်တစ်ရက် မင်းနှစ်ပါး ချိုးရေတော်သုံးပြီး နန်းပေါ်ပြန်ရောက်မှ ပွဲတော်တွင်း ဆိုင်းတွေတီးကြရတယ်။
ပွဲတော်တွင်းက ဆိုင်းတွေတင်မှ မဟုတ်ဘူး။ ပွဲတော်မှာကမယ့် ဇာတ်တွေက ဆိုင်းတွေလည်း ချိုးရေတော်သုံးပြီး ညကျမှ စတီးပြီး စကကြရတယ်။ ဒါအစဉ်လာပဲ။
ဒီအစဉ်အလာကို ဘယ်ဆိုင်းသမား ချိုးဖောက်ရဲသလဲ။
ဘယ်ဇာတ်သမား ချိုးဖောက်ရဲသလဲ။
ချိုးဖောက်မိလို့ ဘဝပျက်သွားတဲ့ ဇာတ်သမား၊ ဆိုင်းသမားတွေရဲ့ ဇာတ်လမ်းတွေကို တောင်ပြုံးတစ်ခွင်က နယ်ခံတွေနှင့် နတ်ကတော်တွေက ပြောပြကြလိမ့်မယ်။
ညနေ သုံးနာရီထိုးတော့မယ်။ ညီလာခံ စတော့မယ်။
နန်းကြီးဆိုင်းရဲ့ ရွာစားက ပထမဆုံး စတင်တီးရမယ့် ပတ်လုံးဗုံကလေးပေါ်ကို အသာအယာ လက်တင်လို့ အသင့်ပြင်တယ်။
သုံးနာရီတိတိ ထိုးတဲ့ အချိန်မှာတော့ နန်းကြီးဆိုင်းရဲ့ ရွာစားဟာ ပတ်လုံးဗုံကလေးပေါ်မှာ အသာအယာ တင်ထားတဲ့ သူ့လက်ကို အဆက်မပြတ် လှုပ်ရှားလိုက်တော့တယ်။ အချက်ကျကျ တီးခတ် ထွက်ပေါ်လာတဲ့ ဗုံသံဟာ ကြည်နူးဖွယ်၊ လွမ်းဖွယ်၊ စိတ်လှုပ်ရှားဖွယ် ကောင်းစွာနဲ့ တောင်ပြုံးပွဲတော် တစ်ခွင်လုံးကို ဖမ်းစား လွှမ်းခြုံလိုက်ပါပြီ။
ဗုံသံထွက်ပေါ်လာတာနဲ့ ကြားကြားသမျှ ပရိတ်သတ်နှင့် ကနားတဲတွေပေါ်က နတ်ကတော်တွေ အားလုံးဟာ လုပ်လက်စအလုပ်တွေကို ချက်ချင်း ရပ်ပြီး တစ်ပြိုင်နက် လက်အုပ်ကလေးတွေ ချီလိုက်ကြတယ်။
နန်းကြီးပေါ်က ညီလာခံကိုဦးတိုက်ရည်မှန်းပြီး လက်အုပ်ကလေးတွေ ကိုယ်စီ ချီလိုက်ကြပါတယ်။
ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာသုံးပါး အမြတ်ဆုံးထားလို့ ဘုန်းရှင် ကံရှင် သမ္ဘာရှင် အရှင်သခင် ဘုရင် တောင်ပြုံးမင်းနှစ်ပါးအား ကျေးတော်မျိုး ကျွန်တော်မျိုး ရိုသေစွာ ရှိခိုး ကန်တော့ပါတယ် ဘုရား၊ ဘိုးဘိုးကြီး ဘိုးဘိုးလေးတို့ ခြေတော်ရင်းမှာ ဦးခိုက်ပါတယ် ဘုရား။
ကျေးတော်မျိုး ကျွန်တော်မျိုး မသိုမဝှက် မစုမဆောင်းနဲ့ ထားခဲ့သော လက်ဝတ်တန်ဆာ ရတနာများကိုလဲ ဘိုးဘိုးကြီး၊ ဘိုးဘိုးလေးတို့ကို ရည်စူးပြီး မဟာမြတ်မုနိဘုရားကြီးကို လှူလို့ပါဘုရား၊ အမျှ အမျှ အမျှ ၊ အမျှပေးဝေပါတယ်၊ ဆယ်ဆ၊ ဆယ်ထမ်းပိုးတိုးတဲ့ ဘုရားဒါယကာ၊ ကျောင်းဒါယကာ၊ ရဟန်းဒါယကာ ဖြစ်ပါရစေ၊ လောကီ ကမ်းခြေမှ လောကုတ္တရာ ကမ်းခြေသို့ မလွတ်မြောက်မီ စပ်ကြား စကြဝတေးမင်း၊ သီရိဓမ္မာ သောကမင်းကြီးတို့လို ဘုန်းသမ္ဘာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်၊ တရားထူး တရားမြတ် ကျင့်ကြံအားထုတ်နိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ရပါစေ ဘိုးဘိုး။
ဘိုးဘိုးတို့ ပါရမီလဲ မှန်လှပါ၊ ဖြည့်နိုင်တဲ့ ကျေးတော်မျိုး ကျွန်တော်မျိုး ဖြစ်ပါရစေ၊ ဘုန်းရိပ်ကံရိပ် ခိုလှုံသော တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေသားသမီးမှမကျန် ခုနှစ်နေ့ ခုနှစ်နံ ခုနှစ်ရက် သားသမီး အပေါင်းလဲ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ရှေ့လာမည့် နှစ်တိုင်း နှစ်တိုင်းမှာ သာယာမှုနဲ့ သာသနာပြုပြီး ဘိုးဘိုးတို့ ပါရမီကိုဖြည့်နိုင်ပါရစေ၊ ဘိုးဘိုးတို့သိတော်မူတဲ့ အတိုင်းပါ ဘုရာ့၊ အရက်လဲ မသောက်ပါဘူး၊ သူများသားမယားလဲ မဖျက်ဆီး ပါဘူး၊ မတရား အရက်တိုက်ပြီးတော့လည်း မတောင်းပါဘူး။ ကျေးတော်မျိုး ကျွန်တော်မျိုး အာဏာစက်ပေးပါ၊ အာဏာနီ လျှာနုနီပေးတော်မူပါ ဘုရား။
ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းရှင်းရှင်း ရှိလှတဲ့ ရှိခိုးကန်တော့ ဆုတောင်းသံဟာ နန်းကြီးနဲ့ မနီးမဝေး အိမ်ခြံဝင်းတစ်ခုထဲက နှစ်ထပ်အိမ်ပေါ်ကနေ ထွက်ပေါ်လာတယ်။ နှစ်ထပ်အိမ်ပေါ်ရဲ့ အိမ်ရှေ့ခန်းတစ်ခုလုံးကို ကတ္တီပါအနားကွပ် သင်ဖြူးအသစ်ကြီးတွေ အပြည့်ခင်းထားတယ်။ အိမ်ဦးခန်းမှာတော့ အနီရောင်ကော်ဇော တစ်ချပ်ကို ထပ်ခင်းထားတဲ့ပြင် ကော်ဇောရှေ့က စင်မြင့်လေး သုံးဆင့်ပေါ်မှာတော့ ယိုးဒယားမုန့်ပုံး မျိုးစုံ၊ နိုင်ငံခြားမုန့်ထုပ်မျိုးစုံ၊ သစ်သီးမျိုးစုံနဲ့ ဗောင်းတော်ပဝါတွေ၊ အဖိုးတန် ပုဆိုးအုပ်တွေကို စီစီရီရီ တင်ထားတယ်။
အပေါ်ဆုံးစင်မြင့်ရဲ့ အလယ်ကောင်မှာ ရွှေရောင်ကနုတ်ပန်းတွေ စီခြယ်မွမ်းမံထားတဲ့ ရွှေကလပ်ပေါ်က ကန်တော့ခံ ‘ဗောင်း’ ကြီးကလွဲရင် နတ်ပုံတော် ဆိုလို့ တစ်ခုတလေမှ မရှိဘူး။
စင်မြင့်သုံးဆင့်ရဲ့ အပေါ်ဘက်မှာတော့ မီးရောင်စုံထွန်းညှိပူဇော်ထားပြီး သစ္စာပန်းတွေ ဝေဆာနေတဲ့ ဘုရားဆောင်ရှိတယ်။ အသက်ငါးဆယ်ကျော်၊ ခန္ဓာကိုယ်မပိန်မဝ သွယ်လျလျနဲ့ အသားဖြူဖြူ မိတ်ကပ်လေးစစ လိမ်းကျံထားပြီး ကော်ဇောနီပေါ်မှာ ချောမောလှပခံ့ညားစွာလက်အုပ်ချီထားသူဟာ တခြား ဟုတ်ပါရိုးလား။
နတ်နေကြီး၊ နတ်ဝါကြီး၊ နတ်လူကြီးဘွဲ့ဖြစ်တဲ့ ‘ဗောင်း’ ရထားတဲ့ ဗောင်းဆောင်းကြီး ဦးဘစီ(ခေါ် ) နာမည်ကျော် ဒေစီဂျိန်းပဲပေါ့။
လက်အုပ်ချီ မျက်စိမှိတ်ထားရာကနေ မျက်လုံး ဖွင့်လိုက်တာနဲ့ သင်ဖြူးတွေပေါ်မှာ ဒူးလေးတွေတုပ်ပြီး ကျုံ့ကျုံ့လေးတွေ ရှိနေကြတဲ့ ဒေစီဂျိန်း ရဲ့နတ်တပည့်၊ နတ်သားသမီး နတ်ချစ်သူတွေကို တွေ့လိုက်ရတော့တယ်။
ဒေစီဂျိန်းက ဖော်ဖော်ရွေရွေ ပြုံးလိုက်တယ်။
‘သြော်… ရောက်ကြပလား၊ ရန်ကုန်က ဘယ်နေ့က ထွက်ခဲ့ကြလဲ၊ ပြောစမ်း ဘယ်တွေသဝေထိုးခဲ့ကြသေးလဲ၊ ညီလာခံအမီတော့ ရောက်တယ်ပေါ့၊ ဟုတ်ကဲ့လား၊ အေး… ရောက်ပေါ့၊ ကန်တော့ကြ ဆုတောင်းကြပေါ့ ၊ တောင်းကြရဲ့မဟုတ်လား၊ ဒီကလဲ အားလုံး ခုနှစ်ရက်သားသမီးအတွက် တောင်းလိုက်ပါ ပြီ။ ခုနက ကြားလိုက်ကြသေးလား၊ ကဲ… လာရှေ့တိုး ဒါက ဘာတုန်း’
ဒေစီဂျိန်းက ရှေ့တိုးလာတဲ့ အမျိုးသမီးကြီး လက်ထဲက စက္ကူအိတ်ကို လှမ်းယူလိုက်တယ်။
‘သြော်… ဗောင်းတော်ပေါ့၊ အေး… ဗောင်းပဝါ ဆက်တဲ့ အကျိုးကြောင့် ကောင်းတာဘက်ကိုဒီနေ့က စတိုးပြီး ရောက်ရစေမယ်ဟေ့၊ ကဲ… ကျေနပ်ပလား’
‘အင်္ဂါသမီးလေး ဆယ်တန်းနှစ်ချင်းပေါက်ဂုဏ်ထူးတွေနဲ့ အောင်ဖို့ ဆုတောင်းပေးပါ ဦး’
‘ကဲ… အင်္ဂါသမီးလေး ဘုရား’
ဗောင်းပဝါကို နဖူးထိပ်မှာ ကပ်ရင်း ဒေစီဂျိန်း တတွတ်တွတ်ရွတ်တာကို အမျိုးသမီးကြီးက လက်အုပ်ချီရင်းမျက်လုံးတွေ မှိတ်ထားတယ်။ တစ်ကိုယ်လုံးက အရောင်တလက်လက်ထွက်နေတဲ့ အမျိုးသမီးကြီးလိုပဲ တောက်ပဝင်းလက်နေကြတဲ့ တခြား ရန်ကုန်သူ အမျိုးသမီးကြီးတွေ ကလည်း ဒေစီဂျိန်းကို ပိုက်ဆံအရွက်ကြီးတွေ ဆက်ကြတယ်။
‘မှန်လှပါဘုရား၊ ကျွေးလိုက်ပါ၊ မွေးလိုက်ပါ ဘုရား၊ ဆင်လိုက်ပါ၊ ပြင်လိုက်ပါ ဘုရား၊ သားတွေ သမီးတွေကို ဝအောင်လည်းကျွေးလိုက်ပါ၊ လှအောင်လဲ ဆင်လိုက်ပါ ဘုရား၊ စီးပွားလဘ်လာဘများလဲ ဒီရေအလား တိုးလို့ နှစ်စဉ်နှစ်တိုင်းလဲ အခစားဝင်နိုင်အောင် ခေါ်တော်မူပါ ဘုရား၊ သွားလမ်း လာလမ်း ပြန်လမ်း၊ ခလုပ်မထိ ဆူးမငြိ၊ ဘေးရန် ကင်းအောင်စောင့်ရှောက်တော်မူပါ ဘုရား’
ဆုတောင်းပြီးတာနဲ့ နဖူးမှာ ကပ်ထားတဲ့ ပိုက်ဆံတွေကို ဒေစီဂျိန်းက စင်မြင့်ပေါ်က ဗောင်းတော်မှာ သွားညှပ်တယ်။
‘ကဲ… ကဲ… ဒီမှာကြည့်ကြဦး၊ သာဓုခေါ်ကြဦး၊ ဟောဒီဗောင်းတော်ထိပ်က ရွှေဖူးနဲ့ ဒီကလက်ပတ်ကြိုးရယ်၊ လက်စွပ်ရယ်၊ ဆွဲကြိုးရယ် အားလုံး နှစ်ကျပ်သားကျော်တယ်၊ ပွဲပြီးရင် ကိုယ်တော်တို့ရည်စူးပြီး မဟာမြတ်မုနိမှာလှူမယ်၊ နတ်သားသမီးတွေအားလုံးရဲ့ ကုသိုလ်လဲ ပါတယ်၊ သာဓုခေါ်ကြ၊ အမျှ… အမျှ… အမျှ…’
‘သာဓု… သာဓု… သာဓု… သာဓု’
‘ကဲ… ထမင်းစားပြီးခဲ့ကြပလား၊ မစားရသေးရင် အားမနာနဲ့၊ အောက်ထပ်မှာ သွားစားချည်ကြ၊ ဒီနေ့ ဘာဟင်းပါလိမ့်၊ ဟင်းကတော့ အများစားပေါ့၊ ဟဲ့… အဖုံကြီးရေ ဧည့်သည်တွေ ထမင်းစားလိမ့်မယ်ဟေ့၊ သွား… သွား ဘာမှအားမနာနေနဲ့ သွားစားကြ’
‘နေပါဦး… ဒေစီဂျိန်းရဲ့၊ သားတော်မောင် သင်္ဘောလိုက်ဖို့ ရမရ သိချင်သေးတယ်’
‘ဟုတ်တယ်၊ အိမ်ကလူ အပြောင်းအရွှေ့လေးများလဲ ဟောချက်ချစမ်းပါဦး’
‘ကဲ… ကဲ… ကဲ… အားလုံးအောင်စေ၊ အားလုံးဖြစ်စေ၊ ဟုတ်ရဲ့လား၊ အမယ်လေး ဒီကတစ်ခါတည်း ဆုတောင်းပြီးသား၊ မေတ္တာပို့ပြီးသား၊ ဘာမှမပူနဲ့၊ စိတ်ချ၊ သွား… သွား ထမင်းသွားစားချည်’
အရောင်လက်လက် မိန်းမအုပ်စု အောက်ဆင်းသွားတာနဲ့ ဒေစီဂျိန်းက ရင်ဘက်ကို လက်နဲ့ဖိပြီး ဟင်းခနဲ နေအောင် သက်ပြင်းကိုချတယ်။ ပြီးတော့ ရေနွေးပန်းထဲက ရေနွေးတစ်ခွက်ကို မော့သောက်ချလိုက်ပြီး ကော်ဇောပေါ်က ကြိမ်ခေါင်းအုံးလေးပေါ်မှာ လှဲချလိုက်တယ်။
