ယုန်ထိုး
ဝါခေါင်လဆန်း ၁၃ ရက်
‘ဟေ့… ဒီနယ်မြေဟာ မင်းနှစ်ပါးက ဖန်ဆင်းပေးထားတဲ့ စိတ်လွတ်လပ်မှု နယ်မြေတွေ။ ဒီနယ်မြေမှာ ဒီခုနစ်ရက်မှာ လူတွေရဲ့… စိတ်တွေကို အစွမ်းကုန် လွတ်လပ်ခွင့်ပေးသနားတော်မူထားတယ်။ စီးပွားရေးတွေ၊ လူမှုရေးတွေ၊ ဒေါသ၊ လောဘ၊ မောဟတွေနဲ့ ဖိစီးထားတဲ့ လူတွေရဲ့ စိတ်ကလေးတွေဟာ သနားစရာကောင်းလောက်အောင် သိပ်ကို မွန်းကျပ်ပိတ်လှောင်ခံထားရတာ။ ကဲ… အဲဒီစိတ်ကလေးတွေကို လွှတ်ပေးလိုက်ကြစမ်း။ အနားပေးလိုက်ကြစမ်း။ ကိုယ်တော်တို့ အမိန့်ပေးတော်မူတယ်။ စိတ်လွတ်ကိုယ်လွတ် ပျော်လိုက်ကြစမ်း။ စိတ်လွတ်ကိုယ်လွတ် ပျော်နိုင်တယ်ဟေ့’
ခရမ်းပြာရောင် စီကေ ပိုးပြောင်ရှပ်လက်ရှည်၊ ခရမ်းပြာရောင် ပိုးယောပုဆိုး၊ လည်ပင်းမှာ ခရမ်းနုရောင်ပဝါ မခို့တရို့ ချည်နှောင်ထားပြီး အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်၊ ချောချောလှလှမျက်နှာလေးမှာ မိတ်ကပ်တွေ ဖုံနုနေတဲ့ တက်သစ်စ နတ်ကတော် မိန်းမလျာလေး သင်းကြိုင်ရဲ့ စကားအထူးအဆန်းတွေကို လက်ဟောင်းနတ်ကတော်ကြီး ဒေစီဂျိန်းတစ်ယောက် ငေးမောနားထောင်နေရတယ်။
ဘာတွေလဲဟဲ့။ စာစကား ပေစကားနဲ့ ခေတ်ဆန်လိုတ်တာ။ နားမလည်ပေါင်တော်။ သင်းက တတ်မှာပေါ့။ ဘွဲ့ရပညာတတ်မကိုး။ အသက်ကလည်း သုံးဆယ်ကျော်ရုံ ရှိသေးတာ။ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ‘နတ်မင်းသားလေး သင်းကြိုင်၊ သင်းကြိုင်’နဲ့ လျှမ်းလျှမ်းတောက် ဖြစ်လာတဲ့သူပေါ့။ ဒေစီဂျိန်းတို့ရဲ့ ‘နတ်လောကရဲ့ လင်းဇာနည်ဇော်ကလေး’ပေါ့။ သူ့နန်းကလည်း ငါးခန်းတွဲ၊ ခြောက်ခန်းတွဲစာလောက်တော့ ရှိမယ်။ အိမ်ဝိုင်းတစ်ခုထဲမှာ တဲကြီး အကြီးကြီးတစ်လုံးထိုးခိုင်းပြီး ငှားလိုက်တာပေါ့။
ဒီကောင်မ ရပ်ဝေးတပည့်တွေကလည်း မနည်းပါပဲလား။ အိပ်သူအိပ်၊ ထမင်းစားသူစား၊ ကန်တော့ပွဲပြင်တဲ့သူ ပြင်နဲ့။ သူ့ဘေးနား နတ်မေးတဲ့သူတွေကလည်း မေးနဲ့။ ကိုယ်ရောက်တာတောင် ဒီကောင်မ ‘မာမီ… ခဏနေဦးနော်’ ဆိုပြီး လက်အုပ်ချီ ထိုင်ခိုင်းပြီး နတ်ဆက်ဟောနေရတယ်။
သူ့လင်ကလေးကတော့ လက်ဖက်ပွဲတွေ၊ မုန့်ပွဲတွေနဲ့ လာဧည့်ခံထားတယ်။
ကောင်လေး တော်သားပဲ။ ရုပ်ကလေးကလည်း ချောရှာတယ်။ နှုတ်ခမ်းမွေးကလေးနဲ့ ကုလားမင်းသားလေးလိုပဲ။ ဟိုကောင်မသင်းကြိုင် မှာထားတယ် ထင်ပါရဲ့။ ကိုယ့်နား လာမထိုင်ရဲဘူး။ စကားအပြောရဲဘူး။ တခြားအလုပ်တွေပဲ လျှောက်လုပ်နေတယ်။ သူများလင်တွေများ တော်ပါ့။ သူများအိမ်ကဟာမြင် ကိုယ့်အိမ်ကဟာမလိမ္မာတော့ ကိုယ့်မယ် အသက်ကြီးတောင့်ကြီးမားကျမှ အမှုပွေတဲ့ ယုမေ ဖြစ်ရတယ်။ မနေ့ညက ကိုဟိုဒင်းလေး သုံးနာရီလောက်မှ ပြန်လာတယ်။ ခု မနက်လင်းတာနဲ့ စားသောက်ထွက်သွားလိုက်တာ။ ကိုယ့်မယ် ဧည့်သည်တွေနဲ့ ရှုပ်ရှက်ခတ်တဲ့ကြားက လင်ပျောက်ရှာပုံတော် ဖွင့်ရတယ်။ စုံနံ့သာမြိုင် ကရဦးမယ်။ ဂျိန်းစဘွန်းမကြီးတို့သိပြီလေ။ ဒါလောက်ဆို သိပြီ။ ဒီခြေလှမ်းမျိုးဟာ ဘာဆိုတာ သိပါတယ်။ သိလို့ တားခဲ့ရပေါင်း၊ လိုက်ခဲ့ရပေါင်းတွေ များလှပေါ့။ လင်စိတ်ကိုး၊ ငယ်ထိပ်တက်တာကိုး။ ကိုယ်ကချစ်တော့ မပစ်နိုင်တော့ ဖတ်သီဖတ်သီနဲ့ စုံနံ့သာမြိုင် ကဟဲ့… ကဟဲ့… ခုဆို သင်းသွားတတ်တဲ့ ကနားတဲတွေ စုံပြီ။ လှသူဇာမေတို့ ကနားလည်း ရောက်ခဲ့ပြီ။ အင်္ကျီလည်ဟိုက်ပေ့ဆိုတာ အမြဲဝတ်ပြီး ကြွေကလပ် အနိမ့်လေးကို ကုန်းကုန်ပြီး ကြွေခေါက်နတ်ဟောတဲ့ မိန်းမစစ်နတ်ကတော် မခင်ဌေးကနားလည်း ရောက်ခဲ့ပြီ။
ကိုယ်နိုင်တဲ့ဟာတွေဆိုတော့ ဆဲဆို ကြမ်းရမ်းခဲ့တယ်။ သူတို့ကာထားတဲ့ နောက်ထဲကိုတောင် ဝင်မွှေပစ်ခဲ့တယ်။ လူတိုက်နတ်တိုက်စုံအောင်ကို လုပ်ပစ်ခဲ့တယ်။
ဟိုကောင်မ ငွေခင်ဆီလည်း ရောက်ခဲ့တယ်။ စောစောစီးစီး ဘယ်လေလွင့်နေတယ် မသိဘူး။ မတွေ့ခဲ့ရဘူး။ တစ်ကနားဝင် တစ်ကနားထွက်နဲ့ လူလည်း မောလို့။ သင်းကြိုင်ကနား ဝင်ဝင်ချင်းဘိလပ်ရည်တစ်လုံး ငါ့ပေးစမ်းဟဲ့ဆိုပြီး တောင်းသောက်ရတယ်။ သြော်… ဝဋ်ရှိသမျှ ခံရုံရှိတာပေါ့။ ဘာတက်နိုင်မလဲ။
‘သူတော်မဟုတ် သူယုတ်မာတွေနဲ့ ပေါင်းတော့ နင် လူလိမ်ခံရတာပေါ့။ နင် ဆုံးသမျှ၊ ရှုံးသမျှ ပြုံးရအောင် ကိုယ်တော်လုပ်ပေးရင် ကျေနပ်တယ် မဟုတ်လား။ ရော့… လိမ်တဲ့ လူအပေါ် မော်နိုင်အောင်လို့ ဒီပဝါ အမြဲဆောင်ထား’
တယ်ဟုတ်ပါလားဟဲ့။ ဒါမျိုးတွေကြောင့် ဒီကောင်မ နာမည်ကြီးပေတာပဲ။ သင်းကြိုင်ပေးတဲ့ ပဝါလိမ္မော်ရောင်ကို တရိုတသေယူနေတဲ့ မိန်းမနဲ့ စီးကရက်ကို ဟန်ပါပါခဲထားတဲ့ သင်းကြိုင်ကို ဒေစီဂျိန်းက တစ်လှည့်စီ ကြည့်ရင်း စီးကရက်ခိုးတွေကြားကနေ အဓိပ္ပာယ်ပါတဲ့ မျက်လုံးကို ဒေစီဂျိန်းဆီ လှမ်းပစ်တယ်။
‘ဟေ့… ဒီနေ့ဘာနေ့လဲကွ’
‘ယုန်ထိုးနေ့ပါ ဘုရာ့’
‘အေး… ကိုယ်တော်ကြီးတို့အတွက် ယုန်ထိုးရတဲ့နေ့၊ ယုန်လိုက်ရတဲ့နေ့၊ ယုန်ထိုးနေ့၊ ကိုယ်တော်ကြီးနှစ်ပါးဟာ နတ်ဘဝကနေ လူယောက်ဖန်ဆင်းပြီး ဟောဒီတောင်ပြုန်းရွာက ထန်းတောမှာ ထန်းရည် လာလာသောက်တော့ တစ်နေ့မှာ ထန်းသူကြီးက ယုန်သားကင်ကို အမြည်းအဖြစ် ဆက်တာကိုး။ အဲဒီမှာ ယုန်ကင်ကို မြည်းတော့ အင်မတန် အရသာရှိလွန်းတော့ ထန်းသူကြီးကို ခေါ်ပြီး ဟဲ့… မောင်မင်း၊ ဒါ ဘာသားလဲဟဲ့၊ အမြန်လျှောက်တင်စမ်း ဆိုတော့မှ ယုန်ကင်ဖြစ်ကြောင်း သိရတဲ့အခါ လူအသွင်က နတ်အသွင်ဖန်ဆင်းပြီး တောင်ပြုန်း မင်းညီနောင် ကိုယ်တော်နှစ်ပါးကြွလာတိုင်း ယုန်ကင်ဆက်စေ’အမိန့်တော် ချမှတ်လိုက်တယ်။
‘အဲလိုနဲ့ မင်းနှစ်ပါးကြွလာတိုင်း ယုန်ကင်ဆက်ဆက်နဲ့နေတုန်း တစ်နေ့ကျတော့ မင်းနှစ်ပါးအတွက် ဆက်ဖို့ယုန်ကို မိန်းမကြီးတစ်ယောက်က လှောင်အိမ်ကနေ လွှတ်ပစ်လိုက်တော့ မင်းနှစ်ပါးကြွလာတော့ ဆက်ဖို့ ယုန်ကင်မရှိဘူး။ အဲဒီတင် မင်းနှစ်ပါးက စိတ်ဆိုးပြီး တစ်ခါတည်း ဆူပူကြိမ်းမောင်း၊ အစွမ်းကုန် ဆဲဆိုသတဲ့။ အဲဒီတုန်းက မင်းနှစ်ပါးက ငယ်လည်း ငယ်သေးတဲ့အရွယ်တွေမဟုတ်လား။ အဲဒီဆဲတာကို အကြောင်းပြုပြီး မင်းနှစ်ပါး ပွဲတော်ကျင်းပတဲ့အခါ ဒီနေ့ လဆန်း ဆယ့်သုံးရက်နေ့ကို ယုန်ထိုးနေ့လို့ သတ်မှတ်ပြီး ယုန်ကင်ဆက်ရတဲ့ ရွာက ယုန်ကင်များကို လာဆက်သရတယ်။ ဆက်သဖို့အတွက် လာရာလမ်းတစ်လျှောက်မှာ ယုန်ကင်ဆက်သူများက မည့်သူ့ကိုမဆို ကြိုက်သလို အဆဲမျိုးစုံနဲ့ ဆဲဆိုနိုင်တယ်။ ဆဲဆိုခံရသူများကလည်း စိတ်မဆိုးဘူး။ ဆဲဆိုသူများရော၊ ဆဲဆိုခံရသူများရော ဒီနေ့ ဒီရက်မှာ အစွမ်းကုန် ဆဲဆိုနိုင်လေ၊ အစွမ်းကုန် ဆဲဆိုခံရလေ ဒီနှစ်အဖို့ လာတ်လာဘ ပေါများပြီး စည်းစိမ်ဥစ္စာတိုးတက်လေပဲ။ မကြာခင်မှာ နန်းကြီးနားကို ယုန်ဆက်သူတွေ ရောက်တော့မယ်။ သွားပြီး အဆဲခံချည်ကြ။ ဟိုနားက မောင်းမကြီးရော အဆဲခံဖို့ မသွားဘူးလား။ ဂျိန်းဆိုတဲ့ မောင်းမကြီး’
ကြည့်… ကြည့်… သင်းကြိုင်… သင်းကြိုင်၊ ဂျိန်းစဘွန်းကို လှမ်းလုပ်တာ သူက။
‘မှန်ပါ… လေကို မကြိုက်၊ လက်တွေ့ကိုသာ ကြိုက်ကြောင်းပါ ဘုရာ့’
ကဲ… မှတ်ကရော။ ခုမှ နင့်မျက်လုံးပြူးမသွားနဲ့ နတ်လင်းဇာနည်ဇော်မ။ ငါ့အကြောင်းလည်း နင်သိတယ်။ ငါ ငယ်ငယ်က ယုတ်ထိုးတဲ့နေ့ ဘယ်လိုလုပ်တယ်ဆိုတာ နတ်ကတော်တိုင်း သိတယ်။
အိုး… ငယ်ငယ်ကတော့ ဂျိန်းစဘွန်းမပီပီ သောင်းကျန်းသလားလည်း မမေးနဲ့။ ယုန်ထိုးတဲ့နေ့ဆို ပျော်လွန်းလို့ နန်းကြီးနားက သွားစောင့်တာ။ ယုန်ကင်ဆက်တဲ့သူတွေ လာပြီဆို ရှေ့နားကနေ အတင်းသွားရပ်တာ။ ယုန်ကင်ဆက်တဲ့ သူတွေက ယောက်ျား၊ မိန်းမ၊ ငယ်သူရော၊ ကြီးသူရော၊ အဘိုးကြီး၊ အဘွားကြီးတွေရော၊ ဆိုင်ရာပိုင်ရာ၊ ရိုးရာရှိသူတွေ အကုန်လိုက်ရတာကိုး။ အဘိုးကြီး အဘွားကြီးတွေဆို သိပ်ရယ်ရတာပဲ။ လူငယ်လူရွယ်တွေလို အော်ဟစ်မဆဲရဲတော့ ပါးစပ်ကလေးတွေ လှုပ်လှုပ် လှုပ်လှုပ်နဲ့ပဲ အသံမထွက်ဘဲ ဆဲနေကြတာ။ ဂျိန်းစဘွန်းတို့နဲ့တွေ့တော့ အဲဒီအဘိုးကြီးတွေကို လိုက်စတာ။ အတင်းအော်ဆဲခိုင်းတာ သိပ်ရယ်ရတာပဲ။ လူငယ်လူရွယ်တွေ မကြားဝံ့ မနာသာဆဲတဲ့ အဆဲမှန်သမျှကိုလည်း ဂျိန်းစဘွန်းမက အကုန်လက်ခံတဲ့အကြောင်း ပြန်အော်တာ။ ဂျိန်းစဘွန်းမကို အားလုံးက သြချယူရတယ်။
ခုချိန်လောက်ဆို နန်းကြီးအဝကနေ နတ်အုတ်မင်းတို့၊ မိဖုရားကြီးတို့၊ ဝန်ကြီးလေးပါး၊ အမတ်ချုပ်ကြီး၊ သိုးဆောင်း ဗောင်းဆောင်းတွေအားလုံး ယုန်ကြိုနေကြလောက်ပြီပေါ့။ တကယ်ဆို ဗောင်းတစ်ဗောင်းဖြစ်တဲ့ ဒေစီဂျိန်းလည်း သွားရမှာပဲ။ ဒီမှာ လင်မှုပွေနေရတာနဲ့ ဘယ်သွားနိုင်လို့တုန်း။
‘သြော်… လာဟဲ့၊ ရှေ့တိုးခစား။ စတီရီယိုဆိုမလို့ ဆိုတဲ့ ဟာလေးလား’
နတ်မေးတဲ့ အုပ်ထဲကနေ ရှေ့တိုးလာတဲ့ ကောင်မလေးဆီက နှစ်ရာတန်ငါးရွက်ကို သင်းကြိုင်တို့က ဖျတ်ခနဲဆွဲယူပြီး နဖူးထိပ်မှာ ကပ်ပြီး လက်အုပ်ချီလိုက်တယ်။
‘အနုပညာသည်ပါ ဘုရာ့၊ ရုပ်ကိုလည်း လှူပါတယ်။ အသံကိုလည်း လှူပါတယ်ဘုရာ့။ မျက်နှာမြင် ချစ်ခင်ပါစေ၊ အသံကြား သနားပါစေ၊ ပြိုင်သူတိုင်းကို နိုင်ရပါစေ ဘုရာ့’
လုပ်လိုက်ပြန်ပြီ။ နတ်မင်းသားလေးတို့ကတော့ ဆုတောင်းဆုယူများ သူ့အတု ခိုးရဦးမယ့်ပုံပဲ။ သင်းက ငယ်ငယ်လေးကတည်းက ဘောင်းဘီတိုလေးနဲ့ နတ်လိုက်တင်ပေးနေတဲ့ အာဇာနည်မပဲ။ ဒါလောက်တော့ အသာလေးပေါ့။ သင်းက မျိုးနဲ့ရိုးနဲ့ နတ်ကတော်မ။ သင်းဦးလေးအရင်းက နတ်ကတော်လေ။ မိန်းမလျာမပဲ။
မိန်းမလျာဖြစ်တာကလည်း မျိုးနဲ့ရိုးနဲ့ပဲ။ ကျောင်းစနေတဲ့ အရွယ်လောက်ကတည်းက အိမ်ကအလစ်မှာ ပြေးပြေးပြီး ဦးလေးလုပ်သူနတ်ပွဲမှာ ဝင်ဝင်ကတာ။ အိမ်က ရိုက်နှက်ဆုံးမ၊ အမျိုးမျိုး ဆူပူကြိမ်းမောင်းလည်း မရ။ ဘယ်ရမှာတုံး။ ဒီလိုင်းက ဝင်မိရင် သွားတာပဲ။ လိုင်းဝင်သွားလို့ကတော့ သွားပြီသာမှတ်။
ဒီကောင်မက စန်းကလေးကတော့ ရှိတယ်။ သူ့ဦးလေး နတ်ပွဲတစ်ခုမှာ ကိုကြီးကျော်ပူးနေတုန်း သူရောက်သွားတော့ ကလေးဆိုတော့ ဘာမသိ ညာမသိ နတ်ဝင်ပူးပြီး ဝင်ကပစ်လိုက်တော့ နတ်ပရိသတ်တွေလန့်ပြီး သူ့ကို ယုံတာ။ နတ်ပွဲမှာ ကိုကြီးကျော်ဆိုတာ မိန်းပွိုင့်၊ သူပူးနေတုန်း ဘယ်နတ်မှ ပူးရတာ မဟုတ်ဘူး။ ကိုကြီးကျော်ပူးနေတုန်း ဝင်ပူးရဲတဲ့ နတ်ဆိုတာ ရှားမှရှားတာကိုး။ အဲဒီထဲက သူ့ကို တော်တော်ယုံသွားကြတာ။ သူ့နတ်တွေ လိုက်တင်ပေးတော့ ရှစ်တန်းရှိသေးတယ်။ ဘောင်းဘီတိုလေးနဲ့။
သူ နတ်ပွဲစကတာ ပြောပြတာများ ရယ်လည်း ရယ်ရတယ်။ ကောင်မက အပြောလည်း ခပ်ကောင်းကောင်း။ မာမီရယ်… ကုသိုလ်ကံဆိုတာ ဆန်းကြယ်လိုက်တဲ့။ ဗိုလ်ချုပ်ဈေးက အလှပြင်ဆိုင်တစ်ခုမှာ ကိုယ်က တကယ်တော့ သူငယ် သွားငမ်းတာ။ ဒါပေမယ့် ဟိုမှာ ဘာတွေ သွားတွေ့လဲဆိုတော့ မိုးကုတ်က ကျောက်ကုန်သည်မတွေနဲ့ သွားတွေ့တယ်တဲ့။ သူတို့မှာ တော်တော်အဖိုးတန်တဲ့ ကျောက်တစ်လုံးက ဘယ်လိုမှ ရောင်းမထွက် ဖြစ်နေတယ်။
နည်းတွေလည်း စုံနေပြီ။ နောက်ဆုံး နတ်မေးဖို့ လုပ်နေတုန်း ကိုယ်နဲ့သွားတွေ့တာတဲ့။ အလှပြင်ဆိုင်က သူငယ်ချင်းမတွေက နတ်ကတော်ကြီးတွေဆီမသွားနဲ့။ ပိုက်ဆံကုန်တယ်။ ဟောဒီကောင်မက နတ်ထပ်တယ်။ အောင်မြင်မှပေး၊ မေးဆိုပြီး လုပ်ကြတော့ ကိုယ်ကလည်း ဟောချပစ်လိုက်တယ်တဲ့။ ဟဲ့… ပစ္စည်းကို မူလက လာတဲ့အရပ်မှာ ပြန်ရောင်း။ ဒါမှ ရောင်းရမယ်။ ဒီမှာ ဘယ်လိုလုပ်လုပ် မရဘူးလို့ ဟောချလိုက်တယ်။
ပြီးတော့ အေး… အောင်မြင်ရင် နတ်ပွဲ၊ ပျော်ပွဲသုံးရက် ကနားပေးရမယ်ဆိုတော့ ပေးပါမယ်တဲ့။ အဲဒါ သူတို့က မန္တလေးပြန်သွားပြီး မန္တလေးမှာ အရောင်းအဝယ်လုပ်တာ ချက်ချင်းရောင်းရရော။ ကတိတည်ပါတယ်။ သူတို့က ရန်ကုန်ပြန်လာပြီး သုံးရက်ကနားအတွက် ငွေနှစ်သောင်းအပ်တယ်တဲ့။ အဲဒီအချိန်က သုံးရက်ကနားတစ်ပွဲကို ရှစ်ထောင်လောက်ပဲ ကုန်တဲ့အချိန် နှစ်သောင်းဆိုတာ ဘယ်နည်းမလဲ။ အဲဒီတော့ ပျော်ပြီး တစ်သောင်းကို ဦးလေးနတ်ကတော်လက်ထဲအပ်၊ အကုန်စီစဉ်ပေးပါပေါ့။ ကျန်တဲ့တစ်သောင်းကိုတော့ ငါးပြား တစ်စေ့မကျန်အောင် အဝတ်အစားတွေ ဝယ်ချုပ်ပစ်လိုက်ရော။ နတ်ပွဲစမယ့်နေ့ရောက်တော့ ဦးလေးလုပ်သူက ရက်မှားပြီး မဏ္ဍပ်လည်း လာမထိုးဘူး။ လူလည်း မလာဘူး။ ကနားစီးအသစ်မယ် ငိုရတာပေါ့။ ကျောက်ကုန်သည်မတွေကတော့ ရပါတယ်ပေါ့။ ကလေးသုံးပစ်လိုက်လို့ ပိုက်ဆံတွေ ကုန်သွားလည်း သူတို့ ကျေနပ်ပါတယ်ပေါ့။
ဒါနဲ့ နောက်နေ့ကျတော့မှ လင်းတာနဲ့ ဝုန်း…ဝုန်းဆို မဏ္ဍပ်ကားကြီး ဆိုက်လာပြီး မဏ္ဍတွေထိုး၊ ပွဲတွေပြင်နဲ့ ဦးလေးလုပ်သူက လာလုပ်ရော။ အဲဒီမှာ စားတော်စာတွေအတွက် ဦးလေးလုပ်သူက လုပ်မလာတော့ ရော့…သွားပေါင်ဆိုပြီး လက်စွပ်ချွတ်ပြီး ငါးရာနဲ့ပေါင်၊ စားတော်စာလုပ်၊ ပြီးတော့ ဂျိန်း…ဂျိန်းဆို ပူးချလိုက်တယ်။ ပူးတာကတော့ လွယ်တာပေါ့။ ဒါပေမယ့် သူ့မှာ ပရိသတ်က မရှိ၊ ဘာမရှိ အလုပ်တတ် လုပ်တတ်နဲ့ အားငယ်နေရတဲ့အထဲ ကျောက်ကုန်သည်မတွေနဲ့ အဖော်လိုက်လာတဲ့ မန္တလေးသူဌေးတွေက နတ်ပွဲမကဖြစ်ဘူးဆိုပြီး ရထားလက်မှတ်ယူထားတော့ အဲဒီနေ့ ပြန်ကြတာ။ သူ နတ်ကနေတုန်း ဘူတာဆင်းကြတော့ တစ်ခါတည်း သူကလည်း စွတ်ရွတ်ပြီး ‘ဟေ့…နေဦး၊ နင်တို့ ဘယ်လိုမှ သွားမရဘူး။ ငါ့ဆီကို နင်တို့ ပြန်ကို ပြန်လာရမယ်။ ဒီနေ့ မန္တလေးကို နင်တို့မပြန်ရဘူး’လို့ ဟောပစ်လိုက်တယ်။
သွားပြီး ခဏလောက်လည်းနေရော မဏ္ဍပ်ရှေ့ကို ကားကြီးဝေါခနဲ ပြန်ဆိုက်လာတယ်။
သူတောင် လန့်သွားတယ်တဲ့။ အဖြစ်က ဒီမှာနေခဲ့တဲ့ ကျောက်ကုန်သည်မတွေဆီ သူတို့သောတွဲ မေ့ကျန်နေခဲ့လို့ ပြန်လာရတာ။ အဖြစ်က….