မောတယ်… မောတယ်၊ အဟုတ်ပဲ၊ သနပ်ခါး ပန်းမန်လိမ်း၊ အဝတ်လေး ကျော့ကျော့ဝတ်ထိုင်ပြီး စကားပြောနေရတာများ မောသေးလားလို့ ဘေးကထင်ကြမယ်။ အမယ်လေး… စကားပြောရတာများ မမောဘူးမထင်နဲ့၊ စဉ်းစားကြည့်။ မနက်လင်းပါပြီ ဆိုကတည်းက ပြောလိုက်ရတဲ့စကား ပူးလိုက်ရတဲ့နတ်၊ နတ်ပေါင်းစုံဝင်ပြီး ပြောလိုက်ရတဲ့စကားတွေ အမြုပ်တစ်စီစီတောင် ထွက်လောက်တယ်။ ဟဲ့… အဲဒီတော့ ညည်းပိုက်ဆံမရဘူးလား၊ အမြုပ်ထွက်လေ ပိုက်ဆံရလေ မဟုတ်လား ဟဲ့လို့ ပြောကြမယ်။ ရမှန်းသိသားပဲ၊ ပိုက်ဆံရမှန်းသိသားပဲ၊ ဒါပေမယ့် သိတယ် မဟုတ်လား၊ ဒေစီဂျိန်းတဲ့ ကိုယ်မလုပ်ချင်ဘူးဆို လုံးဝ… လုံးဝ မလုပ်ဘူးမှတ်၊ အို… အဟုတ်ပြောတာ၊ မလုပ်ချင်တော့ဘူးဆို ဒေစီဂျိန်းတို့က နတ်ပူးနေရင်းတောင် ဝုန်းဆိုထွက်ပြီး လှဲအိပ်ပစ်လိုက်တာ၊ ဂျိန်းစဘွန်းမအကြောင်း သိတယ်မဟုတ်လား။
ဒါတောင် အသက်ကြီးလာလို့၊ ခုနက ဟာမတွေလိုမျိုး ကိုယ်မောနေပါတယ်ဆိုမှ ဟောပါဦး၊ ပြောပါဦးနဲ့ တညိညိလုပ်နေတာမျိုး ငယ်ငယ်တုန်းကစိတ်ဆိုရင် ဟဲ့… မဟောဘူး၊ ရော့… နင်တို့ပိုက်ဆံတွေ ပြန်ယူကြဟဲ့လို့ အော်လိုက်ပြီးပြီ၊ ငါတောင်ပြုံးပွဲလာတာ ပျော်ချင်လို့လာတာဟဲ့၊ ဟိုဟာဖြစ်ချင်လို့လာတာဟဲ့နဲ့ ကုန်းအော်ပစ်လိုက်တာပဲ။ အေးရော ဒေစီဂျိန်းတို့က ရှင်းရှင်းပဲ၊ ဘွင်းဘွင်းပဲ။ စွာတယ်ပြော ပြောရုံမကလို့ အာတယ်ပြောပြော၊ ပြောချင်ရာပြော၊ ခုနကလိုနတ်မဟောချင်တာနဲ့ ထမင်းအတင်းစားခိုင်းရင်း အချိုသတ်နှင်တာမျိုးတွေ ဘာတွေများ ဟိုတုန်းကလုပ်ပါလိမ့်မယ်ဝေးသေး။ အင်း… ခုတော့ အသက်လေးလဲ ရလာပြီလေ၊ တရားလေးဘာလေးလဲ ထိုင်ဖူးပြီ၊ ဝိပဿနာအကြောင်းလည်းသိပြီ။
ကြော်ချင်လှော်ချင်တဲ့စိတ်တွေလည်း သိပ်မရှိတော့ဘူး။ ကိုယ်တော်တို့ပေးသမျှနဲ့ပဲ့စားမယ်၊ ကိုယ်ကသာ စိတ်ထားမှန်ရင် ဘယ်သူ့ကိုမှ ကြော်နေစရာ လှော်နေစရာ မလိုပါဘူး၊ အလိုလိုဝပါတယ်၊ အလိုလိုရပါတယ်။ ကြော်တယ် လှော်တယ်ဆိုတာ လိမ်တာပဲ။ သြော်… သိတာပေါ့။ နတ်ကတော်ဆိုတာ ငရဲအိုးပတ်ပြေးနေရတဲ့ဘဝ၊ မဟုတ်တာရော၊ ဟုတ်တာရော ပြောဆိုစားသောက်နေရတာ မဟုတ်လား၊ မုသာဝါဒါရော၊ ပါဏာတိပါတာရော ကိုယ်တိုင် မသတ်ပေမယ့် ဟဲ့… ငါးအရှင်က ဘယ်နှစ်ကောင်ဟဲ့၊ ကြက်ဖုံ ကြက်မက ဘယ်နှစ်စုံဟဲ့နဲ့၊ အဲဒါ ပါဏာတိပါတာပေါ့ ၊ မှန်လှပါ ကျေးတော်မျိုး ကျွန်တော်မျိုး ဘိုးဘိုးတို့ကို တိုင်တည်ပြီးပြောဝံ့ပါတယ်။ ဘိုးဘိုးတို့ အရှင်နှစ်ပါးရဲ့ ဘုန်းရိပ်ကံရိပ်ကို အကာအကွယ်ယူပြီး ကျေးတော်မျိုး ကျွန်တော်မျိုးတို့ လုပ်ကိုင် စားသောက်နေတယ်ဆိုတာ ဘိုးဘိုးတို့လည်း သိပါဘုရား။
ဒါကိုပဲ ကျေးတော်မျိုး ကျွန်တော်မျိုးကို နတ်နေကြီး နတ်ဝါကြီး ဖြစ်ပြီး ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတဲ့ နတ်ကတော်မဆိုပြီး အချင်းချင်းက မဲ့ကြရွဲ့ကြတယ်၊ မုန်းကြတယ်၊ အမယ်လေး ဒေစီဂျိန်းတို့က မှန်ရာပြောတာ၊ ပြောတယ်ဟဲ့ ပြောတယ်၊ နတ်နေကြီး နတ်ဝါကြီးဆိုတာ ပိုပြီးတော့တောင် မဟုတ်သောစကား၊ မမှန်သောစကား မပြောရဘူး ဟဲ့လို့။
နားမလည် ပါးမလည် ပြောကြတာက ရှိသေးတယ်။ အရှင်နှစ်ပါးကို ကိုယ်တော်ကြီး၊ ကိုယ်တော်လေး အများခေါ်သလို မခေါ်ဘဲ ဘိုးဘိုးကြီး၊ ဘိုးဘိုးလေး၊ ဘိုးဘိုးကြီး၊ ဘိုးဘိုးလေးနဲ့ ဂျိန်းစဘွန်းမ ထွင်တယ်ပေါ့၊ ကဲတယ်ပေါ့။
မပြောလိုက်ချင်ဘူး၊ ဟဲ့… ပုဂံခေတ်၊ ပုဂံပြည် အနော်ရထာမင်း လက်ထက်မှာ (မှန်လှပါ… ရွှေနားတင်တော်မူပါ) နတ်ဖြစ်တာ ပုဂံခေတ်၊ အင်းဝခေတ်၊ ပင်းယခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်တွေ၊ ခေတ်တွေ ကဲ… ဒီနေ့ခေတ်ထိဆို သက်တော်ဘယ်လောက်ကြီးနေပြီလဲ၊ ဘိုးဘိုးကြီး ဘိုးဘိုးလေး အရွယ်ရောက်ပြီပေါ့ ၊ အသက်ကြီးလို့တောင် ဥပုသ်ဆောင်သွားပါပကော၊ ခု အရှင်နှစ်ပါး ဟိုတုန်းကလို ထန်းရည်အရက်မှ မသောက်တော့တာ။ ဘိလပ်ရည်ပဲ ဆက်ရတော့တာ။
မှတ်ပြီလား၊ သိပြီလား ဂျိန်းစဘွန်းမ ကဲတာ မဟုတ်ဘူး၊ ထွင်တာမဟုတ်ဘူး၊ မိန်းမလျာမချင်းတူတူ တစ်မူးပိုရှူတာ မဟုတ်ဘူး၊ သမိုင်းအချက်အလက်၊ ရာဇဝင်အချက်အလက်လေ့လာထားတာ၊ ကြော်စား လှော်စားတာတောင် ဒေစီဂျိန်းတို့က သမိုင်းနဲ့ ရာဇဝင်နဲ့ ကြော်စား လှော်စားတာဟေ့လို့…။
အမယ်လေး… ပြီးတော့ လာသေးတယ်၊ နတ်ကတော်ကြီးတဲ့၊ ဗောင်းဆောင်းတဲ့တော်၊ နတ်ပုံဆိုလို့ တစ်ပုံမှပမရှိဘူး၊ ဒါ နတ်ရိုသေတာလား၊ ဒါ နတ်ကတော်ကြီးလား၊ ဒါ… ဗောင်းဆောင်းလားနဲ့၊ အို… စုံလို့ စုံလို့၊ ပြောလိုက်တယ်၊ ‘ဟေ့… ပုံတော်မလိုဘူး၊ ဂုဏ်တော်ပဲ လိုတယ်ဟေ့’ လို့။
ရှိပေါင် ထားပေါင်၊ ပုံတော်တစ်ပုံမှ မရှိပေါင်၊ စိတ်သာ ရှင်စော ဘုရားဟော၊ မင်းနှစ်ပါးရဲ့ ဂုဏ်တော်၊ သုံးဆယ့်ခုနှစ်မင်းနတ်ရဲ့ ဂုဏ်တော်သာ အဓိက၊ ကိုယ့်ရင်ထဲမှာ စိတ်ထဲမှာ ဂုဏ်တော် ရှိနေဖို့အရေးကြီးတယ်။
ဟောဒီမှာ ထားတယ်လေ၊ မင်းမဟာဂီရိ အိမ်တွင်းဗောင်းကြီး၊ ရှေးကဗောင်း၊ မင်းတုန်းမင်း ကိုယ်တော်တိုင် ချီးမြှင့်ခဲ့တဲ့ဗောင်း၊ ရှားရှားပါးပါး ရထားတာ၊ ရှေးကယွန်းနဲ့ သစ်စေး သရိုးတွေဘာတွေ ကိုင်ပြီး ရွှေချ ကျောက်ရတနာတွေ စီချယ်ထားတာ၊ ကိုယ်နဲ့ထိုက်လို့ရတာပေါ့၊ အိမ်တွင်းဗောင်း၊ အိမ်းတွင်းဗောင်းနဲ့သာ ဗောင်းတွေပေးနေတာ၊ အဆောင်အယောင်က ကိုယ့်ဘာသာ ကိုယ်လုပ်ပြီး ဆောင်းကြရတာ၊ ခုခေတ် ရွှေချည်ထိုး ငွေချည်ထိုးတွေမှာ အပ်ပြီးဆောင်းကြရတာ။
ဒီဗောင်းအစစ်ကြီးက ဘယ်မှာ ရောက်နေတုန်းဆိုတော့၊ လူမိုက် လမ်းမတော် ဖိုးတုတ် မိန်းမဆီမှာ ရောက်နေတာ၊ သူကလည်း နတ်ဆက်ကိုး၊ ဒါနဲ့ ကိုယ်နဲ့ထိုက်တော့ ကိုယ်ဗောင်းရပြီး မကြာခင် အဲဒီဗောင်းကြီးကို ကိုယ့်လာရောင်းတယ်လေ၊ ကိုယ်ကတော့ သိပ်နားမလည်ပါဘူး၊ ဟဲ့… ဘာကိစ္စ ဝယ်ရမှာလဲ၊ ဒီမှာလဲ ရွှေချည်ထိုး ငွေချည်ထိုးတွေနဲ့ ဒစ္စကိုဗောင်းက လုပ်ပြီးနေပြီ၊ ပိုက်ဆံကုန်အောင် မဝယ်ပါဘူးပေါ့၊ အဲဒါကို နားလည်တဲ့ မိတ်ဆွေတွေက ဝယ်လိုက်တဲ့ ရှေးဟောင်းပစ္စည်းတဲ့၊ နောင်နှစ်ကြာလာလေ တန်ဖိုးရှိလေတဲ့၊ ဒါနဲ့ ဝယ်လိုက်တာ၊ ကိုယ့်ဆီရောက်မှ ရွှေတွေပြန်ချ၊ ကျောက်ပြုပ်နေတဲ့ နေရာတွေ ကျောက်တွေပြန်ထည့်၊ (အစစ်တွေကို ပြန်ထည့်တာ) ပြီးတော့ သုံးချောင်းထောက် ရွှေကလပ်တွေဘာတွေလုပ်ပြီး တင်ထားလိုက်တယ်၊ ‘ကန်တော့ခံဗောင်း’ အဖြစ်ထားလိုက်တယ်။
ဟို… ဒစ္စကိုဗောင်းကတော့ ‘ကဗောင်း’ ပေါ့။ ကတဲ့အချိန်မှာ ဆောင်းပြီး ကလိုက်တယ်။
ဒါပဲ အဲဒီဗောင်းပဲ၊ ကိုယ့်နတ်စင်ပေါ်မှာရှိတယ်။ ပြီးပြီ ဘာပုံတော်မှမရှိဘူး။ ပုံတော် မရှိသကိုးရယ်လို့လည်း ဒေစီဂျိန်းမှာ နတ်တပည့် နတ်သားသမီး နည်းမသွားပေါင်။ တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးတော့တောင် တိုးလာသေး၊ သြော်… ကိုယ်က ဂုဏ်တော် ရှိတာကိုး။
အေးရော၊ အဲဒီတော့ ဒေစီဂျိန်းတို့ ဘယ်သွားသွား၊ ဘယ်လာလာ၊ ပူတာအို သွားမလား၊ အင်ဂလန် သွားမလား၊ တောင်ပြုံးလာမလား၊ ရတနာဂူ လာမလား၊ ဟော… လွတ်လွတ်လပ်လပ်၊ တောင်းတွေ ပလုံးတွေနဲ့ ပုံတော်တွေ ထိုးထိုးထောင်ထောင် ကိုးရိုးကားယားနဲ့ သွားစရာ မလိုတော့ဘူး။ ဗောင်းအတွက် နိုင်ငံခြား သေတ္တာတစ်လုံး ဝယ်ထားလိုက်တယ်။
ဒါသယ်ရုံနဲ့ပဲ ပြီးပြီ။ ကနားပွဲတွေ တစ်ပြည်လုံး လှည့်ကတော့လည်း ကနားမှာ ပုံတော်မပါပေါင်။ နတ်စင်ပေါ်မှာ ကန်တော့ပွဲတွေပဲ တန်းစီးပြီး သူ့နေရာနဲ့သူ ထိုးလိုက်တာပဲ။
အဲ… ကိုယ့်မယ် သွားရင်း လာရင်း သယ်ရတာများတာက အဝတ်အစား သေတ္တာလေ၊ အမယ်လေး… အလှအပကတော့ ဒီက ကြိုက်တယ်၊ လှချင်တယ်၊ အဖိုးတန်ပေ့၊ ကောင်းပေ့ ဆိုတာမှ ဒီကဝတ်တာ၊ တိုင်မသိမ်း ဝတ်စုံတွေများ အပျံစားတွေ၊ နိုင်ငံကျော်ဆိုတဲ့ အငြိမ့်မင်းသမီးတွေမှာတောင် မရှိပါဘူး၊ ဒေစီဂျိန်းတို့က ထဘီမှာ ပတ္တမြားတောင် စီတာ၊ သိပြီလား၊ မိုးကုတ်ပတ္တမြား အဖြုံးလေးတွေက ဟိုတုန်းက ဘာမှမပေးရဘူး။ ထဘီကို ပတ္တမြားစီတယ်၊ ပုလဲစီတယ်၊ နီလာစီတယ်။
သြော်… တောင်ပြုံးပွဲစလာတာကိုက ဝတ်ချင် စားချင်လို့လာတာပါဆိုမှ ကိုယ်က ခြောက်သာခြောက်ပေမယ့် ကိုယ့်နယ်မှာဆိုတော့ မိန်းမလို ဖြီးလိမ်းဝတ်စားနေလို့ဖြစ်မလား၊ မိန်းမရှာပေမယ့် ယောက်ကျပုံ(ယောက်ျားပုံ) နဲ့ နေရတာကို ဟဲ့… တောင်ပြုံးပွဲကျ မိန်းမလျာတွေ ဖြီးလိမ်းဝတ်စားပြီး ကြိုက်သလိုနေကြတာတဲ့၊ ပျော်စရာ သိပ်ကောင်းတာတဲ့ ဆိုပြီး သတင်းကြားတော့ သွားချင်တယ်ပေါ့။ မိန်းမပုံလိုဝတ်စားပြီး လွတ်လွတ်လပ်လပ် ပျော်ချင်တာကိုး။ ဘာနတ်မှလည်း မသိဘူး၊ နတ်ကတော်လည်း မဖြစ်သေးဘူး။ မိန်းမသွေးတွေဝင်ပြီး အပျိုသွေးတွေကြွပြီး ဝတ်ချင် စားချင်၊ ဆိုချင် ကချင်၊ ပျော်ချင် ပါးချင်နေတော့တာပဲ။ လင်ကလည်း လိုချင်သလားမမေးနဲ့၊ ဟိုကောင်လေးမြင်လည်း ကြိုက်၊ ဒီကောင်လေး မြင်လည်းကြိုက်၊ တွေ့သမျှ အကုန်ကြိုက်ချည်းနေတာပဲ။
အမယ်လေး… ပြောလို့ ပြောတာ မဟုတ်ဘူး၊ ကိုယ့်ကိုလည်း မြင်ရင် မကြိုက်တဲ့သူ မရှိပါဘူးနော်။ ငယ်ငယ်ကများ စန်းထသလား မမေးနဲ့၊ မြင်တာနဲ့ မိတ်ဆက်တဲ့သူနဲ့၊ စကားလိုက်ပြောတဲ့သူနဲ့။
တောင်ပြုံးကို ပထမဆုံးလိုက်လာတဲ့ အခေါက် မှတ်မိသေးတယ်၊ ရန်ကုန်ဘူတာကြီးထဲမှာ နတ်ကတော် မိန်းမလျှာမ အသိတွေနဲ့ လိုက်လာတာပေါ့။ နတ်ကတော်တွေက သူတို့ပုံတော်တောင်းတွေ ဘာတွေနဲ့ရှုပ်ရှက်ခတ်နေတုန်း ကိုယ်က အဝတ်အစားအိတ် လက်ကဆွဲပြီး ဘူတာထဲမှာလမ်းသလားနေတာ၊ ယောက်ျားပုံတော့ ယောက်ျားပုံနဲ့ပေါ့ ၊ ကတ္တီပါ လောင်းကွပ်အစိမ်း အရှည်ကြီးနဲ့၊ အဲဒီတုန်းက ဆံပင်ကအရှည်၊ သျှောင်ထုံးနဲ့၊ မိတ်ကပ်က လိမ်းထားသေးတယ်။
နှစ်ခေါက်လည်း ဘူတာထဲ လမ်းသလားပြီးရော၊ လူတစ်ယောက် ကပ်လာတယ်။ ‘ဘယ်ဇာတ်မှာကတဲ့ မင်းသားလဲ’ တဲ့။ အလို… ဒုက္ခပေါ့။ ဇာတ်ထောင်ဆရာလားလဲ မသိပါဘူး။ အဲဒီလူက တစ်ခါတည်းက ပါပြီး မွန်ပြည်နယ်ကို လိုက်ခဲ့ပါတဲ့။ ဇာတ်မင်းသား၊ ခေါင်းဆောင်မင်းသား တင်မယ်တဲ့။ အမယ်လေး… ညကြေးတွေ ဘယ်ရွေ့ ဘယ်လောက် ပေးပါ့မယ်တွေ ပြောကုန်ပြီ။ အမယ်… ကိုယ်ကလည်း ခပ်တည်တည်နဲ့ မင်းသားဟန်နဲ့ ဂိုက်ပေးလို့ ကောင်းနေတုန်း ဗြုန်းဆိုပြီး ဟိုမိန်းမလျှာတွေ ရောက်လာပြီး ‘ဟဲ့… ကောင်မလာဟဲ့၊ ဘာလုပ်နေတာလဲ၊ ရထားထွက်တော့မယ်ဟဲ့’နဲ့ အော်ကြ၊ ဖေတိုင်တုပ်ကြနဲ့ လုပ်ချလိုက်တော့ ဟိုလူမှာ ပါးစပ် အဟောင်းသား၊ ကိုယ့်မှာလည်း ပေါ်မဟဲ့ ဆိုပြီး ပြေးလိုက်ရတာလေ။
အဲဒီတုန်းက ရထားပေါ်မှာလည်း ပျော်လိုက်တာ။ အော်လိုက် ဟစ်လိုက်၊ ကလိုက်၊ စားလိုက် သောက်လိုက်၊ ဘူတာစဉ် တွေ့တာ အကုန်ဝယ်စား၊ ဈေးကလည်း ပေါလိုက်တာ၊ ရန်ကုန်-မန္တလေး ရထားကမှ ခုနှစ်ကျပ် တစ်မတ်ရယ်။
မန္တလေးက တောင်ပြုံးကူးကြတော့လည်း ဟိုတုန်းက ရွှေတစ်ချောင်းထဲကနေ လှေနဲ့လည်း သွားလို့ရတာကိုး။
ရွှေတစ်ချောင်းထဲမှာ လှေနဲ့သွားရတာ သိပ်ပျော်စရာကောင်းတာ။ လှေချင်း လှေချင်း လှမ်းပြီး နောက်ကြ၊ ပြောင်ကြ၊ နှုတ်ဆက်ကြ။ ယောက္ခမကြီးရေ၊ မိန်းမရေ၊ ယောက်ဖရေနဲ့။ တချို့လည်း စတာကြမ်းတယ်။ အမူးသမားတွေလည်း ပါတာကိုး။ အို… ကိုယ်ကတော့ ကြမ်းလေ… ကြိုက်လေ… သူငယ်တွေက မိန်းမရေဆို မောင်ရေ ဆိုပြီး သဘောတွေကို ခွေ့လို့။ ‘ဟဲ့… မ’ ဆိုလို့ကတော့ မအေ၊ နှမ မိုးမွှန်သွားပြီသာ မှတ်တော့။
တောင်ပြုံး ရောက်ပြန်တော့လည်း ပျော်တာ… ပျော်တာထိန်းမရဘူး။ အထက်အောက် အနီရဲဆင်တူနဲ့၊ စကပ် ပဝါ ကလည်း အနီရဲကြီး ခေါင်းစည်းပြီး လက်ဖက်ရည်ဆိုင်မှာထိုင်၊ သူငယ်တွေက တရုန်းရုန်း၊ ဟိုလူကဆွဲ၊ ဒီလူကဆွဲ၊ ဟိုမှာက မိန်းမလျှာတွေများတာကိုး။ တစ်ခါတည်း မိန်းမ တွေလို ဝတ်စားပြီး သွားလာနေကြတာ၊ လွတ်လပ်ရေးတွေကိုရလို့။ အို… ဘာရမလဲ၊ လင်းတာနဲ့ ဝတ်စားဖြီးလိမ်းပြီး ထွက်၊ နန်းကြီးပေါ်တက်၊ ‘သံတံခါးရိုးရာ’ သွားခုန်တာပဲ။
နန်းကြီးရဲ… ပိတ်ထားတဲ့ သံတခါး ရှေ့မှာ သွားကကြတာကို ‘သံတံခါးရိုးရာ’ ကတယ်လို့ခေါ်ကြတာ။ ညီလာခံ ပြီးတာနဲ့ သံတံခါး ဆွဲပိတ်ပြီး အရပ်က သံတံခါးရှေ့မှာ သံတံခါးရိုးရာ ကကြရတဲ့ အစဉ်အလာက ရှေးကတည်းက ရှိခဲ့တာ။ နန်းကြီးဆိုင်းက တီးပေးတယ်။ ပိုက်ဆံပေးရတာပေါ့ ၊ ဟိုတုန်းကတော့ တစ်မတ်ဖိုး တီးပါဦး၊ ငါးမူးဖိုး တီးပါဦးပေါ့၊ ရွှေဒင်္ဂါတစ်ပြား ဆယ့်နှစ်ကျပ် ခေတ်မှာ နှစ်ကျပ်ဖိုးလောက် တီးခိုင်းတဲ့လူဟာ အများဆုံးငွေနှစ်ကျပ်က ပဒုမ္မာတစ်အုပ်၊ ဆီတစ်ပုံး ရတာကိုး။ ခုတော့ အနည်းဆုံးဟာ လေးဆယ်ငါးကျပ်ဖိုး ကိုးဆယ်ဖိုးပေါ့။
သံတံခါးရှေ့မှာ ခုန်နေကြတဲ့ လူအုပ်ကြီးက နည်းတာမဟုတ်ဘူး။ သံတံခါးရိုးရာကို သူငယ်တွေနဲ့ ရောနှောခုန်၊ ကိုယ့်ကိုမဟုတ်တာပြောရင် ရန်ဖြစ်၊ ဆဲဆိုပြီး၊ လက်ကလည်း ဂိုး၊ ဂွမ်းဆို ပါပြီးသား၊ လုပ်ချလိုက်တာပဲ။ ပြီးရင် ညကျ အင်္ကျီ အဝတ်အစား တစ်ခါလဲ၊ တစ်ခါထွက်၊ သွားခုန်၊ ဟိုလိုက်သွား၊ ဒီလိုက်သွား၊ ပျော်နေတာပဲ တစ်ညလုံး။
နောက်နှစ်ကျတော့ မိန်းမလျာတွေ တောင်ပြုံးပွဲမှာ ဖမ်းပါလေရော၊ မိန်းမလျာ တွေ့တာနဲ့ဖမ်း၊ ရဲတွေ ခြေချင်းလိမ်လို့ပေါ့။ မိန်းမလျာ ဖြစ်ပေမယ့် ယောက်ျားပုံ ဆိုရင်တော့ မဖမ်းဘူး၊ ယောက်ျားလို ကျားကျား လျားလျား ပုံဆောင်ထားရင်တော့ မဖမ်းဘူး။ ယောက်ျားလိုဝတ်ပြီး နွဲ့နေရင်ကတော့ လာခဲ့… သွား အချုပ်ထဲ။
မိန်းမလျာတွေ ဖမ်းကုန်ပြီး၊ ဖမ်းကုန်ပြီဆိုတော့ ကိုယ်နေတဲ့ ကနားက နတ်ကတော်မကြီးတွေက ဟဲ့… အပြင်မထွက်နဲ့၊ ကိုယ့်ကနားမှာ ကိုယ်နေ ဖမ်းခံရလိမ့်မယ်၊ နင်ကလဲ ဆတ်ဆလူး ထနေတာနဲ့တော့ ဖမ်းခံရလိမ့်မယ် ဆိုတော့ မထွက်ရဘူး၊ စိတ်ကညစ်ပြီ၊ ထွက်က ထွက်ချင်၊ လျှမ်းက လျှမ်းချင်နဲ့၊ ဘယ်နှယ့်လုပ်ရပါ့ မတုန်းပေါ့၊ မနေနိုင်ဘူး ယောက်ျားပုံနဲ့လဲ မထွက်ချင်ဘူး၊ အဲသည်တော့ ဟဲ့ ထွက်တယ်ဟဲ့၊ လာခဲ့ဆိုပြီး အောက်က ပုဆိုးတစ်ထည် ခံဝတ်ပြီး အပေါ်က မိန်းမပုံပဲ ဝတ်စား၊ အဲ… မိတ်ကပ်တော့ ပါးပါးပဲ လိမ်းပြီး ထွက်တာပေါ့။
ထွက်တော့ ရဲက နန်းကြီးနားကနေ စောင့်နေတယ်၊ မြင်တော့ လှမ်းပြောတယ်၊ နန်းကြီးပေါ် သာမလာနဲ့ နန်းတစ်ဝိုက်မှာတော့ နေချင်နေတဲ့၊ သဘောကောင်းရှာပါတယ်။ ဒါပေမယ့် ကိုယ်က နန်းကြီးပေါ်တက်ချင်တာ၊ နန်းကြီးပေါ်မှာမှ ကဲချင်တာ၊ ဘာရမလဲ တစ်ခါတည်း ရဲအလစ်မှာ နန်းကြီးပေါ်တက်သွားပြီးကဲတာပေါ့။ ခဏနေတော့ ရဲကမြင်ရော၊ မြင်တာနဲ့ ဒေါသတကြီး ကိုယ့်ဆီလာတာ၊ ဖမ်းမလို့ ဒီလိုဘယ်ရမလဲ ဗြတ်ဆို တစ်ခါတည်း ထဘီချွတ်ချပြီး ကပျာကယာခေါက် ချိုင်းကြားညှပ်၊ အောက်ကခံလာတဲ့ပုဆိုးကို ပြင်ဝတ်ခဲ့ပြီး ဘေးက သူငယ်ချင်းတစ်ယောက်ကို ‘ဟဲ့… နင့်တိုက်ပုံ မြန်မြန်ချွတ်စမ်းငါ့ခဏပေး ပြီးတော့လိုက်ယူ’ ဆိုပြီး တိုက်ပုံထပ်ဝတ်ပြီး ယောက်ျားပုံလုပ်လိုက်တာပေါ့။ ပြီးတော့ ရှေ့ကနေ ခပ်တည်တည်ဖြတ်ပြီးတော့ ထွက်လာခဲ့တာ။ ရဲတွေနဲ့ကိုယ်နဲ့ လိုက်တမ်းပြေးတမ်း ကစားရတာကိုပျော်လို့။
နောက်တော့ မိန်းမလျာတွေက မနေနိုင်ကြတော့ ထွက်ကြဲတော့ တော်တော်များများ ဖမ်းမိပြီး အချုပ်ထဲရောက်ကုန်ကျရော။ အဲဒီတော့ အဖော်မရှိတော့ ပျင်းရော၊ ပြီးတော့ ကိုယ်ကအဖမ်းမခံရသေးတော့ မိန်းမလျှာမဟုတ်သလို ဂုဏ်ငယ်သလိုပဲ။
အဲဒါနဲ့ ကိုယ်လဲ အဖမ်းခံရအောင် လိမ္မော်ရောင် အထက်အောက်ဆင်တူဝတ်၊ စကပ်ပဝါလိမ္မော်ရောင်ကြီး ခေါင်းမှာစည်းပြီး မိန်းမလျှာမှန်းသိအောင် ပိုက်ဆံအိပ် လက်ကိုင်ကြိုးကို လက်ညှိုးထိပ်မှာရမ်းပြီး လှည့်ပြီးတော့ကို ထွက်တာ ပါးစပ်ကလည်း အော်လိုက် သေးတယ်။ ဟဲ့… ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်တာဟေ့။ မိန်းမလျှာဟဲ့၊ ဖမ်းဟဲ့နဲ့ ရဲကဖမ်းတာပေါ့၊ ဖမ်းတော့ အချုပ်ထဲရောက်တော့ ကိုယ့်သူငယ်ချင်းတွေနဲ့ တွေ့တာပေါ့၊ ဟိုထဲမှာ တပျော်တပါး တစုတရုံးကြီး။
အဲလိုနဲ့နေတုန်း နောက်ရက်ကျတော့ မိန်းမလျှာတွေကို အာမခံနဲ့ ထုတ်မယ်ဆိုပြီး မိန်းမလျှာ မယ်မြင့်ကြီးဆိုတာ က တိုက်ပုံတွေ ပုဆိုးတွေ ဘာတွေဝတ်ပြီး ယောက်ျားပုံနဲ့ အချုပ်ကိုလာရော။ အမယ် သင်းကများ ယောက်ျားပုံ ဖမ်းလို့၊ မွှေမဟဲ့ဆိုပြီး ‘အဲ… အဲဒီမှာ ခုလာတဲ့ဟာကြီးကလဲ မိန်းမလျှာကြီးပါတော့၊ မယ်မြင့်ကြီး ဆိုတဲ့ မိန်းမလျှာကြီးပါ ဖမ်းပါ’ နဲ့ အော်ချ ပစ်လိုက်တယ်။ ရဲက သူ့လည်း ဖမ်းထား လိုက်ရော။
အို… သူတင်ဘယ်ကမလဲ အကုန်မွှေပစ်တာ၊ ကိုယ်သိသမျှတွေလေ အကုန်လျှောက်ပြောတာ၊ ဘယ်မိန်းမလျှာ ဘယ်သူ ဘယ်ဘုန်းကြီးကျောင်းထဲမှာ ပုန်းနေပါတယ်၊ ဘယ်သူကတော့ ဘယ်အိမ်မှာပါနဲ့ လျှောက်မွှေလိုက်တာ ရှိသမျှမိန်းမလျှာ အကုန်အချုပ်ထဲ ရောက်လာတော့တာပဲ။
အဲသည်ကျတော့မှ အချုပ်ထဲမှာ မိန်းမလျှာတွေ မဆံ့မပြဲဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြ၊ ဆဲကြ၊ ဆိုကြ ငိုကြ၊ ယိုကြတွေ ဖြစ်ကုန်ရော၊ နောက်ဆုံးကျတော့ ရဲတွေလဲ မထိန်းနိုင်တော့ဘူး။ ကဲ… မယ်မင်းကြီးတို့ မငိုကြပါနဲ့၊ မဆူကြပါနဲ့၊ ကိုယ့်အရပ်ကိုယ် အားလုံးပြန်ကြ၊ ဒီပွဲတော်ထဲမှာတော့ မနေရတော့ဘူးဆိုပြီး လွှတ်ပေးလိုက်ရရော။
လွှတ်လိုက်တော့ တော်တော်များများ ကိုယ့်အရပ် ကိုယ်ပြန်ကြတာပေါ့၊ အို… ကိုကတော့ ဝေးသား၊ မပြန်ပေါင် မန္တလေးမှာ ဆက်ပြီး သောင်တင်နေတာပေါ့။ သူငယ်ချင်းနှစ်ယောက် မပြန်ကြဘူး။