ဒါပေမယ့် သင်းကြိုင်တို့ဟောချက် မှန်လေခြင်း ဖြစ်ပြီလေ။ အဲဒီသူဌေးတွေက တောက်လျှောက် ကိုးကွယ်တော့တာပေါ့။
ဒီကောင်မ အဲဒီပွဲပြီးကတည်းက ကနားစီးဖြစ်တော့တာပဲ။ နတ်မင်းသားလေး သင်းကြိုင်… သင်းကြိုင် ဖြစ်တော့တာပဲ။ ခေတ်အလိုက်၊ ခေတ်အကြိုက်ကို ယုတ္တိယုတ္တာနဲ့လည်း သူက ပြောတတ်၊ ဟောတတ်၊ ရှင်းတတ်လင်းတတ်တာကိုကလည်း သူများ နတ်ကတော်တွေထက် တစ်ပန်းသာတယ်။ ခေတ်ပညာတတ်တွေကို သူက စည်းရုံးနိုင်တယ်။ သူ့မှာ အလွှာအသီးသီးက နတ်တပည့်တွေ ရှိတယ်။
‘နတ်ဆိုတာကတော့ အငွေ့အသက်နဲ့ ကပ်တယ်၊ ပူးတယ်၊ တုန်တယ်။ ဒါပေမယ့် သတိလစ်သွားတာတော့ မဟုတ်ဘူး။ မူးမေ့သွားတာတော့ မဟုတ်ဘူး။ မေ့ပြီး ဘာမှ မမှတ်မိတော့ဘူးဆိုတာ လိမ်တာ။ နတ်က သိတယ်။ လူပူးတာပဲ၊ မသိဘဲ နေမလား’
အဲ… အဲဒါမျိုးတွေပေါ့။ အလှည့်အပတ်ကလေးတွေနဲ့ ပြောတဲ့ နေရာမှာတော့ မတွေ့ဘူးလား။ နတ်မေးတဲ့အုပ်ထဲက နတ်ဗဟုသုတ ရှာသူတစ်ယောက်ဟာ ခေါင်းတညိတ်ညိတ်နဲ့ ဖြစ်နေတယ်။
‘နတ်ပူးတယ်ဆိုတာ လိမ်တာ။ နတ်ကတော်တွေက လူတွေကို လိမ်စားတာ။ ဟောဒီ တောင်ပြုန်းပွဲကြီးဟာ နတ်ကတော်တွေ လိမ်စားတဲ့ပွဲဆိုပြီး မင်းတုန်းမင်းတရားကြီး လက်ထက်မှာ တောင်ပြုန်းပွဲကြီးကို ပိတ်ကို ပစ်လိုက်တာ ကြားဖူးမှာပေါ့။ မင်းတုန်းမင်းတရားကြီးလက်ထက်ကစပြီး သီပေါမင်းလက်ထက်ထိ တောက်လျှောက်ပိတ်ထားတာ ဘယ်အချိန်ကျမှ ပြန်ဖွင့်တာလဲဆိုတော့ အင်္ဂလိပ်အစိုးရလက်ထက်ကျမှ ပြန်ဖွင့်တာ။ အဲဒီပြန်ဖွင့်တဲ့အချိန်ကစပြီး ဒီနေ့ထိ တောင်ပြုန်းပွဲကြီးဟာ တစ်နှစ်ထက်တစ်နှစ် စည်ကား၊ စည်ကားလာနေတယ်။ နတ်ကိုးကွယ်သူတွေ များများလာတယ်။ အဲဒါ ဘာကြောင့်လဲ။ လူဆိုတာ ကိုယ့်ဘဝ လူမှုရေး၊ စီးပွားရေး အဆင်မပြေတော့ဘူးဆိုရင် ကိုးကွယ်ရာ တိုင်တည်ရာ သိပ်ရှာချင်တဲ့ လူစားမျိုး မဟုတ်ဘူးလား။ အင်္ဂလိပ်အစိုးရ တောင်ပြုန်းပွဲ ပြန်ဖွင့်တာကိုက ရည်ရွယ်ချက်ရှိတယ်။ ပြည်သူပြည်သားတွေ ပျော်ပါစေတော့၊ ပါးပါစေတော့ဟဲ့ ဆိုတဲ့ ရည်ရွက်ချက်လို့များ မထင်နဲ့။ အဲဒီစေတနာ တစ်ပြားသားမှ မပါဘူး။ မြန်မာတွေ သူ့ကျွန်ဘဝနဲ့ ဝမ်းနည်းအားငယ်နေတဲ့အချိန်၊ ကျွန်ပြုသူ အင်္ဂလိပ်ကို အမုန်းကြီးမုန်း၊ စိတ်နာနေတဲ့အချိန်မှာ တမင်တကာ အာရုံပြောင်းသွားအောင် လုပ်တာ။ ပွဲကြိုက်တဲ့ အပျော်အပါးကြိုက်တဲ့ မြန်မာတွေကို ပွဲလမ်းသဘင် အပျော်အပါးတွေနဲ့ အာရုံပြောင်းပေးတာပေါ့။ ပြီးတော့ အချိန်ကလည်း အံကိုက်လေ။ ကိုယ့်အရှင်သခင်နှစ်ပါး ပါတော်မူသွားလို့ တိုင်းပြည်က လွမ်းနေကြတဲ့အချိန်ဆိုတော့ တောင်ပြုန်းမင်းညီနောင် အရှင်နှစ်ပါးကိုပဲ အတိုးချပြီး ချစ်ကြ၊ ကိုးကွယ်ကြတော့တာပေါ့။ လူတွေ အချိန်အကြာကြီး ခေါ်ချင်နေခဲ့တဲ့ အရှင်နှစ်ပါး၊ အရှင်နှစ်ပါးဆိုတာကို အဲဒီကျမှ အားရပါးရ ခေါ်ရတော့တာကိုး။ လူတွေလွမ်းနေခဲ့တဲ့ နန်းတော်ကြီးတို့၊ မိဖုရားကြီးတို့၊ ဝန်ကြီးတို့၊ အိပ်ဖန်စောင့်တို့ဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းတွေကို တောင်ပြုန်းပွဲမှာ မြိန်ရေရှက်ရေ သုံးကြတာကိုး။ အင်္ဂလိပ်အစိုးရက တိုင်းသူပြည်သားတွေရဲ့ရင်ထဲက အမုန်းစိတ်တွေကို လျော့အောင် လုပ်တဲ့ပွဲမှာ နတ်ကတော်တွေက တန်ဆာခံတွေပါနော်။ နတ်ကတော်တွေ လိမ်စားဖို့ တောင်ပြုန်းပွဲကို ဖွင့်ပေးတာမှ မဟုတ်ပဲ။ တိုင်းပြည်ကို သူတို့လိမ်စားဖို့ တောင်ပြုန်းပွဲကို ဖွင့်တာ။ အေး… ဒါပေမယ့် နတ်ဆိုတာတော့ ရှိတယ်။ နတ်ကတော်ဘာတဲ့ သင်းကြိုင်တို့ရဲ့ မာမီဂျိန်းရဲ့ လက်သုံးစကား နတ်ကတော်ဆိုတာ ငရဲအိုးနှုတ်ခမ်းပတ်ပြေးနေတဲ့ သူတဲ့ ဟုတ်ရဲ့လား’
နောက်သလို ပြောင်သလို လုပ်ချလိုက်တဲ့ သင်းကြိုင်ကို ဒေစီဂျိန်းက အသံမထွက်တဲ့နည်းနဲ့ ဆဲလိုက်တယ်။ ဒီကောင်မဟာ တက်သလောက် စကားလည်း များသလား မမေးနဲ့။ ငမင်း သဲလွန်စသင်းဆီကများ ရမလားလို့ ခဏဝင်မိတာ သင်းစောင့်နေရတာပဲ မပြီးနိုင်ဘူး။
‘ခုနပြောတဲ့ ယတြာက ဘယ်ဘုရားမှာ ချေရမှာလဲ ကိုသင်းကြိုင်’
‘ဆုတောင်းပြည့်ဘုရားမှာ ချေရမယ်။ ကန်တော့ပွဲ သုံးပွဲနဲ့ နှင်းဆီအနီရဲရဲ တစ်စည်း။ ရှိရဲ့လား၊ အိမ်အနီးအနားမှာ ဆုတောင်းပြည့်ဘုရား။ မရှိရင်လည်း ဒီမှာလုပ်။ ပိုတောင်ကောင်းသေး။ ဒီတောင်ပြုန်းစေတီဟာ ဆုတောင်းပြည့်စေတီပဲ။ လုပ်မလား။ လုပ်မယ်ဆို ကန်တော့ပွဲဖိုး ငါးရာ့ငါးဆယ်ထားခဲ့။ ကျုပ်ပဲ မနက်စောစောထပြီး လုပ်လိုက်မယ်’
ပိုက်ဆံအိတ် နှစ်တောင်လောက်ရှိတဲ့ အမျိုးသမီးဆီက ငါးရာ့ငါးဆယ်ကို သင်းကြိုင်က အရေးမစိုက်လေဟန် ကန်တော့ပွဲထဲ ထိုးညှပ်လိုက်ပြီး ဒေစီဂျိန်းဆီ ထလာတယ်။
‘သွားမယ်… ကိုသင်းကြိုင်’
‘ဟုတ်ကဲ့၊ ကောင်းပါပြီ။ အားလုံးစိတ်ချပါ’
မိန်းမလျာ နှာသံ ကြာသံ မူနွဲ့နွဲ့လေးနဲ့ ယဉ်ကျေးဖွယ်ရာ လုပ်နေတဲ့ နတ်လင်းဇာနည်ဇော်မနားကို ဒေစီဂျိန်းက အသာကပ်လိုက်တယ်။
‘နောက်နေ့ မနက်ကျ ဆုတောင်းပြည့်ဘုရားကို နင် အစောကြီး ထသွားမှာပေါ့ ဟုတ်လား’
သင်းကြိုင်က မိန်းမလျာမျက်စောင်းကို အားပါးတရ ထိုးလိုက်တယ်။
‘အားအားယားယား မာမီပဲသွား။ ကျုပ်က ဘယ်တုန်းကများ မနက်စောစောထတဲ့ ကောင်မမို့လို့လား၊ ပြောပါဦး’
နှစ်ယောက်သား လက်ဝါးချင်းရိုက်ပြီး တဟားဟား ရယ်လိုက်ကြတယ်။
‘ကဲ… ပြော၊ မာမီ ဘာစားဦးမလဲ။ ဘာလုပ်ပေးရမလဲ။ ဖိုးချစ်ရေ၏၏၏ ငါ့ကို ပက်စီတစ်လုံး ယူခဲ့’
‘သြော်… ငါ့ရှေ့မှာ ဖိုးချစ်ရေ လုပ်ပြန်ပြီ။ ပျော်နိုင်တဲ့သူတွေ ပျော်ကြပါ။ ဒီမှာ ငါ ဘာမှလည်း မစားချင်ဘူး၊ မသောက်ချင်ဘူး သင်းကြိုင်။ နင် ငါ့ကို ဘာမှလည်း လုပ်မပေးနိုင်ဘူး။ ငါ တစ်ခုနှစ်ခုမေးတာပဲ နင်ဖြေ’
‘လင် မဟုတ်လား။ လင်ကိစ္စ မဟုတ်လား’
‘အေး… ဟုတ်တယ်။ ဒီနေ့မနက် ဒီဘက်လာတာ နင် မြင်သလား။ မနေ့ညကကော ဘယ်မှာမြင်လဲ။ ဘာသတင်းကြားလဲ။ သိရင်ပြောစမ်း ငါ့ကို’
သင်းကြိုင်က အိုက်တင်အပြည့်နဲ့ စီးကရက်ဖွာရင်း လက်ဝါးလေးတစ်ဖက်နဲ့ ဒေစီဂျိန်း နှလုံးသားနေရာကို ယပ်ခတ်ပေးတယ်။
‘နှလုံးသားတွေ ပူလောင်လှပါတယ် မာမီရယ်။ သူ့ဟာသူ ဘယ်ကိုသွားသွား၊ ဘာတွေပဲ လုပ်လုပ်ပေါ့။ အချိန်တန် ပြန်လာမှာပေါ့။ အလုပ်ပျက် အကိုင်ပျက် လိုက်နေစရာလား’
‘လိုက်မယ်… လိုက်ရမယ်။ အပူတကာ့ အပူထဲမှာ ဒီအပူဟာ ဘာနဲ့မှတူတာ မဟုတ်ဘူးဟဲ့။ ညည်းတို့က မပူဖူးတော့ ကိုယ်ချင်းဘယ်စာတတ်မလဲ’
‘အို… အလိုတော်။ ကျုပ်လည်း ပူဖူးပါတယ်။ မိန်းမလျာမှန်ရင် ပူဖူးတဲ့သူချည်းပဲ’
‘အေး… ပူဖူးရင် မပြောနဲ့။ သွားမယ်၊ ညည်း ဘာမှမသိဘူး မဟုတ်လား။ ငွေခင်ကို သွားရှာရဦးမယ်’
‘နေပါဦး မာမီကလည်း… မာမီ့ငွေခင်ကို ဖိုးချစ် သွားရှာခိုင်းလိုက်မယ်လေ။ လိုက်မနေပါနဲ့’
‘အို… တော်ပြီ။ ကြာတယ်၊ ငါ့ဟာငါ သွားမယ်’
ဒေစီဂျိန်းက ဘောက်ဆက် ဘောက်ဆက်နဲ့ စိတ်မြန် လက်မြန် ထွက်လာတယ်။ ငွေခင် လေလွင့်ရွက်ဝါမကို ဘယ်များ ရှာရပါ့မလဲ။ လူတွေပြည့်ကျပ်နေတဲ့ လမ်းကြားလေးတွေထဲမှာ တိုးရင်း ဝှေ့ရင်း စိတ်က အလိုလို တိုလာတယ်။ ငမင်းမောင်… နင့်ကို ခုချိန် တွေ့လိုက်လို့ကတော့ ပါးအရင်လှမ်းရိုက်မယ်။ ပြီးတော့မှ နင့်ခေါင်းကို ငါ့ခြေထောက်နဲ့ နှိမ်ပြီး ငါ့ပစ္စည်းတွေ အကုန်ချွတ်ယူမယ်။ ငါ့ကို နင် ဒုက္ခပေးနေတာ။ မသေသေအောင် သတ်နေတာ။
‘ဟဲ့… ဂျိန်းစဘွန်းမ၊ လင်ပျောက်ပြန်ပလား’
ဟော… ဟို လေလွင့်မရဲ့ မထီတရီ ပေါ့ပျက်ပျက်အသံ။ ကောင်မက သူများ ကနားတဲပေါ်မှာ ပါတိတ်ရှပ်အင်္ကျီတွေ ဘာတွေနဲ့ စီးကရက်ခဲလို့။
‘ဟဲ့… ငွေခင် လာခဲ့စမ်း။ နင့်ကို ငါ လိုက်ရှာနေတာ။ နင့်ကို မေးစရာရှိလို့’
ငွေခင်က အေးစက်စက်မျက်နှာနဲ့ ပျင်းမှုပျင်းရာ ထလာတယ်။ ဒေစီဂျိန်းက ‘ဖေ’ တစ်ခွန်း တုတ်လိုက်ပေမယ့် ငွေခင်က နည်းနည်းမှ အိနြေ္ဒမပျက်ဘူး။
‘နင့်ဟာလေးအကြောင်း ငါ့မမေးနဲ့။ လေကုန်တယ်။ နောက်ထပ် လိုချင်ရင်သာပြော။ ငါ ဝယ်ပေးမယ်။ ကောင်လေးတစ်ယောက် တွေ့ထားတယ်။ ဈေးမဆိုးဘူး။ ပိုက်ဆံထားခဲ့၊ ငါဝယ်ပေးမယ်’
‘တော်ပါပြီ အမေရယ်။ အမေသာ သုံးဆောင်လိုက်ပါ။ မှီဝဲလိုက်ပါ။ ကဲ… ငါ့ကို ပြောစမ်း၊ မင်းမင်းအကြောင်း နင် ဘာကြားလဲ။ ညကရော မတွေ့မိဘူးလား’
ငွေခင်က သူ့မူပိုင်ဟန်အတိုင်း မထုံတတ်သေးနဲ့ ငြိမ်နေတယ်။
‘သြော်… ငါ့ကို နင်လုပ်နေပြီ။ နင်သိရင်ပြောပါ ငါ့ကို။ မယ်မင်းကြီးမရယ်… တစ်ဆိတ်ကလေး ပြောပါ’
‘ငါပြောတော့လည်း ဘာထူးမှာလဲ။ နင့်ဟာနင် မနိုင်တာ ကြာလှပြီပဲ။ အချိန်တန်တော့ နွားမကြီးရဲ့ချည်တိုင် ပြန်လာမှာပေါ့’
‘နင် ငါ့အကြောင်း သိရက်သားနဲ့နော် ငွေခင်၊ ပြောမှာသာ ပြောစမ်း။ အဲဒီကောင် ဘယ်တဲမလဲ ပြော။ (…) တွေပါတဲ့ ကနားတဲ မှန်သမျှ နင်သိတယ်’
‘အေး… ငါသိတဲ့ ကနားတဲမှန်သမျှမှာ နင့်ဟာလေး မရှိဘူး။ နင့်ဟာလေး ခြေပုန်းခုတ်နေတာက မိန်းမကောင်း၊ မိန်းမပျက် မဟုတ်ဘူး။ ဘယ်သူရယ်လို့တော့ မမေးနဲ့။ ငါ မသိဘူး။ မနေ့ညက ငါလည်း ခပ်လှမ်းလှမ်းက လှမ်းတွေ့လိုက်တာ။ ဒါပဲ သိပြီလား’
အပိုင်အနိုင်ချီပြီး ပြောချလိုက်တဲ့ ငွေခင့်စကားတွေက ဒေစီဂျိန်းကို နှုတ်လှန်မထိုးနိုင်ဘဲ ငိုင်သွားစေတယ်။ တောင်ပြုန်းပွဲရဲ့ လမ်းလယ်ကောင်မှာ နတ်ကတော်ကြီး ဒေစီဂျိန်းကို ဒိန်းဒလိန်းနတ်က တကယ်ဝင်လို့ ပူးကပ်နေခဲ့ပြီ။ ဆောက်တည်ရာမရ တုန်ယင်လှုပ်ရှားခဲ့ရပြီ။
‘ငွေခင်… ဘယ်သူ ဘယ်ဝါမှန်း နင် နည်းနည်းလေးမှ မသိဘူးလား။ နင်သိတဲ့ထဲက မဟုတ်ဘူးလား’
‘သြော်… ဒုက္ခ၊ မသိပါဘူးဆို’
‘နင့် နတ်သတ်’
‘သတ်… သတ်’
‘ဘယ်အရွက်လောက်လဲ။ အသက်ကြီးသလား၊ ငယ်ငယ်လေးလား’
‘ငယ်ငယ်လေး။ ဆယ့်ခွန်၊ ဆယ့်ရှစ်ထက် မပိုဘူး။ ဘယ်အရွယ်ဆိုတာ နင် မေးနေစရာကို မလိုဘူး။ အသက်ခြောက်ဆယ်ကြီးနားကပ်နေရတဲ့ကောင်က ဆယ့်ခြောက်၊ ဆယ့်ခွန်နဲ့ပဲ ဖောက်မှာပေါ့ဟဲ့’
ဒေစီဂျိန်းရဲ့ အပူဒေါသအားလုံး ငွေခင့်အပေါ်စုပြုံကျသွားတယ်။ အခွန်းပေါင်း အရေတွက်နိုင်အောင် ဒေစီဂျိန်း ဆဲသမျှကို ငွေခင်ကတော့ အေးစက်စက်မျက်နှာပေးနဲ့ ခံရင်း ဒေစီဂျိန်း နာသာခံခက်ဖြစ်စေမယ့် စကားလုံးတွေကိုပဲ ဂရုတစိုက် ရွေးချယ်ပြီး ပစ်လွှတ်နေတယ်။
‘ငါ့မဆဲနဲ့။ နင့်ကိုယ်နင်လည်း ပြန်နမ်းကြည့်ဦး။ ကရမက်စော်က နံနေပြီ’
ဒေစီဂျိန်းကတော့ တွင်တွင်သာဆဲရင်း ငွေခင့်နားက လှည့်ထွက်တယ်။
‘ဟဲ့… နေဦးလေ။ ငါ့ကို သတင်းပေးခ ပိုက်ဆံပေးခဲ့ဦး’
‘နင်တောင်တိုင်း ကူးတို့ခကို ငါက ပေးရမှာလား။ ပေးလိုက်ရမယ် နင့်ကို’
ငွေခင်က တဟားဟား ရယ်ကျန်ခဲ့တယ်။ ဆို့နစ်လောက်မြိုက်နေတဲ့ ဒေစီဂျိန်း တစ်ယောက်ကတော့ ဘောက်ဆက် ဘောက်ဆက်နဲ့ ကနားတဲတန်းကြားတွေကို အလျင်အမြန် ဖြတ်လို့နေတယ်။ ကနားတဲတွေက လှမ်းနှုတ်ဆက်ကြတာတွေကိုလည်း ပြန်ကြည့်မနေတော့ဘူး။
မင်းမောင်… မင်းမောင်၊ နင် ငါ့ကို ဘယ်နှကြိမ်မြောက်မှန်း မသိတော့ဘဲ ဝေဒနာကို ပေးပြန်ပြီပေါ့။ နင့်ကို ငါ အမျိုးမျိုး ပြောခဲ့တယ်။ အကြမ်းနည်းနဲ့ရော အနုနည်းနဲ့ရော နည်းပေါင်းစုံသုံးပြီး ပြောခဲ့ပါတယ်။ ငါ့အပေါ်မှာ သံယောဇဉ်လေး နည်းနည်းတော့ ရှိလိမ့်မယ်လို့ ငါ ထင်ခဲ့တာ။ ခုတော့ ရင်ဝကို စုံကန်ပစ်ခဲ့ဖို့ နင် ကြံနေပြီပေါ့။
‘ဂျိန်း’