တစ်ညကျတော့ မန်းသီတာ ဥယျာဉ်မှာ လူနှစ်ယောက် နဲ့ သွားထိုင်ကြတယ်။ ကိုယ်ကတစ်နေရာ။ သူကတစ်နေရာ မင်္ဂလာ တံတားနားမှာပေါ့။ မှတ်မှတ်ရရ အဲဒီညက သူငယ်ချင်းမနှစ်ယောက် ချိတ်ထဘီ အဖြူလေးတွေနဲ့၊ ဒေါက်ဖိနပ်နဲ့ ဒေလီယာ ပွင့်ကြီးတွေကလည်း တစ်ယောက် တစ်ပွင့်ပန်လို့။
ဥယျာဉ်ထဲမှာ စကားလေးမှ ပြောမလို့ ရှိသေးတော် ရဲကရောက်လာပါလေရော၊ လာခဲ့ဆိုပြီး ဖမ်းလည်း ဖမ်းရော ကိုယ်ကဘယ်ခံမလဲ ရဲကိုလက်သီးတွေနဲ့ထိုး၊ ခြေထောက်တွေနဲ့ကန်ပြီး ထွက်ပြေးတာပေါ့။
ကိုယ်ကတော့ သူငယ်ချင်းမဆီ ပြေးရတာပေါ့ ၊ ဟဲ့… ဒီလိုဒီလိုပဲ၊ ငါတော့ ဒီလိုဖြစ်ခဲ့ပြီလို့ ပြောတုန်းရှိသေး၊ သောက်ကျိုးနည်း ခုန ရဲက နောက်ရောက်လာပါရော ဘာပြောကောင်းမတုန်း တစ်ခါတည်း ဒေါက်ဖိနပ် ကုန်းချွတ်ပြီး ရဲမျက်နှာကို စုံခုန်ရိုက်ပစ်လိုက်ပြီး ကျုံးထဲဝုန်းဆိုခုန်ချ ရေကူးပြေးတာ ဟိုဘက်ကမ်းပေါ်ရောက်တော့ ချိတ်ထဘီလည်း မပါလာတော့ဘူး၊ အတွင်းခံဘောင်းဘီလေးနဲ့တုန်နေတာပဲ၊ ဒေလီယာပွင့်လည်း ပြုတ်ကျ။ ကိုယ်ကလွတ်သွားပေမယ့် သူငယ်ချင်းမ ခမျာတော့ ဖမ်းမိသွားတာပေါ့။ အဲဒီ သတင်းလည်း မိန်းမလျှာလောက သိသွားရော ဟဲ့… ဒီကောင်မ အစွမ်းအစ မသေးဘူး၊ သတ္တိခဲမ၊ လူစွမ်းကောင်းမ၊ ဂျိန်းစဘွန်းမပဲ့ဟဲ့ ဆိုပြီး ဂျိန်းစဘွန်းကလည်း ပေါ်ကာစဆိုတော့ နာမည်ပေးလိုက်ကြတာ ‘ဒေစီဂျိန်း’ လို့။
အဲဒီကစ နဂိုနာမည် ‘ဘစီ’ ပျောက်ပြီး ‘ဒေစီဂျိန်း’ ပဲ့တွင်တော့တာပဲ။ နတ်ဖြစ်တော့လည်း အဲ… နတ်ကတော် ဖြစ်တော့လည်း ဒီနာမည်ကိုပဲ သိကြတော့တာပဲ။
သြော်… နတ်ကလည်း မဖြစ်ချင်လို့ရမလား၊ ဒါလောက် ကချင် ခုန်ချင် ဝတ်ချင် စားချင်နေတဲ့ မိန်းမလျာပဲ။ တောင်ပြုံး ရောက်ကတည်းက နတ်သွေးနတ်စိတ်တွေ ဝင်နေပြီပေါ့။ နတ်ကတော်တွေကနေတာ နတ်ဝင်နေတာ၊ နတ်ပူးနေတာလည်း မမြင်ချင်မှအဆုံး။ အတုခိုးတတ်တာပေါ့။ ဂျိန်းစဘွန်းမဘဲ့ ဘာမဖြစ်စရာရှိသလဲ။
ဘိုးဘိုးကြီး ဘိုးဘိုးလေးတို့က ချစ်ပြီး မြှောက်စားတာလည်း ပါတာပေါ့။ တကယ် နတ်ကလည်း ကိုယ့်ကို ဘာချစ်သလဲ မပြောနဲ့၊ ဘာမြှောက်သလဲမပြောနဲ့။ ‘နတ်ကတော် ဒေစီဂျိန်း’ ဆိုတာ တောင်ပြုံးမှာ အရမ်းနာမည်ကြီး သွားတာ။ ကိုယ့်ဆွေတွေမျိုးတွေ မြှောက်စားတာကလည်းပါတယ်။ ကိုယ့်ဆွေ ကိုယ့်မျိုးတွေက အောက်နယ်တစ်ခွင်မှာ နာမည်ကြီးသူဌေးတွေ။ ဦးလေး အဒေါ် သူဌေးတွေက ဘစီ နတ်ဖြစ်ပြီဆိုတာနဲ့ သူ့တူမှနတ်၊ တခြား နတ်ကတော်တွေ မလာနဲ့၊ မသိဘူး၊ ဘစီမှ နတ်… ဘာမြှောက်သလဲမမေးနဲ့။ လုပ်ဟဲ့၊ ကနားပွဲတွေ၊ ရော့… ဝယ်ဟဲ့ နတ်ဝတ်စုံတွေ အဖိုးတန်တွေဝယ်၊ လက်ဝတ်လက်စားတွေ အစစ်တွေဝတ်၊ အတုမဝတ်နဲ့ ဂုဏ်ငယ်မယ်၊ ဒီလို။
တောင်ပြုံးကိုလည်း တစ်ဆွေလုံး တစ်မျိုးလုံး နှစ်တိုင်း လာကြ၊ သူတို့မွေးတဲ့ ကလေးတွေ ကင်ပွန်းတပ်ပွဲတို့၊ မွေးနေ့ပွဲတို့ကို တောင်ပြုံးကြမှ လုပ်ကြတာ။ တောင်ပြုံးမှာ ဘတ်ဒေးပွဲတွေ ဘာတွေကိုလုပ်တာ။ ရေခဲမုန့်တွေကျွေး၊ ဆပ်တွန့်လိပ်တွေနဲ့။ အဲဒီတုန်းက အဲလိုဟာတွေ ဘယ်သူမှတောင် မမြင်ဖူးသေးဘူး။ ဝိုင်းကြည့်ကြတာ။ အဲဒီလို။
ဆန်ဆိုအိတ်လိုက်၊ ဆီပုံးလိုက်၊ တောင်ပြုံးခုနှစ်ရက်မှာ လာသမျှ ကိုယ့်ဧည့်သည်အကုန်ကျွေး။ ပြီးတော့ ကနားတဲလေးတွေနဲ့ နေရတာ မျက်နှာငယ်တယ်၊ ကျဉ်းတယ်၊ အိမ်သာမရှိ၊ ဘာမရှိ၊ အိပ်လို့နေလို့မကောင်းဘူး၊ ဝယ်လိုက်တောင်ပြုံးမှာ မြေနဲ့အိမ်။ သူတို့က လိုက်ဝယ်ပေးတယ်၊ ရှိမှပြန်ပေး။ ခု ဒီအိမ်နဲ့မြေ ဝယ်တုန်းက ဘာပေးရလို့တုန်း ငါးထောင်ရယ်၊ ရေလောင်းအိမ်သာတွေ၊ မီးဖိုတွေ၊ ရေချိုးခန်းတွေ ဆောက်တာနဲ့မှ ရှစ်ထောင်လောက်ကျတာ။ ခု… တန်နေပြီ။ ဂုဏ်ကလည်း ရှိသလားမမေးနဲ့၊ တောင်ပြုံးမှာ ဒေစီဂျိန်းနန်းက နှစ်ထပ်အိမ်ကြီးပေါ်မှာဟေ့၊ ခြံကြီးထဲမှာ အဲဒီလို။
‘တက်ပွဲ’ ၊ ‘တက်ပွဲ’ ဆိုလည်း ဒေစီဂျိန်းတို့ တက်ပွဲက သူများတွေနဲ့ တူကိုမတူရဘူးမှတ်။ ‘တက်ပွဲ’ ဆိုတာ တောင်ပြုံးမင်းနှစ်ပါးကို ချိုပွဲ၊ ချဉ်ပွဲ၊ ကန်တော့ပွဲနဲ့ တက်ပြီး သိဒ္ဓိတင်တဲ့ပွဲ။ နန်းတက်တဲ့ပွဲ။ နတ်ကတော်တစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံးပွဲ။ နတ်ကတော်ဖြစ်ပြီး တက်ပွဲမရသေးရင် မျက်နှာငယ်တယ်၊ ဂုဏ်ငယ်တယ်။
တက်ပွဲတက်ပြီးမှ မင်းနှစ်ပါးရဲ့ နန်းတော်ကြီး ရွှေတိုက်စာရင်းဝင်ဖြစ်တာ၊ ကိုယ့်ဆိုင်းဘုတ်မှာလည်း တောင်ပြုံးမင်းနှစ်ပါး နန်းတော်ကြီး ရွှေတိုက်စာရင်းဝင် ကနားစီး ဘယ်သူဆိုပြီး ရေးလို့ရတာ။
တက်ပွဲဆိုတာ ဟိုရှေးရှေးတုန်းက မရှိပါဘူး။ နတ်ကတော်တွေ တံခါးရှေ့မှာ သံတံခါးရိုးရာ၊ ဒီလိုပဲကနေတာပဲ။ အဲဒီမှာ နန်းထိန်းတွေက ပိုက်ဆံများများ ကိုင်ကနေတဲ့ နတ်ကတော်တွေကို ‘လာခဲ့ နင်တို့ အဲဒီလို ကမနေနဲ့၊ နန်းထဲမှာ တရားဝင်လာက’ ဆိုပြီး ကခိုင်းရာက ကန်တော်ပွဲတို့၊ ကန်တော့ကြေးတို့၊ စားတော်စာတို့ပါ ပါလာ၊ ကိုယ်တော်တို့ကို ကန်တော့တယ်၊ ကိုယ်တော်တို့ရှေ့မှာ နန်းတက်တယ်ဆိုပြီး တက်ပွဲ၊ တက်ပွဲဖြစ်လာတာ။
ဟိုတုန်းက တက်ပွဲတက်တဲ့ နတ်ကတော်လည်း မများပါဘူး။ တက်ပွဲတစ်ပွဲလည်း ဘာမှ မကုန်ပါဘူး။ တက်ပွဲကြေးတွေ ဘာတွေလည်း မပေးရပါဘူး။
ကန်တော့ပွဲရယ်၊ စားတော်စာရယ်၊ မင်းနှစ်ပါးဥပုသ်ဆောင် မဝင်ခင်တုန်းက ထန်းရည်အိုးလေးပါရတယ် ဒါပဲ။ ဘာကုန်မှာတုန်း ရာဂဏန်းပဲ၊ နှစ်ရာသုံးရာ အရေးကုန်ပေါ့။ အဲဒီတုန်းက ဒေစီဂျိန်းတို့က ထောင်ဂဏန်းကုန်အောင် ချဲ့ပစ်တာ။ စားတော်စာကို သူများလို ဆီထမင်းလေး၊ ငါးကြော်လေး၊ မာလကာသီးလေး၊ နာနတ်သီးလေးနဲ့တင် ဘယ်လုပ်မတုန်း။ ပန်းသီးတွေဝယ်၊ ရန်ကုန်က အော်ဒါ ကိတ်မုန့်အကြီးကြီးတွေလုပ်၊ နိုင်ငံခြားကလာတဲ့ ဂိုးဒင်းပတ်တို့ ဘာတို့တွေနဲ့ အဲလိုလုပ်ပစ်တာ။
တက်ပွဲမှာ ဝတ်တဲ့အဝတ်အစားဆို အဖိုးတန်ပေ့ ဆိုတဲ့ အစကို အော်ဒါမှာ အထူးချုပ်၊ လက်ဝတ်လက်စား စိန်တွေရွှေတွေကိုလည်း ဆွေတွေမျိုးတွေက ညွှတ်နေအောင် ဆင်ပြီး တက်ပွဲသွားတော့ ဘယ်လိုသွားတယ်မှတ်လဲ။ ဘော်ဒီဂတ်နှစ်ယောက် ဘေးက ရံခိုင်းပြီး သွားတာ။ ဘော်ဒီဂတ် နှစ်ယောက်နဲ့ ဒေစီဂျိန်းက ရှေ့က နောက်ကဆွေမျိုးတွေက စီတန်းပြီးလိုက်ကြ ဒီလိုလုပ်တာ။
တက်ပွဲဈေးတွေတက်ပြီး သောင်းဂဏန်းထိ ရောက်ကုန်တော့လည်း ဒေစီဂျိန်း တို့ကတော့ တက်ပွဲဒကာ မရှားပေါင်တော်။ တစ်နှစ် သုံးလေးပွဲကတော့ အေးလို့။ ဆွေတွေ မျိုးတွေက နှစ်တိုင်း တစ်ပွဲတက်ပေးတယ်။ ကျန်တာက ကိုယ့်နတ်သားသမီး တကာပေါ့။ တချို့ဆို တက်ပွဲ တက်ချင်လွန်းလို့ ဒကာရှာရတာ။
အမယ်လေး… ကြော်ရ… လှော်ရတာ ဖတ်ဖတ်ကိုမောလို့။ တက်ပွဲ တက်ရင်၊ တက်ပွဲ ဒကာဖြစ်ရင် ဘယ်လို စီးပွားတက်မှာ၊ ဘယ်လိုအဆင်ပြေမှာ၊ ဘယ်လိုဖြစ်မှာ၊ ဘယ်ညာဖြစ်မှာတွေ စုံလို့… စုံလို့၊ ကြော်ရ လှော်ရတာ။ သြော်… မကြော် မလှော်လို့လည်း ဖြစ်မလား။ ခုခေတ် တက်ပွဲ တစ်ပွဲကုန်ကျစရိတ် နတ်ကတော် တစ်ယောက်အနေနဲ့ ကိုယ့်အိတ်ထဲက ဘယ်စိုက်နိုင်မလဲ။ အနည်းဆုံး တစ်ပွဲ တစ်သောင်းလောက်ကုန်တာ။ ကိုယ်ဝတ်မယ့် အဝတ်အစား၊ စားတော်စာဖိုး၊ ကန်တော့ပွဲဖိုး၊ ပြီးတော့ တက်ပွဲကြေးဆိုတာလည်း ပေးရတယ် အရင်လိုမဟုတ်ဘူး၊ ပုဆိုးအုပ် သုံးအုပ်နဲ့ ပဝါခြောက်ပိုင်လည်း ပါရသေးတယ်။
တက်ပွဲကြေးက အဲ… ဒီနှစ်ဆို ထောင့်နှစ်ရာ ဆိုလား၊ ပုဆိုးသုံးအုပ်ကိုက လေး ငါး ခြောက်ထောင် အနည်းဆုံး ကျပြီ၊ အမျိုးအစားညံ့ ညံ့သလို၊ ကောင်းလည်း ကောင်းသလို ကုန်ပြီ။ ဒီခေတ်မှာ စားတော်စာကလည်း ချဲ့ ချဲ့သလို ကုန်လို့ရတယ်။ နိုင်ငံခြားမုန့်ပုံးခေတ် မဟုတ်လား၊ တစ်ပုံးကို လေးငါးရာ၊ နိုင်ငံခြား ဖျော်ရည် သံဘူးတွေ ကလည်း လှသလောက် ဈေးကြီးကကြီးနဲ့၊ နတ်ကတော်မှာ တစ်နှစ်လုံး ကနားပွဲတွေ ကရင်း တက်ပွဲဒကာကို လင်ပျောက်သလို အရူးအမူး လိုက်ရှာရတာ။ ဒကာတွေ့ပြီ ဆိုတော့မှ ဒီနှစ်အတွက်တော့ စိတ်အေးရပဟဲ့ ဆိုပြီး ရင်ဝက အလုံးကြီးကျတာ။ ခုချိန်ထိ မတက်နိုင်သေးတဲ့ နတ်ကတော် တွေလည်း အပုံပေါ့။ ဒါပေမယ့် သူတို့ရင်ထဲမှာတော့ ရှိတာပေါ့။ နတ်ကတော်တို့ရဲ့ ဘဝ ရည်မှန်းချက်ဟာ အဲဒါပဲ။ တက်ပွဲတက်ရဖို့ပဲ။
ဒေစီဂျိန်းတို့တော့ လာမပြောနဲ့။ ရေကန်အသင့်၊ ကြာအသင့် ဘဝမို့လား မသိပါဘူး။ တက်ပွဲလည်း တက်ပွဲမို့ ဗောင်းလည်း ဗောင်းမို့ ပျာယာခတ်တော့ ဖြစ်ခဲ့ပါဘူး။ တောင်ပြုံးလာတာ ပျော်ချင်လို့ပါဆိုမှ၊ နတ်ကတော်လုပ်တာ တောင်ပြုံးလာရအောင်ဆိုမှ။ သူများနတ်ကတော်တွေ ဗောင်း၊ ဗောင်းဆို လိုချင်ကြလွန်းလို့။ ဟော… ဒေစီဂျိန်းတို့က ဗောင်းပေးတာကို နှစ်နှစ် သုံးနှစ် ပတ်ပြေးနေတာ။ ကိုယ်မှ လူကြီးမလုပ်ချင်ဘဲ လိုချင်ပေါင်ဘူး။ ကိုယ်က ဆိုလိုက် ကလိုက် မဟုတ်က ဟုတ်ကတွေ ပြောလိုက်နဲ့ လွတ်လွတ် လပ်လပ် ပျော်ပျော် ပါးပါး နေချင်တာ၊ ဒီဗောင်းကို နန်းကြီးက အတင်းကိုလိုက်ပေးယူရတာ။ ပြီးရော၊ ဂျိန်းစဘွန်းမကိုတော့ လက်ဖျားခါသလား မမေးနဲ့။
အမှန်မှာဆို ဒီနေ့ ညီလာခံလည်း သွားရမှာ၊ ကိုယ်ကဗောင်းကိုး။ တော်ပြီ… မသွားပါဘူး။ ကိုယ်ကရောက်ရောက်ချင်း လဆန်းခုနှစ်ရက်နေ့ ရောက်ရောက်ချင်း သွားကန်တော့ ပြီးပြီ။ ညီလာခံထဲမှာက အကြာကြီး အဝတ်အစားကြီးတွေ တင်းတင်း ကျပ်ကျပ်နဲ့ ထိုင်နေရတော့ ချွေးတွေ သံတွေ လူတွေနဲ့ မွန်းကျပ်ပြီး ညီလာခံ မပြီးမချင်း နေရတာ။ အဲဒါမျိုး မနေတတ်ဘူး။ အော်ဟစ်ပစ်ချင်လာတာ… ကြာတော့။ အဲဒီတော့ ညီလာခံ မတတ်လို့ ဗောင်းပြန်ယူချင်လည်း ယူကြ၊ ကျုပ်ကတော့ မလာဘူးလို့။
‘ဒေစီဂျိန်း ရှိလား၊ အပေါ်မှာလား’
ဟော… ဧည့်သည်က လာပြန်ပြီ၊ ခုမှ မှေးမှေး မှေးမှေး ဖြစ်မလို့ ရှိသေး။ ဒေစီဂျိန်းက လှဲနေရာက လူးလဲ ထပြီး မျက်လုံးတွေကို ပွတ်လိုက်တယ်။ စင်ပေါ်က မျက်မှန် ကောက်တပ်ပြီး ရေနွေးတစ်ခွက်နဲ့ ပလုပ်ကျင်းတယ်။ ပုဆိုးကို ထဘီလို ဖိုသီဖတ်သီဝတ်ရင်း ဝရန်တာကနေ ရေနွေးတွေ သွားထွေးတယ်။
‘ဒေစီဂျိန်းရေ…’
‘ဟော… မခင်အေး၊ လာ… လာ၊ ဘယ်တုန်းကရောက်လဲ၊ ဘယ်မလဲ ကျုပ်ဖို့ ပုစွန်ချဉ်ထုပ်’
‘ပါပါတယ်တော်… မပြောနဲ့တော့၊ မနေ့က ရောက်ဖို့ရာလေ၊ ရထားလက်မှတ်ကြောင့်၊ ဒီနေ့ ညီလာခံတောင် မမီဘူး၊ မန္တလေးမှာ ခဏ နားနေရသေးတာပေါ့ ၊ ည ကိုးနာရီ ရထားကြီး စီးလာရတာ ပင်ပန်းလိုက်တာ ဆိုတာ’
‘အထက်တန်း မရဘူးလား’
‘ရပါတယ်၊ ဒါပေမယ့် အိပ်ခန်း မရဘူးလေ…’
ရွှေဘုံသာလမ်း စိန် ရွှေ သူဌေးမက ညည်းညူရင်းနဲ့ ဒေစီဂျိန်းရဲ့ နတ်စင်ကို ရိုရိုသေသေ ဦးသုံးကြိမ် ချတယ်။ ပြီးတော့ ရွှေရောင် အနားကွပ်နဲ့ အညိုရောင် သားရေအိတ်ကြီးထဲက ငါးကျပ်တန် ပါကင်အုပ် တစ်အုပ်ကို ထုတ်ယူလိုက်တယ်။ ရေမွှေးနဲ့ မွှေးပျံနေတဲ့ ငါးကျပ်တန်အုပ်သစ်ကို ဒေစီဂျိန်းဆီ လှမ်းဆက်လိုက်တယ်။ ဒေစီဂျိန်းက ငါးကျပ်တန်အုပ်ကို လက်အုပ်ချီပြီး မြှောက်ရင်း မျက်လုံး အစုံကို မှိတ်တယ်။
‘မှန်လှပါဘုရား… တနင်္ဂနွေသမီး ရတနာသုံးပါး အမြတ်ဆုံးထားလို့၊ ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး မှန်လှပါဘုရား၊ သာသနာ ငါးထောင့်ငါးရာ သိကြားသာသနာ စောင့်ကြပ်တော်မူသော သာသနာ့စောင့်နတ်၊ မဟာပထဝီမြေကြီး စောင့်ထိန်းတော်မူသော မဟာဝသုနြေ္ဒ ရေနတ်မင်းအမှူးထား၍ သူရဿတီစန္ဒီပရမီ၊ ဒေဝီခုနှစ်ပါး၊ ဒေဝီကိုးပါး၊ ဒေဝီဆယ်ပါး၊ ဒေဝီနှစ်ဆယ့်ပါး၊ ဝိဇ္ဇာရှစ်သောင်း၊ ဆရာ့ဆရာ အပေါင်း၊ ပြဒါး ဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ ဆေး ဝိဇ္ဇာ၊ အင်း ဝိဇ္ဇာ၊ စမဝိဇ္ဇာ၊ ပီယ ဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာ၊ ထွက်ရပ်ပေါက်၊ ပေါက်ဆရာခြောက်ဆယ့်လေးယောက်၊ ကိုးဆယ့်ခြောက်ယောက်နှင့်တကွ၊ သုံးဆယ်ကျော် ခုနှစ်မင်း၊ ထီးဆောင်းမင်းတစ်ရာ့တစ်ဆယ့် တစ်ပါးသော ဒေဝတာ နတ်မင်းများ နှင့် နတ်မိဖုရား အမှူးထား၍ တနင်္ဂနွေသမီး အမိဘက်က ဆိုင်သောနတ်၊ အဖ ဘက်ကဆိုင်သောနတ်၊ အဘိုးဘက်က ဆိုင်သောနတ်၊ အဘွားဘက်က ဆိုင်သောနတ်၊ အမိရိုးရာ၊ အဖရိုးရာ၊ အဘိုးရိုးရာ၊ အဘွားရိုးရာ၊ အမှူးထား၍ ယနေ့မှန်လှပါဘုရား ယနေ့ သမီးများ၊ သားများပန်းဖိုး၊ မှန်ဖိုး၊ နားဋောင်းဖိုး၊ ဗောင်းတော်ဖိုးအချက်ကျ ဆက်သပါဘုရား။
‘ဤအချိန် ဤအခါကစလို့ ခြေတော်ရင်း ဆံခင်းလို့ ခြေတော်စုံ ဆံပုံပါတယ် ဘုရား၊ မန္တလေး ဘိုးဘိုးကြီး၊ တောင်ပြုံးဘိုးဘိုးကြီး၊ ဘိုးဘိုးလေးနှင့် အိမ်းတွင်းအဖေကြီး အိမ်တွင်းခုနှစ်ပါး၊ ပြုံး၍လဲ ကန်တော့ခံတော်မူပါ ရယ်၍လဲ ကန်တော့ခံတော်မူပါ။ ဤအချိန် ဤအခါမှစ၍ ရောင်းသူ တစ်ယောက် ၊ ဝယ်သူ တစ်ထောင် အင်္ဂါနံ စိန်အရောင်းအဝယ်များ လုပ်ပါတယ်ဘုရား၊ တနင်္ဂနွေနံ အဲ… မှန်လှပါဘုရား၊ ဗုဒ္ဓဟူးနံ ရွှေအရောင်းဝယ်၊ ကြာသပတေးနံ မြေအရောင်းအဝယ်၊ သောကြာနံ အဲ… သွားရာလမ်းခရီး အဆင်ချော အမောပြေလို့ ပယင်းဒုတ္ထာ၊ ကျောက်သံပတ္တမြား၊ ဘော်တွင်း၊ ရွှေတွင်း၊ ငွေတွင်း မစလို့ပိုင်ဆိုင်သလို၊ တနင်္ဂနွေသမီးကြီး မိသားစု ဥမကွဲသိုက်မပျက်နှင့် မှန်လှကြောင်းပါဘုရား၊ မတောင့်မတ မကြောင့်မကြ၊ မရှိစကား၊ မလှစကား၊ မဝစကား နားမှလေသံမျှ မကြားရဘဲ မရှိသော ပုဂ္ဂိုလ်များလဲ ပေးနိုင်ပါရစေ၊ မဝသော ပုဂ္ဂိုလ်များလဲ ကျွေးနိုင်ပါစေ၊ မလှသော သူများလဲ ဆင်နိုင်ပါရစေ…။
‘လောကီကမ်းခြေမှ လောကုတ္တရာ ကမ်းခြေသို့ မလွတ်မြောက်မီစပ်ကြား သာသနာ့အကျိုး၊ ဘာသာ့အကျိုး၊ ဒေဝအကျိုး သယ်ပိုးရွက်ဆောင်ဖို့ သီရိဓမ္မာ သောကမင်းကြီးတို့လို ဘုန်းသမ္ဘာနှင့် ပြည့်စုံသောပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကဲ့သို့အပြင် တစ်မဂ်တစ်ဖိုလ် ရပါရစေ၊ ရောက်ပါရစေ၊ အောင်ပါရစေ၊ အေးပါရစေပါ ဘုရား…’
ငါးရာတန် ဆုတောင်းရှည်က ဒေစီဂျိန်းကို အာခြောက်စေတယ်။ သြော်… ငါးရာမျက်နှာကြောင့် ချည်းလည်း မဟုတ်ပါဘူး။ စေတနာမေတ္တာလည်း ပါပါတယ်။ ဒါတွေက ကိုယ့်ဖောက်သည်တွေ… အဲ… ကိုယ့်လူရင်းတွေ နတ်မိတ်ဆွေတွေပဲ။
ခင်လာတာပဲကြာလှပေါ့၊ ဆက်ဆံလာတာလည်း ကြာလှပေါ့။ ကိုယ်ကလည်း ရွှေဝယ်စရာရှိ သူ့ပဲ။ သူကလည်း ကိုယ့်ပဲ။ ကိုယ်လည်း ရွှေဆိုင်မပြောင်းဘူး၊ သူလည်း နတ်ကတော် မပြောင်းဘူး။ ဒေစီဂျိန်းရေနွေးတစ်ပန်းကန်ကုန်တဲ့အထိ ဆုတောင်းကို မျက်စိမှိတ် လက်အုပ်ချီ အာရုံပြုနေတဲ့ စိန်ရွှေသူဌေးမ မျက်လုံးတွေ ပွင့်မလာသေးဘူး။ ပါးစပ်က လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဆက်ပြီးဆုတောင်းနေတုန်း။ ဘာတွေများ ဆုတောင်းစရာ ကျန်သေးပါလိမ့်။
‘ဟဲ့… အောက်မှာ ဘယ်သူရှိလဲ၊ အပေါ်ကို ရေနွေးလာဖြည့်ပေးကြဦး၊ လက်ဖက်ပွဲလဲ အသင့်ပြင်ခဲ့’
စိန်ရွှေသူဌေမ မျက်လုံးတွေ ပွင့်လာပြီး ရိုရိုသေသေ ဦးသုံးကြိမ် ချတယ်။
‘ရောင်းဝယ်ကော ကောင်းရဲ့ မဟုတ်လား မအေးခင်၊ ဟိုတစ်လောကတောင် စိန်နားကပ် ဝယ်ချင်တဲ့ အမျိုးတစ်ယောက် လွှတ်လိုက်သေးတယ်’
‘လာပါတယ်၊ ချယ်တစ်ရံ ဝယ်သွားတယ်’
‘အဲဒါ… ကိုယ်တော်တို့ ပေးတာပေါ့’
အသံ တိုးတိုးပြောတတ်တဲ့ စိန်ရွှေသူဌေးမက မပွင့်တပွင့် ပြုံးတယ်။
‘ဒီထက်မကပေးအောင် ဆုတောင်းပေးဦး’
‘အမယ်လေး… သူဌေးတွေရယ် မပြောရဘူး၊ လောဘကလဲ ကြီးပါ့၊ တော်တို့တစ်သက် စားမကုန်တဲ့ စည်းစိမ်ရှိပြီပဲ တော်ရောပေါ့၊ ဒါလောက်ပဲ ပေးနိုင်တော့ မှာပေါ့၊ လောဘသိမ်း… လောဘသိမ်း လောဘကို ဘုရားလဲမကြိုက်ဘူး၊ နတ်လဲ မကြိုက်ဘူး သူဌေးမရေ့’
ဂျိန်းစဘွန်းမရဲ့ ပါးစပ်သေနတ်က တရစပ် ပစ်ထည့်တာကို အကြောင်းသိ သူဌေးမက မျက်စောင်း မပွင့်တပွင့် တုံ့ပြန်တယ်။
‘အင်း… အဲဒီမျက်စောင်းနဲ့ လင်တစ်ယောက် ထပ်ရနေပါဦးမယ်၊ ငယ်ငယ်ချောချောလေး’
‘အို… တော်စမ်းပါ…’
‘ထုံးစံအတိုင်း ပြောချင်ရာပြောပြီး လင်ကြောင်း သားကြောင်းဘက် ဖောက်ချင်လာတဲ့ ဒေစီဂျိန်းကို မျက်စောင်းထပ်ထိုးရင်း မုဆိုးမသူဌေးမက ထိုင်ရာကထတယ်’
‘ကဲ… သွားမယ်၊ ပုစွန်ချဉ်ထုပ် လာပို့ခိုင်းလိုက်မယ်’
‘ညနေ ထမင်းစားမီအောင်ပို့နော် ဒါပဲ၊ နေပါဦး သမီးတွေကော ပါသေးလား’
‘မပါပါဘူး၊ ကျောက်ကုန်းက ဒေါ်မြမြတို့နဲ့လာတာ၊ သူတို့လဲ လာခဲ့ဦးမယ်တဲ့’
‘အမယ်လေး မပိုနဲ့ မလာပါဘူး၊ ဒေါ်မြမြတို့ နတ်ကတော် မော်လမြိုင် မငွေဥစ္စာ၊ အဲဒီသွားမှာပေါ့ ကျုပ်ဆီဘာကိစ္စလာရမှာလဲ’
‘သြော်… လာမှာပါဆိုမှ၊ ကျွန်မပြောပြီးသား၊ လွှတ်လိုက်မယ်’
‘အမယ်လေး… မလွှတ်နဲ့… မလွှတ်နဲ့၊ ဒီအရွယ်ကျမှ သူများနတ်တပည့်လဲ မလုပ်ပါရစေနဲ့၊ ကြော်လဲ မကြော်ချင်တော့ဘူး၊ လှော်လဲမလှော်ချင်တော့ဘူး၊ ကြော်လို့လှော်လို့ရတဲ့ ပိုက်ဆံလဲ မလိုချင်တော့ဘူး’
ဒေစီဂျိန်းစွာသမျှကို စိန်ရွှေသူဌေးမက မျက်စောင်းမပွင့်တပွင့်နဲ့ပဲ တုံ့ပြန်ရင်း လှေကားကဆင်းတယ်။ ဒေစီဂျိန်းက ပုဆိုးထဘီကို ဖိုသီဖတ်သီပြင်ဝတ်ရင်း ဘောက်ဆတ် ဘောက်ဆတ်နဲ့နောက်ကလိုက်ပို့တယ်။
‘နက်ဖြန်ညနေ တက်ပွဲလာဦးမလား၊ မလာနိုင်လဲ ကိစ္စမရှိဘူး၊ နက်ဖြန်က အမျိုးတွေပွဲ၊ သူတို့လာကြမှာ’
‘ဒီနှစ် ဘယ်နှစ်ပွဲလဲ’
‘လေးပွဲ၊ ငါးပွဲ ဖြစ်အောင် လုပ်မလို့လား၊ အနန္တော အနန္တငါးပါး ဖြစ်အောင်လေ’