ရုတ်တရက် ဒေစီဂျိန်းလက်ကို လူတစ်ယောက်က ဖမ်းဆွဲလိုက်တယ်။ မျက်ရည်ကျချင်နေတဲ့ ဒေစီဂျိန်းတစ်ယောက် လန့်သွားပြီးတော့မှ သြော်… ဘယ်သူလဲလို့။
‘နတ်မောင်’
ဒေစီဂျိန်းနှာခေါင်းထဲကို အရက်နံ့က စူးစူးရှရှ ဝင်လာတယ်။ အင်္ကျီနွမ်းဖတ်ဖတ်၊ ပုဆိုးအကွက်မပေါ်၊ မျက်လုံးတွေက နီရဲပြီး မျက်နှာက ဖောင်းအစ်အစ်၊ ဆံပင်နီကြောင်ကြောင် ပွယောင်းယောင်းနဲ့ အရက်သမား မိန်းမလျာမ နတ်မောင်သခင်။ သူ့ခေတ်အခါတုန်းက ရုပ်ချောအပြောကောင်း၊ မိန်းမတွေ ဝိုင်းဝိုင်းလည်ခဲ့တဲ့ စူပါစတား နတ်မောင်သခင်က ဒေစီဂျိန်းလက်ကို မလွတ်တမ်းဆွဲထားရင်း မိတ်ကပ်ဝနေတဲ့ ဒေစီဂျိန်းလက်ချောင်းတွေပေါ်က လက်စွပ်များစွာကို ပွတ်သပ်လိုက်တယ်။
‘ဂျိန်း… သူဌေးမကြီးရယ်၊ သိပ်လှတာပဲ။ နတ်မောင်ကို ပိုက်ဆံပေးခဲ့ဦးနော်။ နတ်မောင် ထမင်းမစားရသေးဘူး အချစ်ရယ်’
ဒုက္ခပါပဲ။ အရေးထဲမှာမှ ဟိုတုန်းက နတ်မောင်သခင် အိုက်တင်နဲ့ ညုနေပြီ။ ဒီအညုတွေနဲ့ နတ်မောင်သခင်တို့ ကတော်မကြီးတွေ၊ သူဌေးမကြီးတွေကို ချူခဲ့ချိုင်ခဲ့တာပေါ့။ မှန်တာပြောရရင် ကိုယ်တောင် ကြိုက်မိသေးတယ်။ ဟုတ်တယ်။ သူ နတ်လောကထဲ ဝင်ခါစက မိန်းမလျာ မဖြစ်သေးဘူး။ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ ချောချော၊ ဘောင်းဘီရှည် အမြဲဝတ်တာ။ ဘောင်းဘီအဖြူဆို အင်္ကျီအဖြူ၊ ဘောင်းဘီအညိုဆို အင်္ကျီက အညို၊ တော်တော်ကို ကြည့်လို့ကောင်းတာ။ နတ်မောင်သခင်… နတ်မောင်သခင်နဲ့ မိန်းမတွေဆိုတာ သူ့ကနားတဲပေါ်မှာ အုံခဲနေတာ။ မိန်းမ၊ ဖဲ၊ အရက်၊ မူးယစ်ဆေး အကုန်စုံလုပ်တော့ သင်း ဒုက္ခဖြစ်တာပေါ့။ နောက်ဆုံးတော့ မိန်းမလျာဖြစ်၊ အရက်သမားကြီးလုံးလုံးဖြစ်ပြီး လမ်းဘေးရောက်သွားတာပဲ။
ဟိုကနားတဲ လိုက်လက်ဖြန့်၊ ဒီကနားတဲ လိုက်လက်ဖြန့်ရတာနဲ့ သောက်စားပြီး တွေ့ရာကြုံရာ ထိုးအိပ်၊ စိတ်လည်း မကောင်းပါဘူး။ သင်း ဒီလိုနဲ့ သေမှာပါပဲ။
‘ကဲ… ရော့ ရော့၊ ငါ့မလည်း များများမပါဘူး။ သွားမယ်။ အိမ်မှာ အလုပ်တွေ ပစ်ထားခဲ့ရတာ’
ဆယ့်ငါးကျပ်တန်တစ်ရွက် သူ့အိတ်ထောင်စုတ်ထဲ ထိုးထည့်လိုက်ပေမယ့် နတ်မောင်သခင်က ဒေစီဂျိန်းလက်ကို မလွှတ်သေးဘူး။
‘ဟင်းအင်း… နေဦး၊ နတ်မောင် နမ်းဦးမယ်’
‘ဟဲ့… တော် တော်၊ မနမ်းပါနဲ့ ဖယ်ပါ။ ကျုပ် သွားပါရစေ နတ်မောင်သခင်ရယ်၊ ချမ်းသာပေးပါ’
သူ့ထုံးစံအတိုင်းရစ်ပြီး ညုနေတဲ့ နတ်မောင်သခင်ကို ဒေစီဂျိန်း အတင်းရုန်ပြီး ပြေးရတယ်။
နတ်မောင်လိုဘဝမျိုး ရောက်ရမှာများ ကြောက်လိုက်တာ။ ဝဋ်တွေ၊ ဝဋ်တွေ။ မိန်းမလျာဘဝဟာ တော်တော် ဝဋ်ကြီးပါတယ်။ မင်းမောင်ရယ်… နင့်ဝဋ်တွေကို ဒီဘဝမှာပဲ ငါ အကုန်အကျေ ဆပ်ချင်ပါပြီ။ ဒီတစ်ဘဝတည်းနဲ့ပဲ ကျေပါတော့။
အိမ်ခြံဝင်းတံခါးကို ဒေစီဂျိန်းဖွင့်လိုက်တာနဲ့ ‘ဟော… လာပြီ… လာပြီ’တဲ့။ ဒေစီဂျိန်းရဲ့ နတ်ချစ်သူပရိသတ်တွေ။ ဧည့်သည်တွေမနည်းပါလား။
‘ကဲ… ဘယ်တုန်းက ရောက်နေတာတုံး ပြောကြ၊ လာကြ’
ပရိယသေန ဝမ်းစာရေးအတွက် အပူရုပ်ကို ဟန်လုပ်ရဦးမယ်။ ငိုချင်လျက်နဲ့လည်း ရယ်ရဦးမယ်။
‘ဟိုသူဌေးမ နှုတ်ခမ်းကြီး စူမနေနဲ့။ ကိုယ်တော်တို့အတွက် ပါရဲ့လား ပုဆိုးအုပ်။ မနှစ်က သေချာပြောလိုက်တာနော်’
ကြော်ရင်း လှော်ရင်း အိမ်ပေါ်လှေကားအတက် မီးဖိုအဝက အဖုံကြီးပေါ်လာတယ်။ ဇွန်းတစ်ချောင်းကိုင်ထားတဲ့ အဖုံကြီးက အိမ်ပေါ်ကို လှမ်းတက်ပြီး မျက်စပစ် မေးငေါ့ပြတော့ ဂျိန်းစဘွန်းကြီးရင်ထဲ ထိတ်ခနဲ ဖြစ်တယ်။ သင်း အိမ်ပေါ်မှာပေါ့။ ပြန်ရောက်ပြီပေါ့။ ပြန်လာတယ်ပေါ့။
‘ဟုတ်ကဲ့… ဟုတ်ကဲ့ခင်ဗျ။ ပြောပြပါ။ သူ လုပ်ပေးပါလိမ့်မယ်။ လာပါပြီ ခင်ဗျ’
ဂျိန်းစဘွန်းမကြီးရဲ့ရင်ကို တစ်သက်လုံး ကိုင်လှုပ်ခဲ့တဲ့ အသံချိုချိုကို ကြားလိုက်ရတယ်။ အိမ်ပေါ်က နတ်ပရိသတ်ကို လိမ်လိမ်မာမာ ကျွမ်းကျွမ်းကျင်ကျင် ထိန်းထားတဲ့အသံ။
အိမ်ရှေ့ခန်းကို ဒေစီဂျိန်း ဝင်လိုက်တယ်။
‘ဟောဒီမှာ ဒေစီဂျိန်းက စောင့်နေကြတာ၊ ကြာလှပြီ’
သူက ဘာမှမဖြစ်သလို ဝတ်စားထားတာကလည်း ကြော့လို့၊ မော့လို့၊ နုလို့၊ ဖတ်လို့ ရွှေကိုယ်တော်ကလေး။
‘ကဲ… ပြောကြ၊ ဘာတွေတုံး ပြောကြ။ မြန်မြန်ပြောကြ။ သားပူကိစ္စ သွားရ၊ လာရတာ ကျုပ် အမော့ဆို့လာတယ်’
ဒေစီဂျိန်းအကြောင်းသိ နတ်ပရိသတ်ကတော့ ဝါးခနဲ ရယ်လိုက်ကြတယ်။ ကိုမင်းမောင်တို့ကတော့ ဘာမှမသိသလို မျက်နှာလေးပြုံးပြုံးနဲ့ ဒေစီဂျိန်းကို ပိုက်တပ်ပြီးသား ဖျော်ရည်ဘူးလေးကို လာပေးတယ်။
‘ဒါတွေကြောင့် ကျုပ် ဒုက္ခတွေ ဖြစ်နေရတာပေါ့’
ဒေစီဂျိန်းပရိသတ်က ရယ်ကြပြန်တယ်။ ရွှေကိုယ်တော်က ဒေစီဂျိန်းကို မျက်လုံးနဲ့ လှမ်းသတိပေးတယ်။ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ ကိုယ့်အလုပ် ကိုယ်လုပ်တော့ ဆိုတဲ့သဘောလေ။ လုပ်ပါ့မယ်၊ လုပ်ပါ့မယ်၊ ငါ လုပ်ပါ့မယ်။ နင် ဝတ်နိုင် စားနိုင်၊ မိန်းမတွေနဲ့ ပျော်နိုင်ပါးနိုင်ဖို့ ငရဲအိုးနှုတ်ခမ်းကို ငါ ပတ်ပြေး ပါတော့မယ်။
‘ကဲ… ပြော၊ ဘာနေ့သားနဲ့ ဘာနေ့သမီးတုံး’
‘အင်္ဂါသားနဲ့ ကြာသပတေးသမီး’
‘ဟဲ့… စိတ်ပန်းမိတ်ဖက်၊ စီးပွားဖက်တဲ့။ ဥဿာစိန်ပန်း၊ ဒန်းလှကို ရှာဆိုတာ ကြားဖူးတယ် မဟုတ်လား။ ဥစ္စာစီးပွား၊ ဒီရေအလား တက်ဦးမှာ။ မှန်လှပါ… ဘိုးဘိုးကြီး၊ ဘိုးဘိုးလေးတို့ကို ကျေးတော်မျိုး ကျွန်တော်မျိုး အင်္ဂါသားနဲ့ ကြာသပတေးသမီးက ပန်းဖိုး၊ မှန်ဖိုး၊ နံ့သာဖိုး၊ ဝတ်လဲတော်ဖိုးများ အချက်ကျ ဆက်သပါတယ် ဘုရား။ ခြေတော်ရင်း ဆံခင်းပါတယ်။ ခြေတော်စုံ ဆံပုံပါတယ်ဘုရား။ ဝအောင်လည်း ကျွေးလိုက်ပါ။ လှအောင်လည်း ဆင်လိုက်ပါ။ ရအောင်လည်း ပေးလိုက်ပါ။ ယနေ့ ယခုကစလို့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ မိသားတစ်စု အားလုံး အားလုံး အဆင်ပြေ အဆင်ချောလို့ အမောပြေအောင် မ တော်မူပါ ဘုရား။