လူကနေပေမယ့် ပညာကမနေတော့ အလိုလိုကြော်စကား လှော်စကားလေးကထွက်လာတယ်။ ငါးဆယ်၊ တစ်ရာမျိုးသာ ဒေစီဂျိန်း မကြော်မလှော်ချင်တော့တာပါ။ ထောင်ဂဏန်းမျိုးကိုတော့ လက်လွှတ်ခံလို့ ဖြစ်မလား။ ပြီးတော့ တက်ပွဲဆိုတာများလေ ဂုဏ်ရှိလေ။
‘တက်ပွဲဆိုတာ သူဌေးတွေမှ လုပ်နိုင်တာရှင်ရဲ့၊ ကျွန်မတို့က’
‘အမယ်လေး သွား… သွား… မြန်မြန်သွား၊ ကျုပ်ကော်တုတ်မိတော့မယ်’
စိန်ရွှေသူဌေးမကို ဒေစီဂျိန်းက ဝင်းတံခါး ပြင်ဘက်တွန်းပို့လိုက်တယ်။
ဝင်းတံခါးနဲ့ မျက်နှာချင်းဆိုင် ကျပ်ညပ် ပြွတ်သိပ်နေတဲ့ ကနားတဲတန်းလေးတွေပေါ်က နတ်ကတော် အခြောက်မလေးတွေက ဒေစီဂျိန်းကို အားကျတဲ့အကြည့်နဲ့ လှမ်းကြည့်ကြတယ်။ ကနားတဲတွေပေါ်မှာ နတ်မေးတဲ့ ပရိတ်သတ်ကို ထိုင်ရာကနေ ယိမ်းယိုင်နတ်ပူးရင်း ကြွေခေါက်နတ်ဟောနေတဲ့ မိတ်ကပ်ထူထူ၊ နီရဲရဲ နတ်ဝတ်စုံနဲ့ မိန်းမလျာမလေးတွေဆီကို ဒေစီဂျိန်းက ပြန်ကြည့်ရင်း မျက်နှာကို ချီလိုက်တယ်။ ပြီးတော့ ဝင်းတံခါးကို ပြန်ပိတ်တယ်။
‘ကြော်ကြဟဲ့… လှော်ကြဟဲ့၊ ဒီအရွယ်ဆိုတာ ကြော်ရလှော်ရမယ့်အရွယ်၊ ကြော်ရလှော်ရမယ့်အချိန်’
အိမ်ဘက်ကို ပြန်လာရင်း ဒေစီဂျိန်း ထုံးစံအတိုင်း သူအော်ချင်ရာကို အော်လာတယ်။
‘အဖုံကြီးရေ ညနေစာ ကျက်ကုန်ပြီလားဟဲ့’
ထမင်းချက်၊ ဟင်းချက် မီးဖိုချောင်တာဝန်ခံ မိန်းမလျာအဖုံကြီးက ဒေစီဂျိန်းကို စကားမပြန်အားသေးဘူး။
‘နင့်ဥစ္စာက မလွန်လွန်းဘူးလား၊ ခုမှ ငါးနာရီတောင်မထိုးသေးဘူး၊ ညကလဲ နင်ဘယ်အချိန်ပြန်လာတယ်ဆိုတာ ငါသိတယ်၊ ဒီမှာ လုပ်စရာ ကိုင်စရာတွေက ရှိသေးတယ်၊ ဧည့်သည်တွေ ထမင်းကျွေးရမယ်၊ ငါတစ်ယောက်တည်း ဘယ်လိုလုပ်မလဲ’
အဖုံကြီးက အိမ်အောက်ထပ် အပေါက်ဝမှာ ရပ်ရင်း လက်ညှိုးတစ်ထိုးထိုးနဲ့ စိတ်တိုနေတယ်။
‘ဟဲ့… အဖုံကြီး ဘာလဲ၊ ဘယ်သူလဲ၊ တင်တင်မြင့်လား ဘာဖြစ်နေတာတုန်း’
ဒေစီဂျိန်းက အဖုံကြီးနားမှာ ရပ်လိုက်တယ်။ အိမ်အောက်ထပ် ကွပ်ပျစ်ရှည်ထောင့်မှာတော့ ပုဆိုးရင်လျားနဲ့ မှန်တစ်ချပ်ကိုင်ပြီး မိတ်ကပ်တွေ တစ်ပိုင်းတစ်စနဲ့ မိန်းမလျာမလေး တင်တင်မြင့်က နှုတ်ခမ်းကို ထော်နေအောင် စူထားတယ်။ အဖုံကြီးကလည်း မျက်နှာထားကြီးတင်းလို့။

‘အဲဒီမှာလေ နေတောင်မဝင်သေးဘူး… ထွက်တော့မယ်၊ ဆပ်ဆလူးထနေတာ’
အဖုံကြီးက အေးဆေးပြီး ရှက်တတ် ကြောက်တတ်တဲ့ ဗိုင်းကောင်းကျောက်ဖိ အိမ်တွင်းပုန်း မိန်းမလျာအပျိုကြီး၊ ဟိုကောင်မက ဆတ်ဆလူးမ၊ ဆယ့်ခြောက်နှစ်မ နဲ့တော့ တွေ့ကြပြီ။
တင်တင်မြင့်က တောဘက်က မိန်းမလျာကလေး။ အဖုံကြီးကို တောက်တိုမယ်ရ ကူလုပ်ဖို့ခေါ်လာတာ၊ တောင်ပြုံးရောက်ရရင် ပြီးရောဆိုပြီး လိုက်လာတာ၊ ကူဖော်လောင်ဖက် ခိုင်းဖို့စေဖို့ လိုက်လာတဲ့ မိန်းမလျာငယ်ငယ်လေးတွေ ထုံးစံအတိုင်း တစ်နေကုန် ခိုင်းချင်ရာခိုင်း၊ ညနေစောင်းကစပြီး ညထိကတော့ သူတို့ ထွက်ချိန်ဆိုပြီး လိုက်လာတာ။ အဲဒီအချိန်မှာ မိန်းမလိုဝတ်စား ဖြီးလိမ်းပြီး လမ်းသလားမယ်၊ သံတံခါးရိုးရာ သွားခုန်မယ်၊ ပြီးတော့ ( ) ရှာမယ်ပေါ့။
‘တစ်ခါတည်း ထွက်ချင်ဇောနဲ့ ငါးခြောက်တွေ ရေဆေးတာလဲ မပြောင်ဘူး၊ သဲတကျိကျိနဲ့’
‘ဟဲ့… အဖုံကြီးရဲ…၊ ထွက်ပါစေ၊ မပြောပါနဲ့၊ ငါတို့ငယ်ငယ်ကလဲ အဲလိုပဲ့ဟဲ့၊ သူတို့ထက်တောင် ဆိုးသေးတယ်၊ ငါဆို ဒီအရွယ်က တစ်ညလုံးပြန်လာတာမဟုတ်ဘူး’
တောသူမလေးဆိုပြီး ဒေစီဂျိန်း နာမည် ပေးထားတဲ့ ဖိုးခင်တစ်ဖြစ်လဲ ပန်တျာတင်တင်မြင့်က မျက်နှာလေး ကြည်သွားပြီး မိတ်ကပ်ဆက်လူးတယ်။
‘ကိုဘစီကလဲ လျှောက်မြှောက်ပေးနေတာပဲ၊ ကြာရင် လင်တွေပါ အိမ်ပေါ်ခေါ်တင်မယ်’
အဖုံကြီးက ငယ်ပေါင်းမို့ ဒေစီဂျိန်းကို ငယ်နာမည်ပဲ ခေါ်တတ်တယ်။ မျက်စောင်းကြီးထိုး၊ စိတ်ကောက်ပြီး တွတ်တွတ် တွတ်တွတ်လုပ်သွားတဲ့ အဖုံကြီးကို ဒေစီဂျိန်းက တဟားဟားရယ်တယ်။
‘အဖုံကြီး ညည်းကိုကော့ လင်ပေးစားမှ ဖြစ်တော့မယ်၊ ဟဲ့… တင်တင်မြင့် အဖုံကြီးအတွက် တစ်ယောက်ရှာခဲ့စမ်း’
ဒေစီဂျိန်းက အိမ်ပေါ်တက်ခဲ့ရင်း လှေကားတစ်ဝက်မှာ ဗြုန်းဆို ရပ်လိုက်တယ်။
‘အေး… လင်ဆိုမှဟေ့ မင်းမင်းတစ်ယောက် ပြန်မလာသေးပါလား၊ ဧကန္တ မဟုတ်မှလွဲရော၊ ကောင်မတစ်ယောက်နဲ့တော့ ချိန်းတွေ့နေပြီ ထင်တယ်၊ ဟဲ့… အဖုံကြီး၊ မင်းမင်းဈေးဝယ်စရာတွေများသလား၊ ဘာပြောသွားသေးတုန်း’
‘ပြောတာပဲ၊ မိုးချုပ်ရင် မနက်မှ ပြန်ခဲ့မယ်တဲ့’
အဖုံကြီးရဲ့ အေးတိအေးစက်စကားက ဒေစီဂျိန်းရင်ကို ပူခနဲ ဖြစ်သွားစေတယ်။ သြော်… သင်းက မန္တလေးမှာ ညအိပ်မှာပေါ့လေ၊ ဘာလဲ ရည်းစားဟောင်းနဲ့ အိပ်မှာလား၊ ကြည့်စမ်း… ငါ့ကိုကျ ဘာမှပြောမသွားဘူး။
ဂျိန်းစဘွန်းမစိတ် တစ်ပိုင်းကနေ ဒေါသကလည်း ကြွလာပြန်တယ်၊ ဒေစီဂျိန်းကို ဘယ်လိုအစားမျိုး မှတ်လို့လဲ၊ ပြန်မလာဘဲကြည့်၊ ညတွင်းချင်း မန္တလေး လိုက်မယ်ဟဲ့… သိလား။ နင့်ကိုခေါ်ဖို့များတော့ မမှတ်နဲ့၊ ငါဆင်ထားတဲ့ ပစ္စည်းတွေ လိုက်ချွတ်ယူမှာ။
ထင်ပါတယ်၊ မနက်ကတည်းက ဈေးဝယ်၊ ဈေးဝယ်နဲ့ ထွက်ဖို့စိုင်းပြင်နေတာ၊ ထွက်သွားလိုက်တာများ၊ ဇောင်းထဲက လွတ်တဲ့မြင်း၊ လှောင်အိမ်ထဲက လွှတ်လိုက်တဲ့ ငှက်မှ အထွက်နှေးဦးမယ်။ သေချာပါတယ်၊ သင်း… ကောင်မနဲ့ တွေ့ဖို့ပေါ့၊ မိန်းမစစ် မဟုတ်တဲ့ ဒီသက်ကြီးအိုမကြီးကို ငြီးငွေ့ပြီပေါ့၊ ရွံပြီပေါ့။ မိန်းမစစ်ကိုယူချင်တော့ ဒီကောင်မကြီးကို ထားခဲ့တော့မှာပေါ့။ ဒီလိုလား။
ထားခဲ့ပေါ့၊ သွားပေါ့၊ အေး ဒီအရွယ်ကြီးကြီးကျမှ ငယ်ငယ်ကလိုတော့ ငယ်ထိပ်မတက်တော့ဘူး။ ကောင်းကောင်းမွန်မွန် ထားပါလျှက်နဲ့ မှ မနေချင်တာ ကိုယ်ဘာတက်နိုင်မလဲ၊ သွားဟဲ့၊ အောင်း ဒူဝေ… ဒူဝေ… သွားဟုန်ဟုန်၊ သွားဟေဟေ၊ သွားဟာဟာ…။
ဒေစီဂျိန်းက ပုဆိုးထဘီကို စွန်တောင်ဆွဲရင်း အိမ်အပေါ်ထပ် အခန်းထဲကို ကမူးရှူးထိုး ဝင်သွားတယ်။ အဝတ်အစားသေတ္တာကို ဖွင့်ကြည့်မယ်လုပ်တော့ သော့က ခတ်လျက်။ လက်ဝတ်လက်စားတွေ ထည့်တဲ့ သေတ္တာလေးကလည်း အဲဒီထဲမှာပဲ။ သော့တွေအားလုံးက သူ့ဆီမှာလေ။ သူပဲ သော့ကိုင်၊ သူပဲ အစစအရာရာ စီမံခန့်ခွဲတာ။ အားလုံး သူပဲ အခရာ။
အခန်းပေါက်ဝမှ ဒေစီဂျိန်းက ခြေပစ်လက်ပစ် ထိုင်ချလိုက်တော့တယ်။ သူ… ရက်စက်လို့လုပ်သွားရင်လည်း လုပ်သွားပေါ့။ ကိုယ်က ပုံမိပြီကိုး။ ကိုယ်က ချစ်မိပြီကိုး။
ဟောဟိုမှာ ကြိုးတန်းပေါ်မှာကတော့ သူ့အင်္ကျီတွေပါလား၊ တောင်ပြုံးလာကာနီးမှ ရန်ကုန်ကဝယ်လာတဲ့ သူကြိုက်လှပါချည်ရဲ့ဆိုတဲ့ အင်္ကျီသုံးထည်။ တစ်ထည်ခြောက်ရာတောင်ပေးရတဲ့ ဖောရိန်းအင်္ကျီတွေ၊ အင်း… သင်း တစ်ခါတည်း သွားတာဆိုရင် ဒီအင်္ကျီတွေကိုတော့ ထားခဲ့မှာ မဟုတ်ဘူး။ မသွားသေးဘူးနဲ့ တူပါရဲ့၊ ပြန်လာဦးမယ်နဲ့ တူပါရဲ့။ သြော် ဒုက္ခ… ဒုက္ခ၊ အရင်ကလည်း ဒီလိုအပူလုံးမျိုး ဒေစီဂျိန်းရင်ထဲမှာ အကြိမ်တစ်ရာထက်မနည်း ဆို့ဖူးတာပဲ။ သူပြန်ရောက်တော့မှ ကျခဲ့ရတဲ့အပူလုံးတွေ နည်းမှ မနည်းတာပဲ။ ဆိုးလိုက်တဲ့ မိန်းမလျာဘဝ၊ အောက်ကျ နောက်ကျနိုင်လိုက်တဲ့ မိန်းမလျာဘဝ။
ယောက်ျားအချင်းချင်း၊ အတူတူကို ကိုယ်ကတစ်ဆင့်နိမ့်နေရတဲ့အဖြစ်၊ အရာရာ ကိုယ်ကအလျှော့ပေး၊ အကြိုက်ပေးပြီးပြုစုလုပ်ကျွေးနေရတဲ့အဖြစ်။ သြော်… ဝဋ်တွေပေါ့၊ ဝိပါက ဝဋ်ကျွေးတွေပေါ့၊ ဟိုဘဝ သူများသားမယား စော်ကားပြစ်မှားခဲ့မိလို့ ဒီဘဝမှာ မိန်းမလျာလာဖြစ်ရတာ။ ခန္ဓာကိုယ်က ယောက်ျားစစ်စစ် စိတ်ကတော့ တကယ့်မိန်းမမှမိန်းမ၊ မိန်းမစိတ်စစ်စစ်။ မိန်းမလိုပဲ ဝတ်ချင်တယ်၊ စားချင်တယ်၊ နေချင်တယ်၊ မိန်းမလိုပဲပြောချင်တယ်၊ ဆိုချင်တယ်၊ တွေးချင်တယ်၊ အေး… မိန်းမလိုပဲ ယောက်ျားလည်း လိုချင်တယ်၊ တကယ်၊ ကိုယ်ဖြစ်ဖူးမှ ကိုယ်သိတာ။ မိန်းမလျာ များယောက်ျားဖြစ်အောင် ပြောင်းမယ်မကြံနဲ့။ အနုနည်းနဲ့ပဲ့ဖြစ်ဖြစ်၊ အကြမ်းနည်းနဲ့ပဲ့ဖြစ်ဖြစ်၊ ကြိုက်သလိုလုပ် မရဘူးမှတ်။ ဘယ်လိုလုပ်လုပ် မရဘူးမှတ်။ မိန်းမလျာ မှန်သမျှ မွေးကတည်းက ဒီစိတ်က ပါလာပြီးသား၊ အကြောင်းအမျိုးမျိုးကြောင့်သာ ငုပ်ပြီး၊ ပုန်းပြီးနေရတာ၊ ဟော… ရေ၊ မြေ၊ ရာသီဥတု သင့်တင့်မျှတဲ့အချိန် ရောက်တာနဲ့ ပွင့်တော့ တာပဲ။ ငွားငွားစွင့်စွင့်ကို ပွင့်တော့တာပဲ။ ဘယ်သူမှတားလို့မရပေါင်။
ကိုယ်တွေ့ပဲ၊ ငယ်ဘဝမှာ ယောက်ျား ဘစီဖြစ်အောင် မိန်းမလျာ ဘစီကို ချော့မော့ပြီး မိဘတွေ၊ ဆွေမျိုးတွေက ဘောင်းဘီရှည်တို့ ဂျာကင်တို့ ကစားစရာ သေနတ်တို့ဝယ်ပေး၊ ကိုယ်လိုချင်တာက ဂါဝန်တို့ စကပ်တို့၊ ချိန်ခွင်တို့၊ ထမင်းအိုး ဟင်းအိုး လေးတွေ လိုချင်တာ။ ချော့မရတော့ ရိုက်ဟဲ့၊ နှက်ဟဲ့၊ ပုဆိုးကို ထဘီလိုဝတ်ရိုက်၊ သနပ်ခါးလိမ်းရိုက်၊ ချိန်ခွင်နဲ့ကစားပြန်ပလား ရိုက်၊ နီးရာလူက အကုန်ရိုက်ကြတာပဲ။ မရပါဘူး၊ ဘယ်လောက်ရိုက်ရိုက် မိန်းမလျာဘစီပဲ။