‘အရောင်းအဝယ်တစ်ခု ဆိုင်ထားတယ်။ တစ်ပတ်အတွင်း ဖြစ်မလား၊ လုပ်ပါဦး’
‘အေး… အရောင်းအဝယ် စကားပြောရင် စိန်းပန်းခက်နဲ့ အောင်သပြေဆောင်ပြီး စကားပြော၊ ဖြစ်စေရမယ်။ ဖြစ်ရင် နောက်နှစ်တက်ပွဲတစ်ပွဲ ပေးရမယ် ကြားလား’
‘ပေးပါမယ့်၊ စိတ်ချပါ’
‘အေး… မင်းမှာသစ္စာ လူမှာကတိနော်။ ဟုတ်ကဲ့လား။ ပြော… ညည်းကကော ဘာနေ့သားနဲ့ ဘာနေ့သမီးတုံး’
‘နှစ်ယောက်စလုံး တနင်္ဂနွေပဲ။ သားတွေက စနေရယ်၊ သောကြာရယ်၊ တနင်္လာရယ်၊ စီးပွားရေးကောင်းအောင်၊ ကျွန်မလည်း ရာထူးတက်အောင်၊ သားတွေ စာမေးပွဲအောင်အောင်၊ ကားလေး ဘာလေးလည်း စီးနိုင်အောင် ဆုတောင်းပေးပါ’
‘အေး … အေး၊ တော်တော်တရားကျဖို့ ကောင်းတယ်။ လိုချင်တာတွေကတော့ အများကြီး။ နတ်ကို ဆက်တော့ လေးဆယ့်ငါးကျပ်တန်တစ်ရွက် ဟုတ်လား’
‘ကိုးနဝင်းကျေအောင်လို့ပါ ဒေစီဂျိန်းရဲ့’
‘သြော်… ဒါလောက် ကိုးနဝင်းကျေချင်ရင် ကိုးဆယ်တန် ကိုးရွက်ဆက်ပေါ့။ ရော့… ညည်းလေးဆယ့်ငါးကျပ်တန်၊ ထုတ်… ကိုးဆယ်တန် ငါးရွက်’
‘ပေးပါ့မယ်၊ စိတ်ချ’
ပြောလိုက်ဆိုလိုက်၊ ကြော်လိုက်လှော်လိုက်နှင့် ချွေးပြန်စပြုလာတဲ့ ဒေစီဂျိန်းဘေးနားကို ယပ်တောင်လေကလေး ဝင်လာတယ်။ ဘယ်သူရှိမှာလဲ။ အညာအချွဲကောင်းတဲ့ မောင်မောင်ပေါ့။ ခုလိုသာ ဘေးနားမှာ တစ်ဖဝါးမခွာ၊ ကြည်ကြည်နူးနူး နေစမ်းပါ။ မမောနိုင်၊ မပန်းနိုင် လုပ်ကိုင်ကျွေးပါ့မယ်တော်။
‘ကဲ… နောက်နှစ်ကို အောင်မြင်ရင် မမေ့နဲ့နော်။ မင်းမှာ သစ္စာ လူမှာကတိ။ ကဲ… သွားလမ်း လာလမ်းများ ချောပါစေ၊ အောင်ပါစေ၊ အေးပါစေ’
အိမ်ပေါ် ဧည့်သည်တစ်သုတ် ရှင်းသွားတယ်။ ဒေစီဂျိန်းက ကြိမ်ခေါင်းအုံးလေးပေါ် စိတ်မော လူမော လှဲချပစ်လိုက်တယ်။ ကိုမင်းမောင်တို့ကတော့ ကန်တော့ပွဲထဲက ပိုက်ဆံတွေကို တဖျတ်ဖျတ် ရေတွက်သိမ်းဆည်းပြီ။
‘ခင်ဗျားက ဘယ်လျှောက်သွားနေတာလဲ။ ဒီမှာ ဧည့်သည်တွေက စောင့်လို့’
အလို… သူခိုးက လူလူဟစ်။ သူက မျက်နှာထားနဲ့။ ဧည့်သည်တွေ ရှေ့တုန်းကကျ တစ်မျိုး၊ ကွယ်ရာကျ တစ်မျိုး။ ဒေစီဂျိန်းက ဒေါသနဲ့ လူးလဲထတယ်။ လာမစနဲ့နော်။ ဒီနေ့ဟာ ယုန်ထိုးနေ့။
‘ဟဲ့… နင် အလေလိုက်တာကို ငါ လိုက်ဖမ်းတာ။ ငါက ဘယ်ကိုမှ လျှောက်သွားစရာ မလိုဘူး။ နင်သာ မနေ့ညကရော၊ ဒီနေ့မနက်ရော ဘယ်ကောင်မနဲ့ သွားပြီးတော့’
‘အို… တော်စမ်းဗျာ။ ပေါက်ကရတွေ။ ကျုပ်ဘာကျုပ် ကိစ္စရှိလို့သွားတာ။ ခင်ဗျား ဘယ်သူက ပြေလဲ၊ ပြော’
‘မြင်တာဟဲ့… မြင်တာ။ နင့်ကို မျက်လုံးနဲ့ တပ်အပ်မြင်လိုက်တဲ့သူက ပြောတာ။ ငွေခင်က နင်တို့ကို သေချာမြင်လိုက်တာ’
‘ဟာ… အဲဒီကတည်းက သွားပြီပေါ့။ ခင်ဗျား သွားပြီပေါ့။ ငွေခင်စကား ခင်ဗျား ယုံတယ်ပေါ့။ ငွေခင့်စကားဆို သုံးခွက်တစ်ခွက်တင်ကျိုဟဲ့ဆိုတာ ခင်ဗျားပဲ ပြောပြောနေတာလေ’
ဒေစီဂျိန်းခမျာ ငြိမ်သွားရှာတယ်။ ဟုတ်တော့လည်း ဟုတ်သားပဲ။ ငွေခင့်စကားဟာ သုံးခွက်တစ်ခွက်တင်ပဲ။ ကောင်မက ငါ စိတ်ဆင်းရဲအောင် လုပ်ချင်လုပ်လိုက်မှာ။ စိတ်က မွှန်နေတော့ ကိုယ်ကလည်း အကျိုးသင့်အကြောင်းသင့် မစဉ်းစားနိုင်တော့ဘူး။ အင်း… ထူးတော့ မထူးပါဘူး။ ငွေခင်နဲ့ မင်းမောင်နဲ့ကလည်း သိပ်မထူးပါဘူး။ သူလည်း ငါ့ကို ညာခဲ့ပေါင်းတွေ များပြီပဲ။
ညတက်ပွဲအတွက် စားတော်စာတွေကို စနစ်တကျ ပြင်ဆင်နေတဲ့ မင်းမင်းကို ကြည့်ရင်း ဒေစီဂျိန်းမျက်နှာ ကြည်လင်လို့တော့ လာတယ်။
အိမ်ပေါ်ကို ဧည့်သည်တစ်သုတ် တက်လာပြန်တယ်။ ယုန်ထိုးတဲ့ဆီက ကြည့်လာခဲ့ပြီး အဆဲအဆိုတွေကို တအံ့တသြ ပြောဆိုရယ်မောလာကြတယ်။
‘အဆဲ တော်တော်ခံခဲ့ရတယ်ပေါ့ ဟုတ်လား။ မကောင်းဘူးလား အဆဲခံရတာ’
ဒေစီဂျိန်း နှုတ်ဆက်စကားကို အုပ်စုထဲက အပျိုမလေးတွေက ရှက်အောင် အော်လိုက်ကြတယ်။
‘ဟဲ့… ဒါ ရှက်စရာမှ မဟုတ်ဘဲ။ ဒီနေ့ဒီရက်ဆိုတာ ဘယ်လောက်ဆဲဆဲ၊ ဘယ်လောက်ဆိုဆို ကိုယ်တော်နှစ်ပါးက ခွင့်လွှတ်တယ်။ များများဆဲခံရလေ များများလာဘ်ရွှင်လေပဲ’
မျက်မှန်တဝင်းဝင်း၊ စိန်နားကပ်တဝင်းဝင်းနဲ့ မိန်းမကြီးတွေက ဦးဆောင်ပြီး အုပ်စုတစ်စုလုံး ဒေစီဂျိန်း ဗောင်းနဲ့ နတ်စင်ကို ရိုရိုသေသေ ရှိခိုးကန်တော့ကြတယ်။
‘ဒေစီဂျိန်းရေ… အရှင်နှစ်ပါးကို ပင့်ပါဦး’
မိန်းမဝဝကြီး ဆက်တဲ့ ကိုးဆယ်တန်ငါးရွက်ကို ဒေစီဂျိန်းက နဖူးမှာကပ် တွတ်တွတ် တွတ်တွတ် ဆုတောင်းပြီး ကန်တော့ပွဲထဲညှပ်လိုက်တယ်။ ပြီးတော့ လက်အုပ်ချီပြီး တတွတ်တွတ် ရွတ်ဖတ်ပင့်ဖိတ်ရင်း လက်အုပ်ချီ လက်အစုံက နဖူးကို တဆတ်ဆတ်ရိုက်ခတ်တုန်ယင်လို့ လာတော့တယ်။
‘ဟဲ့… မောင်းမတွေ၊ ကိုယ်တော့်နားကို ခစားဟဲ့။ အခြေကြီးတဲ့ စနေသမီးကြီး။ ကိုယ်တော့်ထံ မပျက်မကွက် အခစား ရောက်တယ်ပေါ့’
‘မှန်ပါ… ရောက်ကြောင်းပါ ဘုရား’
ဒေစီဂျိန်းခန္ဓာကိုယ်က ထိုင်လျက် အလိုက်သင့် ယိမ်းယိုင်နေသလို မျက်လုံးတွေကလည်း ရီဝေဝေဖြစ်လို့နေတယ်။
‘ဟေ့… ညီဖွား၊ အဖွာတော်ဆက်ဟေ့’
မင်းမင်းက စီးကရက်နှစ်လိပ်ပူး အဖွာတော်ဆက်တယ်။ အချိုရည်တစ်ဘူးကိုလည်း အဆင်သင့်ဖွင့်ပြီး ဆက်တယ်။
‘ဟောဒါက လိပ်ပြာရှင်ရဲ့ အသည်းစွဲ ညီဖွားလေး’
လုပ်ပြီ။ ဒေစီဂျိန်း ထုံးစံအတိုင်း ဧည့်သည်တွေထဲက ကောင်မလေးတွေရယ်တော့ မင်းမင်းက ရှက်ရပြီ။ ရှက်လို့ ဝေးဝေးသွားထိုင်လို့လည်း မရ။
သူ့နားကို ခေါ်ပြန်ဦးမယ်။ တော်သေးတယ်။ အချိုရည်သောက်တဲ့ နတ်ဝင်လို့။ အရက်သောက်တဲ့နတ်ဆို မင်းမင်း ပိုစိတ်ညစ်ရဦးမယ်။