နောက်တစ်ခါ လူပျိုဖြစ်လာတော့လဲ မိန်းမပေးစားဖို့ စီစဉ်ကြပြန်ရော။ ဘစီက ဖြူဖြူသနားကမား ရုပ်ကလေးကလဲ ရှိတော့ အကြောင်းမသိတဲ့ အပျိုမတွေက မိန်းမချောချောတာဟဲ့ဆိုပြီး ကြိုက်ကြသေးတာ၊ အမယ်လေး… ပြောလို့ ပြောတာမဟုတ်ဘူး၊ ခုချိန်ထိ ဘစီကိုမရလို့ အထုပ်ပိုက် အပျိုကြီး လုပ်နေတဲ့တစ်ယောက် ခုထိရှိသေးတယ်။ မခက်ဘူးလား။
ဘယ်ရမှာတုန်း၊ မိန်းမစိတ်မဝင်စားပါဘူးဆိုမှ ဘစီက အူဝဲဆိုတာနဲ့ ဆရာဝန်လက်လှမ်းဆွဲတယ်ဆိုတဲ့ မိန်းမလျာမျိုး။ လာမလုပ်နဲ့၊ မရဘူး။
နောက်တော့လဲ အိမ်က လက်လျော့လိုက်ရ တာပါပဲ။ ကိုယ့်ဟာကိုယ် နေချင်သလိုနေ၊ ပျော်သလို နေတော့ပဲ။
သူငယ်ချင်း မိန်းမလျာတွေနဲ့ လျှောက်သွား၊ ရန်ကုန်က မိန်းမလျာဝါရင့် သမ္ဘာရင့်ကြီးတွေ့တော့ မိန်းမလျာလေး ဗဟုသုတတွေတိုးပြီး မိန်းမလျာဘဝမှာ ကျင်လည်ကျက်စားလိုက်တာ အသည်းတွေလဲ တဗြုန်းဗြုန်းကွဲ။ ဟောတစ်ယောက်၊ ဟောတစ်ယောက်။ တစ်ယောက်မကောင်း၊ တစ်ယောက်ဂျောင်း၊ အသည်းကတစ်ခါကွဲတုန်းကသာ နာတာ၊ ဆယ်ခါလောက်ကွဲတော့ မနာတော့ဘူး ထုံသွားပြီ။
သားလေးတွေ သမီးလေးတွေ ဒေစီဂျိန်းရဲ့ မွေးစားသားလေးတွေ၊ တွေးလိုက်ရင် စိတ်နာဖို့တော့ အလွန်ကောင်း၊ သူတို့ကို ပေးလိုက်ရတာ၊ အမ်းလိုက်ရတာဖြင့် ကိုယ်ဝတ်ထားတဲ့ ရှပ်အင်္ကျီ လိုချင်တယ်ဆိုတောင် ရော့ဟဲ့ဆိုပြီး အမ်းခဲ့ရတာ၊ သူတို့က အချိန်တန် အိမ်ပြန်ကြရော။
ငါးစိမ်းနံ့ရတာနဲ့ တူးစော်နံတဲ့ ငါးကင်မကြီးဟဲ့ဆိုပြီး ပစ်ခဲ့တော့တာပဲ။ အစကတော့ အဟုတ်၊ အနားမှာကပ်ပြီး ချွဲလိုက်၊ တာလိုက်၊ တီလိုက်၊ တွတ်လိုက်နဲ့ မိန်းမလျာ အရည်တွေကို ပျော်လို့။
အသွေးယူယူ၊ အသားယူယူ၊ ဗောင်းထဲက နတ်ပိုက်ဆံ တွေပါ ယူယူ၊ အကုန်အမ်းမယ် မောင်ရေပဲ။ ဟော… တစ်လက နှစ်လ၊ အချိန်လေးမှ သိပ်မကြာချင်သေးဘူး၊ ဖောက်ချင်ပြီ၊ ဇာတိတွေက ပြလာပြီ။ သွားအနံ့ခံပြီ၊ ဒေစီဂျိန်းမှာ ဆို့ရပါပြီ အပူလုံးကြီး။ ကောင်လေးလဲဘာထူးလဲ၊ မင်းမင်းလေ… သူလဲ ဘာထူးလဲ။
တော်လှ၊ တော်လှနဲ့ ခုနှစ်နှစ်လဲရှိရော ဖောက်ချင်လာတာပဲ မဟုတ်လား။ လက်ပူးလက်ကြပ် မမိသေးပေမယ့် တစ်နေကုန်ပျောက်နေတာတို့၊ ညနက်မှ ပြန်လာတာတို့၊ မိုးချုပ်ရင် အိမ်ပြန်မအိပ်တော့ဘူး ဆိုတာတွေ ဖြစ်လာပြီ မဟုတ်လား။
ဒါတောင် ဒီခုနှစ်နှစ်မှာ ဒေစီဂျိန်း ထိန်းနိုင်လွန်းလို့၊ စွာနိုင်လွန်းလို့ပါ၊ သင်းလေးနဲ့ကိုယ်က အသက်များကြီး ကွာတာ။ ချစ်စရာရှိ ချစ်မှာပဲ၊ ဆုံးမစရာရှိ ဆုံးမမှာပဲ၊ ရိုက်စရာရှိ ရိုက်မှာပဲ။
သင်းလေးကို ဂျိန်းပိုင်တယ်။
မင်းမင်းကို ဂျိန်းပိုင်တယ်။
သင်းကလေးကို သင်းမိဘတွေဆီက ငွေ ငါးရာပေးပြီး အပိုင်ဝယ်ခဲ့တာ။
အညာတောမြို့လေး တစ်မြို့မှာ သင်းလေးနဲ့ တွေ့တာပေါ့…။
လွန်ခဲ့တဲ့ ခုနှစ်နှစ်က ဆိုတော့…
သူက ဆယ့်ခြောက်နှစ် ကိုယ်က လေးဆယ့်ခြောက်။ လေးဆယ့်ခြောက်ဆိုတာ အလှပန်း အပွင့်ဆုံးအရွယ်လေ။
အဲဒီတော့ သူက သဘောကျ သွားမှာပေါ့။
တစ်ခါတည်း ကနားပွဲထဲမှာ ကိုယ့်ကို ငေးကြည့်နေတာ၊ (နောက်မှ ပြန်ပြောတာ၊ ပုပ္ပားမယ်တော် အဝတ်အစားနဲ့ လှလွန်းလို့တဲ့)။ သြော်… ကိုယ်ကတော့ မပြောနဲ့လေ။ သူ့လိုရုပ်ရည်မျိုးလေးကို မြင်တာနဲ့ ကြိုက်ပေါ့၊ အသားကလေးက လတ်လတ် အရပ်က ထောင်ထောင် မောင်းမောင်း၊ မျက်လုံးလေးတွေက ပြူးဝိုင်းပြီး မျက်ခုံ့ကလေးကလည်း ထူးထူးခြားခြား ထင်းနေတာပဲ၊ ဆံပင်ဖြီးထားတာလေးကလည်း သူ့မျက်နှာလေးနဲ့ လိုက် လိုက်တာ။
တစ်ခုပဲ သူ့ခမျာ ဆင်းရဲလွန်းရှာတော့ အဝတ်အစားက ညှိုးမှိန်ရှာတယ်။ ညှိုးမှိန်တာမှ သူဆင်းရဲမှန်း သူ့အဝတ်အစားကို မြင်တာနဲ့ သိနိုင်တယ်။
သနားလိုက်တာ။
ကိုယ့်မယ်… ရွှံ့ထဲက ပတ္တမြားလေးဟဲ့ ရေဆေးပြီး အရောင်တင်ပေးရလို့ကတော့ဟယ်၊ ရုပ်ရှင်မင်းသားတွေနဲ့ ယှဉ်နှိုင်းတယ်ဟဲ့နဲ့ နတ်ကရင်း သူ့ပဲကြည့်တွေးနေတော့ တာပဲ။
ညနေကနားပွဲသိမ်းတော့ ကိုယ်လည်းမောမောပန်းပန်း အဝတ်တွေဘာတွေလဲ၊ ရေမိုးချိုးမယ်ဆိုပြီး အိမ်ပေါ်ထပ်ကနေ အောက်ဆင်းလားတော့ အလို… အောက်ထပ်မှာ ကနားပွဲရှင် ခိုင်းတာတွေကို မိန်းမကြီး တစ်ယောက်ရယ် ကလေးမလေးတစ်ယောက်နဲ့ လုပ်နေရှာတဲ့ သူ့ကို တွေ့ပါရော သနားလိုက်တာ။
ကံကောင်းချင်တော့ ကနားရှင်က ကိုယ်ရေချိုးဖို့သူ့ကို ရေလိုက်ငင်ပေးခိုင်းတယ်၊ အို… ကြာကြာ ဆိုင်းမနေပါဘူး ကိုယ်ကချစ်နေပြီပဲ၊ ဂျိန်းစဘွန်းမ စိတ်ကလည်း ခုဆိုခုမှ တစ်ခါတည်း ရေတွင်းနားမှာတင်…
‘ဟဲ့… နင်ငါနဲ့နေမလား’ ဆိုတော့ ‘ဟာဗျာ…’ ဆိုပြီး ရယ်တယ်လေ။
‘မရယ်နဲ့ဟဲ့၊ အဟုတ်ပြောတာ၊ နင် ငါနဲ့ လိုက်မလား၊ ငါ ကောင်းကောင်းထားမယ်၊ ငါနတ်ကတဲ့ နေရာကူညီညာလုပ်ပေးပေါ့’
ဘာညာပေါ့နဲ့ ဂျိန်းရဲ့ မူယာ မာယာတွေနဲ့ နူးတော့နှပ်တော့ ကောင်လေးက အမေ့ကို ပြောလိုက်မယ်တဲ့။
ဂျိန်းစဘွန်းမကြီးလေ၊ ပျော်ပြီး ရင်လျားကြီးနဲ့ သူ့အမေဆီ ပြေးတာပဲ။ သူ့အမေဆိုတာ ခုနက ကနားရှင်ခိုင်းတာတွေကို သူနဲ့လုပ်နေတဲ့ မိန်းမကြီးလေ၊ ကလေးမလေးက သူ့ရဲ့ မောင်နှမ တစ်လှေကြီးထဲက တစ်ယောက်ပေါ့။
မိန်းမကြီးဆီ ပြေးသွားပြီး…
‘ကဲ… ဟောဒီ ရှင့်သားက ကျုပ်နဲ့ လိုက်မလို့တဲ့ ဘယ့်နှယ်လဲ…’
ဆိုတော့ မိန်းမကြီးက ရယ်နေတယ်။
‘ရယ်မနေနဲ့၊ ကျုပ်က တကယ်ပြေနေတာ၊ ရှင့်သားကို ကောင်းကောင်းကျွေးမှာ၊ ကောင်းကောင်းဆင်မှာ၊ ကဲ… ပြော၊ ကျုပ်ခေါ်သွားမယ်၊ ထည့်မှာလား’
ဆိုတော့မှ မိန်းမကြီးက ဇဝေဇဝါနဲ့…
‘မသိဘူး၊ သူ့သဘောပဲ’ တဲ့။
အဲဒီမှာ ကနားရှင် မိန်းမက…
‘ဂျိန်းဂျိန်းက အပိုင်လိုချင်တာ မဟုတ်လား၊ အပိုင်လိုချင် သူ့အမေဆီက ဝယ်သွားလိုက်ပေါ့လို့’
စတာလိုလို အတည်လိုလိုလည်း ဝင်ပြော လိုက်ရော ဒေစီဂျိန်းပါတဲ့…
‘ဝယ်မယ် ဝယ်မယ် တစ်သက်လုံးစာ အပိုင်ဝယ်မယ်’
ဆိုပြီး… အိမ်ပေါ် ပြေးတက်၊ ပိုက်ဆံငါးရာကို ဗြက်ဆိုဆုပ်လာခဲ့ပြီး သူ့အမေကြီးကို…
‘ရော့’ လို့ ပေးပစ်လိုက်တယ်။ ‘ခုချိန်ကစပြီး ရှင့်သားကို ကျုပ်ပိုင်သွားပြီနော် ဒါပဲ’ လို့လည်း ပြောလိုက်သေးတယ်။ သူ့အမေကြီးက ခေါင်းတညိတ်ညိတ်နဲ့ ပိုက်ဆံငါးရာရလို့ မျက်နှာကိုပြုံးနေတာပဲ။
အဲဒီချိန်ကစပြီး မင်းမင်းကို ဂျိန်းပိုင်ခဲ့တာပေါ့။
မင်းမင်းဟာ ဂျိန်းရဲ့ တောက်တိုမယ်ရ ကူဖော်လောင်ဖက် ကလေး။ ဂျိန်းနတ်ပွဲကဖို့ ပုဆိုး၊ ထဘီ၊ အင်္ကျီပြင်ဆင် ပေးရမယ်။ ပြီးရင် စနစ်တကျ ခေါက်သိမ်းရမယ်။ ဂျိန်းဆံထိုးကို ကူဖြုတ်ပေးရမယ်။ ပန်းကို ကူဖြုတ်ပေးရမယ်။ ဂျိန်းလက်ဝတ်လက်စားတွေကို မပျောက်မရှအောင် သိမ်းရမယ်။ အရေးကြီးဆုံးအလုပ်က ဂျိန်းနတ်ဝင်နေတုန်း နတ်ကနေတုန်းမှာ ဂျိန်းမျက်နှာပေါ်က ချွေးဥလေးတွေကို တယုတယ သုတ်ပေးဖို့ပဲ။
ပြီးတော့ သူဟာ ဂျိန်းရဲ့…..။
သူ့ကို သုံးနှစ်ကျော်ထိ ဂျိန်းသတိထား ဆက်ဆံခဲ့တာပဲ။ ဘယ်နေရာမှ အလစ်မပေးခဲ့ဘူး၊ ဘယ်နေရာမှ လျှော့မတွက်ခဲ့ဘူး။
ဒါပေမယ့် သင်းကလေး သုံးနှစ်အတွင်းမှာ သင်းရဲ့ရိုးသားမှုတွေ၊ စေတနာ မေတ္တာတွေနဲ့ ဂျိန်းတစ်ကိုယ်လုံးကို တုပ်နှောင်ပစ်နိုင်ခဲ့တယ်လေ။
ဂျိန်းရဲ့ အလုပ်အကိုင်၊ ငွေရေးကြေးရေး၊ လူမှုဆက်ဆံရေးတွေကအစ သူ့ကိုအကုန် အားကိုးရလေတော့၊ သြော်… သူတို့တွေစိတ်များ ကြောက်စရာကောင်းပုံပြောပါတယ်။ သူ့သဘော သူ့ခြေသူ့လက်ဖြစ်လို့ ဘာကြာလဲ၊ ကိုယ့်ကို ငေါက်ချင်ငန်းချင်လာပြီ။ အလုပ်ကိစ္စဆိုပြီး တစ်နေကုန်ပျောက်နေတတ်ပြီ၊ မိုးချုပ်ရင် ရောက်တဲ့နေရာမှာပဲ အိပ်တတ်ပြီ။ ဒီက ဂျိန်းစဘွန်းမကြီးမှာတော့ သူပြန်မလာဘူးဆိုရင် မီးတွေလောင်ပြီး စိပ်ပုတီး တချောက်ချောက်နဲ့ မအိပ်နိုင်၊ မစားနိုင်… မျှော်ရတာ… မျှော်ရတာ။
‘ကိုဘစီ ထမင်းပြင်လိုက်ရတော့ မလား၊ ပုစွန်ချဉ်လုပ်ပြီးပြီ’
အဖုံကြီးက လှေကားတက် တံခါးဝမှာ ပေါ်လာတယ်။
‘မီးတွေလဲ မဖွင့်ဘူး… မှောင်ထဲမှာ ထိုင်နေတယ်၊ ထမင်းက ဘယ်မှာစားမှာတုန်း၊ ဒီပေါ်ယူခဲ့ရမှာလား’
‘မယူခဲ့နဲ့ ငါမစားသေးဘူး၊ ပုတီးစိပ်မလို့၊ ဘယ်သူမှ မလာစေနဲ့နော် အဖုံကြီး… ကြားလား’
ဒေစီဂျိန်းက စိပ်ပုတီးလက်ပတ်ပြီး လမ်းမဘက်က ဝရန်တာကို ထွက်တယ်။
‘ဟဲ့… မီးဖွင့်သွားဦး၊ မှောင်ထဲမှာ ထိုင်နေမှာပေါ့၊ မီးခလုပ်တွေမှ ငါမသိဘဲ’
မဆီမဆိုင် အငေါက်ခံရတဲ့ အကြောင်းသိ အဖုံကြီးက ဒေစီဂျိန်းကို မျက်စောင်းထိုးရင်း မီးတွေကို ဖွင့်လိုက်တယ်။
‘ဟဲ့… အဖုံကြီး မင်းမင်းဈေးဝယ်စရာတွေ တော်တော်များလား’
‘များမှာပေါ့၊ ကျုပ်လဲမသိဘူး၊ မနက်ဖြန် ရှင့်တက်ပွဲပန်ဖို့ သစ်ခွလဲ ရှာရဦးမယ်လို့လဲ ပြောနေတာပဲ၊ မသိဘူး’