‘ဟေ့… ကိုယ်တော် မ နေတာ သိတယ်မဟုတ်လား ဟေ့’
‘မှန်ပါဘုရား၊ ဒီထက်ပိုပြီး မပါဦး ဘုရာ့။ ကိုယ်တော့်တို့ဆီကို ကားအသစ်နဲ့ လာချင်တာ ဘုရာ့။ ဒီနှစ် အရောင်းအဝယ်အေးလို့ ကားအသစ်မလဲနိုင်ဘူး ဘုရာ့’
‘ဟေ့… ဒီကအပြန် လဲရရင် မကျေနပ်ဘူးလား’
‘ကျေနပ်ပါတယ် ဘုရား’
‘အေး … လဲရမယ်၊ ဟုတ်ကဲ့လား။ လဲရရင်သာ ကိုယ်တော့်ကို မမေ့နဲ့။ ဝတ်လဲတော် ပုဆိုးနှစ်အုပ်၊ ဗောင်းတော် ခြောက်ပိုင်ဆက်ရမယ် ကြားလား’
‘မှန်ပါဘုရား’
‘ဟေ့… ညီဖွား၊ ကိုယ်တော်ကို ယပ်တော်သွင်း’
‘ညီဖွားမှလား ကိုယ်တော်ရဲ့။ နှမကြီး ယပ်တော်သွင်းပါ့မယ်’
မိန်းမကြီးတစ်ယောက်က မင်းမင်းလက်ထဲက ယပ်တောင်ကို နောက်ပြီး ယူမယ်လုပ်တာနဲ့ ကိုယ်တော်ကြီးက ကြမ်းပြင်ကို လက်ဝါးနဲ့ ဗြန်းခနဲ ချလိုက်တယ်။
‘မလိုချင်ဘူး ညီဖွားပဲဟေ့’
ဧည့်သည်တွေက တဝါးဝါးရယ်ကြတယ်။ မင်းမင်းက ယပ်ခပ်ပေးရင်း အလိုက်သင့် ပြုံးနေဆဲ။ ကိုယ်တော်ကြီး လိပ်ပြာပူးကပ်နေတဲ့ လိပ်ပြာရှင်ဒေစီဂျိန်းက ချစ်စနိုး မျက်စောင်းကို ထိုးလို့ အချိုရည်ဘူးကို မော့သောက်လို့ နေဆဲ။
‘သက်ဆိုင်သူသို့ ပို့မေတ္တာ… တေးလွှာဝေ… ဘေးဘယာတွေ ဝေးကွာစေ… ဇေယျတု… ငွေခရုမသွေ ယခုပြုတယ်လေ… မေ့မေတ္တာ… သောက်ကာသုံး ပြုံးရွှင်စေ’
ခြံဝင်းအပြင်ဘက်ကနေ ဝင်ရောက်လို့လာတဲ့ သနားစရာ အသံချိုနွဲ့နွဲ့ကလေးက ယပ်သွင်းနေတဲ့ ညီဖွားကို တုန်သွားစေတယ်။ ကိုယ်တော်ကြီး ဒေစီဂျိန်းကတော့ အချိုရည်ဘူးကို မာန်ပါပါမြှောက်လို့ နတ်ဆက်ဟောဖို့ ပြင်တယ်။
‘သက်ဆိုင်သူရေ… မေ့အသံအား မှတ်မိပါရဲ့လားလေ’
ကိုယ်တော်ကြီးရဲ့ညီဖွားက ယပ်တောင်ကို ဖျတ်ခနဲ ပစ်ချလိုက်တယ်။ သူ… သူ ဒီအတိုင်းပဲ မျက်စိမှိတ်ပြီး ဆက်ဟောနေပါစေ၊ ဟောနေပါစေ။
‘ရက်တွေ… လတွေပြောင်း ဟောင်းသော် မမေ့… ချစ်ငွေ့တဝေဝေ သက်ဆိုင်သူ မောင့်ကိုပဲလေ’
ကိုယ်တော်ကြီး ဒေစီဂျိန်း မျက်စိမှိတ် အာရုံယူ ဟောနေရာက မျက်လုံးတွေကို ပြန်ဖွင့်လိုက်တဲ့အချိန်မှာ ကိုယ်တော်ကြီးရဲ့ညီဖွား အနားမှာ မရှိတော့ပြီ။ ဘယ်သွားတာပါလိမ့်။ အရေးကြီးတဲ့ ဧည့်သည်များ လာလို့လား။
‘ကိုယ်တော် ဒီအင်္ဂါသမီးလေးက ရှေ့လထဲ နိုင်ငံရပ်ခြားမှာ အလုပ်ဝင်ဖို့ရှိတယ်။ သေချာပါ့မလား။ နိုင်ငံရပ်ခြားသွား ကိန်းရှိလား’
‘အေး… အင်္ဂါသမီး ဟုတ်လား’
ကိုယ်တော်ကြီးက နတ်ဟောဖို့ အားယူရင်း ထိုင်ရက ရုတ်တရက် ထလိုက်တယ်။
‘အမြဲမျှော်ကာသာ… အမြဲမျှော်ကာ စောင့်ကြိုပါတယ်လေ…’
သီချင်းဆုံးသံနဲ့ ထွက်လာတဲ့ လက်ခုပ်သံတွေကို ကိုယ်တော်ကြီး ဒေစီဂျိန်း ခုမှ ကြားတယ်။
‘ဟဲ့… ဘာနေ့သမီး၊ အဲ… အင်္ဂါသမီး နိုင်ငံရပ်ခြား သွားချင်တယ်ပေါ့’
စီးကရက်ကို ဟန်နဲ့ပန်နဲ့ ဖွာရှိုက်လိုက်ရင်း ကိုယ်တော်ကြီးဒေစီဂျိန်း မျက်လုံးထဲ အရင်တန်းဝင်လာတာက အဆိုတော် ကောင်မလေးရဲ့ ခေါင်းပေါ်မျာ ခြုံလွှမ်းထားတဲ့ စကပ်ပဝါနီရဲရဲ။ ပြီးတော့ အနားကနေ ပြုံးကြည့်နေတဲ့ ကိုယ်တော်ကြီးရဲ့ညီဖွား၊ ဒေစီဂျိန်းရဲ့ မင်းမောင်။
ကိုယ်တော်ကြီး ဒေစီဂျိန်းရဲ့ ခန္ဓာကိုယ်က ခုမှပိုပြီး တဆတ်ဆတ်တုန်ယင်လာခဲ့တယ်။ သိပြီ ငါသိပြီ။ မင်းမောင် အားလုံး ငါသိပြီ။ ငွေခင်ဟာ ငါ့ငယ်ပေါင်း၊ အရေးအကြောင်း ဆို ငါ့အကျိုးကိုပဲ လိုလားတာ။ ငွေခင် ငါကို မညာဘူး။ ညာတာက နင်။ ထွီ… နင်ဟာ မိန်းမစစ်ဆိုရင် ဘာကိုမှ မရှောင်ပါလား။ သူဌေးမ ဒေစီဂျိန်းသားက အဆင့်မရှိတဲ့ မိန်းမနဲ့မှ ဖြစ်ရတယ်လို့။ နင် တော်တော်ကြိုက်တယ်ပေါ့လေ။ ငါ ငယ်ငယ်တုန်းက စည်းတဲ့ စကပ်ပဝါကိုတော် ခိုးပြီး ပိုးကြေးပန်းကြေးပေးရတဲ့ထိ ကြိုက်တယ်ပေါ့လေ။ ထွီ… ငါ့ပဝါ သနလိုက်တာ။
ဣနြေ္ဒမပျက် ယိမ်းယိုင်နေတဲ့ ကိုယ်တော်ကြီး ဒေစီဂျိန်းရဲ့ စိတ်တစ်ပိုင်းက ထိန်းချုပ်ထားပေမယ့် မနာလို ဝန်တိုခြင်းနဲ့ လောင်မြိုက်နေတဲ့ ဒေစီဂျိန်းရဲ့ ပင်ကိုမူလ စိတ်တစ်ပိုင်းကတော့ အိမ်ပေါ်ကနေ ခုန်ဆင်းပြေးပြီး ကောင်မလေးရဲ့ခေါင်းပေါ်က ပဝါကို ဆွဲယူ အပိုင်းပိုင်း ဆုတ်ဖြဲပစ်ဖို့ တောင်းဆိုနေတယ်။
‘ကိုယ်တော် အင်္ဂါသမီးက နိုင်ငံရပ်ခြားသွားရမှာလားတဲ့’
ပြတင်းပေါက်ဝကနေ ကိုယ်တော်ကြီး ဒေစီဂျိန်းတစ်ယောက် အသာအယာ ယိမ်းယိုင် ပြန်လှည့်လိုက်တယ်။
‘နှစ်ကိုယ်တူ… လက်ချင်းဆက်လို့ အသက်ချင်းဆက်ကာရယ်…’
ကိုယ်တော်ကြီး ပစ်ပေါက်လိုတဲ့ အချိုရည်ဘူးက အိမ်နံရံကို ဗြန်းခနဲ သွားမှန်တယ်။
ပြီးတော့ ကြမ်းပြင်ပေါ်မှာ ကိုယ်တော်ကြီး ဒေစီဂျိန်းက ပစ်လှဲလူးလိမ့်ရင်း အော်တယ်။
‘မကြားချင်ဘူး၊ မကြားချင်ဘူး။ သီချင်းဆိုတဲ့ မိန်းမကို ငါ့ခြံဝင်းထဲက မြန်မြန်ဆွဲထုတ်ပစ်လိုက်ကြ’
ထိန်ခုတ်
ဝါခေါင်လဆန်း ၁၄ ရက်
ဆယ့်လေးရက်လရဲ့ လပြည့်ဝန်းစလရောင်ဟာ တောင်ပြုန်းရွာပြင် ဇရပ်ပျက်ကြီးပေါ်ကို ဖြာကျလင်းလက်စေပေမယ့် သစ်ပင်အောက်က မှောင်ခိုသူ နှစ်ဦးဆီကိုတော့ ရောက်အောင် မသွားနိုင်ခဲ့ပါဘူး။
ပန်းညိုလက်ကလေးကို မင်းမင်းက ဆုပ်ထားတယ်။ ပြောက်ကျိပြောက်ကျား လရောင်အလက်မှာ ပန်းညိုလည်ပင်းက ပိုးပဝါလေးက တစ်ချက်တစ်ချက် ရဲခနဲ လက်လို့သွားတယ်။ သူ သိပ်ကြိုက်ရှာတာပဲ။ သူ ဒါမျိုး တစ်ခါမှ မရခဲ့ဖူးဘူးတဲ့။
‘ဒီထိန်သားလေးကို ဆောင်ထားရင် ပန်းညိုတို့ ပိုက်ဆံတွေ အများကြီး ရမှာပေါ့နော်’
‘ဒါပေါ့… စီးပွားဖြစ်တယ်ပေါ့၊ စီးပွားရေး ကောင်းတယ်ပေါ့’
‘ဟင်… ပန်းညိုတို့မှာ စီးပွားရေးမှ မရှိဘဲ’
မင်းမင်း ရယ်လိုက်တယ်။
‘ပန်းညိုတို့သီချင်းဆိုတာ စီးပွားရေးပဲပေါ့ ပန်းညိုရဲ့’