‘အမယ်လေး… ပန်းရှာတာ အကြောင်းပြပြီး ညအိပ်ဦးမယ်၊ ငါမသိတာလိုက်လို့’
‘အိပ်ချင်မှ အိပ်မှာပါ၊ ကားတွေက ညကိုးနာရီ ဆယ်နာရီထိ ရှိတာပဲ၊ ပြန်လို့ရသားပဲ’
‘သြော်… ပြန်ချင်တဲ့ လူအဖို့ကတော့ ဟုတ်တာပေါ့ဟဲ့’
အဖုံကြီးက ဘာမှမပြောဘဲ အိပဲ့၊ အိပဲ့နဲ့ အောက်ပြန်ဆင်းသွားတယ်။
ဒေစီဂျိန်းတစ်ယောက်ကတော့ ဝရန်တာဘက်က သင်ဖြူးလေးပေါ်မှာ လမ်းမဘက်ကို မျှော်ကြည့်ရင်း စိပ်ပုတီးကို တချောက်ချောက် စိပ်စပြုတယ်။
‘သြော်… မီးတကာ့မီး ဒီမီး အဆိုးဆုံးဟဲ့ နော်၊ ဆယ့်ခြောက်နှစ်လည်း လောင်တာပဲ၊ ငါးဆယ်ကျော် လည်းလောင်တာပဲ။ တရားလည်း မမှတ်နိုင်တော့ပါဘူး၊ ငမင်း ငမင်း… နင်ငါ့ကို အတော် ဒုက္ခပေးတာပါလား၊ အေး… ပြန်မလာချင်လည်းနေ၊ နင့်ကို ငါမေတ္တာပို့ရုံပဲ၊ ငါမကျိန်ပါဘူး၊ နတ်လည်း မဖမ်းခိုင်းပါဘူး၊ ကိုယ့်ကိုမှ မချစ်တော့တဲ့ တစ်နေ့… သွားပေါ့၊ ငါ ဘာတက်နိုင်တာမှတ်လို့။
ပစ္စည်းတွေယူသွားလည်း ငါခံရုံပဲ၊ ဒါရှိတယ်၊ ပစ္စည်းဆိုတာ ထိုက်သူဖို့၊ ငါမမက်ပါဘူး၊ ငါ့တစ်ဝမ်းတစ်ခါးကို နတ်ကကျွေးလိမ့်မယ်၊ နင်သာ နတ်ပေးတဲ့ ပစ္စည်းတွေကို စိတ်သန့်သန့်နဲ့သုံးရဲပါစေ၊ စွဲရဲပါစေ၊ နင့်မယား၊ နင့်သားသမီး ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက် စိတ်သန့်သန့်နဲ့ သုံးရဲပါစေ စွဲရဲပါစေ၊ မှန်လှပါဘုရား၊ ဘိုးဘိုးကြီး ဘိုးဘိုးလေးတို့သိတော်မူတဲ့အတိုင်းပါဘုရား၊ ကျေးတော်မျိုး ကျွန်တော်မျိုး မသိုမဝှက်နဲ့ ထားခဲ့သော ပစ္စည်းဥစ္စာ ရတနာအားလုံး ဘိုးဘိုးကြီး ဘိုးဘိုးလေးတို့ အမှူးပြုတဲ့ နတ်အပေါင်းက ပေးသောပစ္စည်း၊ ပိုင်သော ပစ္စည်းများပါဘုရား၊ သဘောတော်ကျသာ စီမံတော်မူပါ၊ စီရင်တော်မူပါ။
လက်မှာ ပုတီးပတ်လျက်နဲ့ နန်းကြီးရှိရာကို လှမ်းပြီး ဒေစီဂျိန်း ရှိခိုးတိုင်တည်ပြန်တယ်။ ပြီးတော့ ပုတီးကို ဆက်စိပ်ပြန်တယ်။ ဘယ်နှစ်နာရီတွေများ ထိုးကုန်ပါလိမ့်တုန်း၊ အချိန်မနည်းတော့ဘူး၊ အင်း… သင်း ပြန်လာမှာ မဟုတ်တော့ပါဘူး၊ တစ်ညအိပ်ပဲလား၊ တစ်ခါတည်း သွားတာပဲလား မသိတာ။
ကဲ… ဂျိန်းစဘွန်းမကြီးစိတ်လျှော့ဟဲ့ စိတ်လျှော့။ သင်ဖြူးလေးခေါင်းရင်းက ကြိမ်ခေါင်းအုံးလေး ပေါ်ကို ဒေစီဂျိန်း ခွေခွေကလေး လှဲချလိုက်တယ်။ ထမင်းလည်း စားချင်တော့ပါဘူး။ အရင်တုန်းကဆို ‘ငါက ထမင်းလက်ဆုံ စားရမှဟေ့နော် အချိန်နဲ့ပြန်လာ’ လို့ ပြောထားတဲ့ စကားကို တစ်သဝေမတိမ်း ဘယ်သွားသွား၊ ဘယ်ခိုင်းလိုက် ခိုင်းလိုက် ထမင်းစားချိန်ဆို တိခနဲ ပြန်ရောက်လာတာပဲ။
ဘုရား… ဘုရား၊ ဘုရားပါဘုရား၊ တရားပါဘုရား၊ သံဃာပါဘုရား။ ဘုရားစာရွတ်ရင်း ဒေစီဂျိန်းအိပ်ဖို့ ကြိုးစားတယ်၊ ခြေသလုံးတွေက ညောင်းလိုက်တာဆိုတာလည်း မပြောနဲ့၊ တစ်နေ့လုံးထိုင်ပြီး ဟောပြော ကြော်လှော်နေရတာကိုး၊ မွေးစားသားစာရှာရတာလေ၊ မွေးစားသားစာ ဝဋ်ပေါ့၊ ဝဋ်… ဝဋ်။
အရင်ကဆို ညောင်းတယ်ဆိုတာနဲ့ နှိပ်ပေး၊ နယ်ပေး၊ ဇက်ကြော်ဆွဲပေး၊ ပျာလို့။ တော်ပါပြီ၊ သင်းအကြောင်း မတွေးတော့ပါဘူး။ တစ်ခုပဲ၊ သင်းသာ ပြန်မလာတော့ဘူးဆိုရင် သင်းလုပ်ပုံကြောင့် အရှက်ကွဲရမှာ တစ်ခုပဲ။ ဒေစီဂျိန်းတော့ ကြီးတောင့်ကြီးမားကျမှ ပစ်သွားပြီ၊ ကောင်လေးက သူ့တက်ပွဲတောင်မနေဘူး၊ ပစ္စည်းတွေလည်း ပါသွားသတဲ့ဆိုပြီး မိန်းမလျာတွေကြားမှာ အတင်းချခံရမှာ။ အို… ဂျိန်းစဘွန်းမပါတဲ့၊ ပြောချင်တာ ပြောကြ၊ အေး… ကြားအောင်သာမပြောနဲ့၊ ဖေရော မောင်ရော စုံနေအောင်တုတ်ပစ်လိုက်မယ် မှတ်ထား။ ဘုရားစာရယ်၊ ဒေါသရယ်၊ မောဟရယ်၊ ညောင်းညာတာရယ်ပေါင်းပြီး ဒေစီဂျိန်းမျက်လုံးတွေ လေးလာပြီး မှေးခနဲ ဖြစ်ရုံရှိသေးတယ်။
မင်းမင်း… မင်းမင်းတဲ့၊ ဟော… သူ၊ သူပြန်လာပြီလား။ ဘယ်လိုလုပ်ပြီး ဒေစီဂျိန်း လူးလဲထထိုင်လိုက်မိမှန်း မသိဘူး၊ ဟင်း… သေချာပါ့တော်…၊ သင်းပြန်လာပြီ၊ သင်းအသံသြသြကို ခွေးချီသွားတောင် မှတ်မိပါ့။
‘ကိုဘစီ… ကိုဘစီ… အိပ်ပျော်နေသလား၊ မင်းမင်းပြန်လာပြီ’
‘အေး… သိတယ်’
အဖုံကြီးကို ပြန်ပြောတဲ့ ဒေစီဂျိန်းအသံက ဘာမှ ထူးထူးခြားခြား မဖြစ်တဲ့အသံ၊ ဒါပေမယ့် ရင်ထဲက အပူလုံးကြီး တရွေ့ရွေ့ကျသွားတဲ့အသံကို ကိုယ့်ဘာသာကိုယ် ပြန်ကြားရပါတယ်။
မျက်လုံးတွေကို ကဗျာ ကယာ ပွတ်သပ် ပစ်လိုက်ရင်း ဝရန်တာကနေ အိမ်ထဲကို ဒေစီဂျိန်း ဝင်လိုက်တယ်။ တံခါး ပေါက်ဝမှာ ခြင်းကြီးနှစ်လုံးကို မနိုင်မနင်း ဆွဲတက်လာတဲ့ မင်းမင်းကို မြင်လိုက်ရတယ်။
‘ဟဲ့… ဘယ်အချိန်ရှိနေပြီတုန်း… နင့်ဥစ္စာက’
မင်းမင်းက မျက်နှာ မကြည်မသာနဲ့ ခြင်းနှစ်လုံးကို ခပ်ဆောင့်ဆောင့်လေး ကြမ်းပေါ် ချတယ်။ စလွယ်သိုင်းလာတဲ့ သားရေအိပ်ကို ဖြုတ်တယ်။
ခုမှ ရှစ်နာရီပဲရှိသေးတယ်၊ ဈေးဝယ်စရာတွေကဖြင့် အများကြီး၊ ခင်ဗျားသစ်ခွပန်းရှာရတာကိုက အကြာကြီးပဲ၊ သေချင်စော်ကို နံရော၊ အိမ်ကနေပြီး ဘာမှလဲ မသိဘဲနဲ့၊ အပြစ်တင်ပြောဖို့ပဲ’
‘ဟဲ့… သစ်ခွပန်းမရတော့ ဘာဖြစ်မှာမို့လဲ၊ တခြားပန်းပန်ရတာပဲ၊ မလွယ်ရင် မဝယ်နဲ့လို့ နင့်ကို ငါမမှာဘူးလားပြော…’
‘ပြောလိုက်ရင်… ဒါမျိုးပဲ၊ နာမည်ကြီး တစ်လုံးနဲ့ လုပ်နေပြီး ခင်ဗျား တက်ပွဲမှာ သစ်ခွပန်းလောက်မှ မပန်ရင် ကောင်းမလား၊ ပုဆိုးအဝါနဲ့ပန်ဖို့က ပင့်ကူသစ်ခွလွယ်လွယ်နဲ့ ရတယ်၊ ပုဆိုးခရမ်းရယ်၊ ချိတ်အနီရယ် ထွက်ရှာရတာ၊ ခရမ်းသစ်ခွနဲ့ အဖြူသစ်ခွက ရှာလိုက်ရတာ ဆိုတာ ခြံတွေထိ ရောက်တယ်။
ဒေစီဂျိန်း တစ်ယောက် ငြိမ်သက်သွားရင်း မိန်းမမျက်စောင်း တစ်ချက်ကိုပဲ့ မဲ့မဲ့ရွဲ့ရွဲ့ ထိုးနိုင်တော့တယ်။ ကျေနပ်နေတဲ့မျက်နှာက မချိုမချဉ်၊ မပြုံးတပြုံး၊ မုန်းဖို့ကို ကောင်းတယ်။ တစ်ခါတည်း တက်ပွဲ ဝတ်ဖို့ ပုဆိုးတွေ သူ့ဟာသူ စီစဉ်၊ သူ့ဟာသူ စီမံ၊ ကိုယ်ကြိုက်တာ ကိုယ်မဝတ်ရတော့ဘူးလား ဘုရာ့။ သူ့သဘော၊ သူ့စိတ်ကြိုက်၊ သူ့အမိန့် မပြောလိုက်ချင်ဘူး။ လူကို ငေါက်ရတာနဲ့ ငမ်းရတာနဲ့၊ အရှင်သခင်ကြီးပေါ့လေ။ ကြည့်ပါလား၊ ပုံစံကိုက၊ ဟိုတုန်းကနဲ့များ တခြားစီ… တခြားစီ၊ အသွေးမမွေးချင်း ဘာမှမဆိုင်တော့ဘူး။ အိန္ဒိယက ပလေကပ်အပြာနဲ့၊ စပို့ရှပ် အပြာစင်းနဲ့၊ နာရီနဲ့၊ တစ်ကျပ်သားဆွဲကြိုးနဲ့၊ လက်စွပ်နဲ့၊ ဟန်းချိန်းနဲ့၊ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တာ မဟုတ်ဘူး ချောကို ချောတယ်။
‘ဟော.. လုပ်ပြီ၊ ခင်ဗျားကတော့ ဗောင်းထဲက ပိုက်ဆံတွေလည်း မသိမ်းဘူး၊ ဒီအတိုင်းကြီး ထားတယ် ဟုတ်လား၊ ထား.. ထား… ဒီလိုသာ ထား… သိလား’
‘ဟဲ့… ဘယ်သူမှ မယူဘူး၊ အိမ်ပေါ်မှာ ငါတစ်ယောက်လုံး ရှိနေတဲ့ဟာ၊ ဘယ်သူ လာယူမှာလဲ’
‘ သြော်… ဟုတ်တယ်၊ ခင်ဗျား ရှိပေမယ့် ခင်ဗျားက ဝရန်တာ ထွက်အိပ်နေတဲ့ ဥစ္စာ၊ ဒီနားက ပစ္စည်းတွေ အကုန်လုံးမသွားတောင် သိမှာမဟုတ်ဘူး’
က္ဇဲပြော… ပြော၊ သူပဲ အသိ၊ သူပဲ အတက်၊ အို… ကိုဖိုးသိ၊ ကိုတက်ပ၊ ဟင်း… လူကိုများ ဝရန်တာထွက်အိပ်နေသတဲ့၊ ထွက်အိပ်နေတာ မဟုတ်ဘူးရှင်ရေ့၊ ထွက်မျှော်နေတာ၊ ထွက်မျှော်နေတာ… ရှင့်ကို ထွက်မျှော်နေတာ၊ ဗောင်းထဲက ပိုက်ဆံတွေလည်း သိမ်းနိုင်ပေါင်ဘူး၊ ယူချင်တဲ့လူ အကုန်ယူပေါ့။
‘ကားက အရေးထဲ စက်ပျက် နေသေးတယ်၊ ထမင်းဆာလိုက်တာ လွန်ရော၊ ခင်ဗျား စားပြီးပြီလား’
ဒေစီဂျိန်းက မူနွဲ့နွဲ့မိန်းမမျက်စောင်းတစ်ချက် လှလှပပ ထိုးပစ်လိုက်တယ်။ ရင်ထဲမှာ ဘုရားပွဲ လှည့်သွားပေမယ့် ဒေစီဂျိန်းရဲ့ ပါးစပ်ဝါသီလေးက မနေသေးဘူး။
‘နင် ဘယ်မှာမှ မစားခဲ့ဘူး ပေါ့လေ… ဟုတ်လား’
‘သြော်… ဟုတ်တယ်၊ ကျုပ်က ဘယ်ကစားခဲ့ရမှာလဲ’
‘မသိဘူးလေ… နင့်မှာ ရှိချင် ရှိမှာပေါ့၊ ဟင်း… မစားခဲ့ဘူးလို့ နင် ကြိမ်ရဲသလား… ကဲ…’
‘ဟာဗျာ… ထမင်း ဆာရတဲ့အထဲ၊ မသိဘူးဗျာ၊ မကျိန်ဘူးဗျာ’
ဒါပဲ… သူ့ပြောလိုက်ရင် ဒါပဲ၊ စိတ်ဆိုးရတာနဲ့၊ စိတ်တိုရတာနဲ့။
‘ဟဲ့… အဖုံကြီးရေ၊ တို့ ထမင်းစားမယ်ဟေ့… အိမ်ပေါ်ယူခဲ့၊ ကဲ… ရေချိုးဦးမှာလား၊ သွား…’
မင်းမင်းက ဒေစီဂျိန်းကို ဘာမှမပြောတော့ဘဲ ရေချိုးဆင်းသွားတယ်။ မှုန်တေတေနဲ့ ရိုက်ချင်စရာ တော်တော်ကောင်းတဲ့ ကောင်လေး။
အဖုံကြီးလာချတဲ့ ပုစွန်ချဉ်သုပ်ပန်းကန်ထဲက တစ်ဇွန်း ဆိုးဆိုးဆတ်ဆတ် ကော်စားမိတော့မှ ဒေစီဂျိန်း ဗိုက်ထဲက တအား ဆာလာတယ်။
သြော်… ခုနကတော့ ရင်ပြည့်သလို ရင်ကယ်သလို ဘာမှ မစားချင် မသောက်ချင်။ စိတ်… စိတ်။ ငါးဆယ်ကျော် ဂျိန်းစဘွန်းမကြီး ခံပေဦးဟဲ့… ခံပေဦး။

ဒီလိုလေးပြန်ပြောခဲ့ပါတယ်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s