ပန်းညိုက သူ့လက်ကလေးထဲ ဆုပ်ထားတဲ့ ထိန်သားလက်တစ်ဆစ်လေးကို လရောင်အရိပ်မှာ ထောင်ကြည့်ပြန်တယ်။
‘မနှစ်က ထိန်ခုတ်တာကို ပန်းညိုတို့ မြင်ဖူးတယ်။ အဝေးကြီးက ကြည့်ရတာပါ။ လူတွေက တအားဝင်လုကြတာပဲနော်။ ဓားတွေနဲ့ ယမ်းနေတာကို ဝင်လုကြတာပဲ။ အခု အစ်ကိုလည်း လူတွေထဲ ဝင်လုလာတာလားဟင်’
‘အစ်ကိုတို့က လုစရာမလိုဘူး။ နတ်အုပ်မင်း ခုတ်ယူလာပြီး အရှင်နှစ်ပါးကို ဆက်တဲ့ ထိန်ကိုင်းကနေ စွန့်လိုက်တာ။ ဒီထိန်သားကို လူတွေက ပိုတောင် လိုချင်သေးတယ်။ ပိုပြီး စီးပွားဖြစ်တယ်တဲ့’
‘ဘာဖြစ်လို့ ထိန်ခုတ်ရတာလဲဟင်’
‘သြော်… အခု အရှင်နှစ်ပါးရဲ့ ဘိုးတော်က အနော်ရထာမင်းတဲ့။ အနော်ရထာမင်းက ထိန်ပင်စောင့်နတ်ရှိတဲ့ ထိန်ပင်တစ်ပင်ကို ခုတ်ပစ်မိတယ်။ ဒါကို ထိန်ပင်စောင့်နတ်က မကျေနပ်ဘဲ ကျွဲယောင်ဆောင်ပြီး အနော်ရထာမင်းကို ခတ်တော့ အနော်ရထာမင်း နတ်ရွာစံရောတဲ့။ ဒါကြောင့် ဘိုးတော်နဲ့မြေးတော်တွေက ထိန်ပင်ကို မြင်ရင် စိတ်နာတယ်။ ထိန်ပင်ကို မုန်းတယ်။ ဒါကြောင့် ပွဲတော်မှာ ထိန်ခုတ်တဲ့နေ့ဆိုတာ သတ်မှတ်ပြီး အဲဒီနေ့ကျရင် နန်းတော်ပတ်လည်မှာ ထိန်ပင်ဆိုပြီး ထိန်ကိုင်းတွေကို စိုက်ပေးရတယ်။ အဲဒါကို နတ်အုပ်မင်းက နတ်ဝင်ပြီး အကုန် အပိုင်းပိုင်းအတစ်တစ် ခုတ်ရတယ်။ ခုတ်ပြီးသား ထိန်ကိုင်းကို နတ်အုပ်မင်းက အရှင်နှစ်ပါးကို ဆက်သရတယ်။ နတ်အုပ်မင်း ထိန်ခုတ်နေတဲ့အချိန်မှာ ဝင်လုကြလို့ ဓားနဲ့ယမ်းမိရင် အပြစ်မရှိဘူး။ လူတွေကတော့ မကြောက်ကြဘူး။ စီးပွားရေးကောင်းတယ် ဆိုပြီး အတင်းဝင်လုကြတာပဲ’
‘ဟုတ်တယ်နော် ကြောက်စရာကြီး’
ပန်းညိုက လည်ပင်းက ပဝါလေးကို ဆွဲဖြုတ်ပြီး ပဝါစွန်းမှာ ထိန်သွားလေးကို ဂရုတစိုက် ချည်တယ်။ ပြီးတော့ ပဝါလေးကို လည်ပင်းမှာ သေချာပြန်ချည်ပြန်တယ်။ သူ့မှာ ကစားစရာလေး တစ်ခုရသလို သိပ်သဘောကျနေတော့တာပဲ။ ဟိုအရှုပ်မကြီး ပြောတာသာကြားရင် သူ ဘယ်လိုနေမလဲ။ သူ့ပဝါနဲ့ ပန်းညိုနဲ့ မတူဘူးတဲ့။ မတန်ဘူးတဲ့။ သူ့ရဲ့ ခေတ်မရှိတော့တဲ့ ဟိုးရှေးပဝေသဏီက ပဝါဟာ ပန်းညိုအသားနဲ့ထိလို့ သနသွားပြီတဲ့။ ပြောလိုက်ဆိုလိုက်တာ။ ယုန်ထိုးညကတော့ ဗောင်းဆောင်းကြီး ဦးဘစီရဲ့ အဆိုအဆဲမျိုးစုံနဲ့ ပီပြင်လိုက်သလား မမေးနဲ့။ မင်းမင်းမှာ ယုတ္တိယုတ္တာတွေ၊ အညုအချွဲတွေ၊ အဟိန်းအဟောက်တွေနဲ့ နည်းမျိုးကို စုံရော။ အရှုပ်မကြီးကို ငြိမ်အောင်လုပ်ရတာ။ ယုံအောင် လုပ်ရတာ။
ဘာဖြစ်သလဲပေါ့။ ကောင်မလေးဟာ သနားစရာလေးမို့ သီချင်းဆိုကောင်းလို့ ပိုက်ဆံပေးတာ၊ ထမင်းဟင်းပေးတာ၊ ဒေစီဂျိန်းဆိုတဲ့ သူဌေးမကြီး သေတ္တာအောက် ထိုးထားတဲ့ အဟောင်းအမြင်း ပဝါလေးတစ်ထည်ပေးတာ ဘာဖြစ်သလဲပေါ့။ ကောင်မလေးကို ကြိုက်ဖို့လည်း မဟုတ်ဘူး၊ ချစ်ဖို့လည်း မဟုတ်ဘူး။ မယုံချင်နေပေါ့။
တကယ်တော့ မင်းမင်း ဖြီးလုံးတွေကို အရှုပ်မကြီး သိပ်တော့ယုံဟန်မတူဘူး။ မင်းမင်း သိတယ်။ ဒါပေမယ့် အဲဒီည တစ်ညလုံး ဘယ်မှမထွက်ဘဲ နေလိုက်ပြီး ဒီနေ့ တစ်နေ့လုံးလည်း အိမ်မှာ ကုပ်နေလိုက်တော့ သူ ကြည်သွားပြီ။ ကြည်သွားပြီ ဆိုပေမယ့် မင်းမင်းကို လုံးဝ အလစ်မပေးသေးဘူး။ ဒါပေမယ့် ညဘက် အောက်နန်းတက်ပွဲ တစ်ပွဲ ပြီးတာနဲ့ ဧည့်သည်တွေ ရှုပ်နေတုန်းမှာ ဘာဖြစ်လို့ ဒီဘက်ကို ထွက်လာခဲ့မိတာလဲ။ အရှုပ်မကြီး အောက်နန်းတက်ပွဲက ကိုကြီးကျော်အရှိန်နဲ့ မူးတော့နေပါတယ်။ မူးရင် သူအိပ်တတ်တယ်။ သူ အိပ်ပျော်သွားပါစေ။
‘ဒီနေ့ နေ့ခင်း အစ်ကိုတို့ဘက်တောင် မရောက်တော့ဘူး။ ကနားတဲတစ်ခုက လူတွေက သီချင်းတွေ အများကြီး ဆိုခိုင်းနေလို့။ ပိုက်ဆံတွေလည်း အများကြီးပေးတယ်။ ထမင်းဟင်းတွေလည်း ပေးတယ်။
‘ပိုက်ဆံတွေ အများကြီးရတော့ အစ်ကို့ဆီ မလာတော့ဘူးပေါ့လေ’
‘မဟုတ်ပါဘူး။ မနေ့က အစ်ကိုပဲ ပြောပြီးတော့။ နောက်နေ့ အစ်ကိုတို့ဘက် မလာခဲ့နဲ့ဆို။ အစ်ကို့အစ်ကို နတ်ကတော်ကြီးက သူ နတ်ဝင်နေတုန်း သီချင်းလာဆိုရင် မကြိုက်ဘူးဆို’
‘အေးပါ… အေးပါ၊ ဟုတ်ပါတယ်’
သိပ်သနားဖို့ ကောင်းတာပဲ။
ဟောဒီ ကောင်မလေးကို သနားစရာ အပြစ်ကင်းစင်သူကလေးမို့ မင်းမင်း ငြိမိတာပါ။
‘နတ်ကတော်လုပ်ရတာ ကောင်းတယ်နော် အစ်ကို’
‘ဘာရယ်’
‘နတ်ကတော်လုပ်ရတာ ကောင်းတယ်လို့။ ပန်းညိုက နတ်ကတော် ဖြစ်ချင်တာ’
‘ဟောဗျာ… ဒီကောင်မလေးက ဘယ်လို ကောင်မလေးလဲ’
‘ဟုတ်တယ်၊ နတ်ကတော်ဆိုတာ သနပ်ခါး ခြေဆုံး ခေါင်းဆုံးလိမ်းပြီး ဇိမ်လေးနဲ့ နေရတာ။ ဘာမှ ပင်ပင်ပန်းပန်း မလုပ်ရဘူး။ ပန်းညိုတို့က နတ်တွေက မကောက်ဘူးနော်။ ပိုက်ဆံမရှိလို့လား မသိဘူး။ ဟုတ်လား’
‘မဟုတ်ပါဘူးကွာ’
‘ဟုတ်ပါတယ်။ ဟောဒီ တောင်ပြုန်းရွာထဲက နွားနို့ထမင်းရောင်းတဲ့ အစ်မကြီး တစ်ယောက်ကလည်း ပြောတယ်။ သူလည်း နတ်ကတော်ဖြစ်ချင်တာတဲ့။ နို့ထမင်း မရောင်းချင်ဘူးတဲ့။ ဒါပေမယ့် နတ်တွေက သူတို့ကျ မကောက်ဘူးတဲ့။ နတ်တွေက ရပ်ဝေးက လူတွေကိုပဲ မ တာပါတဲ့’
‘ဘာတွေ လျှောက်ပြောနေတာလဲ။ ဒီကောင်မလေး’
ပန်းညိုက အသံတိုးတိုးလေးနဲ့ ရယ်ပြီး မင်းမင်းပခုံးပေါ် နွဲ့မှီနေတယ်။
‘နက်ဖြန် တစ်ရက်ပြီးရင် ပွဲပြီးပြီနော်’
‘အင်း’
‘အစ်ကိုတို့က ဘယ်ကို ပြန်ရမှာလဲဟင်။ ပန်းညိုတို့ နောက်နှစ်ကျမှ’
‘အစ်ကို လာမယ်’
ပန်းညိုက မင်းမင်းဆီက ဆက်ခနဲခွာပြီး မှောင်ရိပ်ထဲမှာ မင်းမင်းမျက်နှာကို မယုံသလို ကြည့်တယ်။
‘ပန်းညိုနဲ့ အစ်ကို တူတူနေမှာလားဟင်’
သနားစရာ ကောင်မလေးရယ်။ ပန်းညိုလက်ကလေးတွေကို သနားလှစွာ ဆုပ်ထားမိတယ်။
‘ဟင်… ပန်းညို အစ်ကိုနဲ့ တူတူနေရမှာလား’
‘နေရမှာပေါ့။ ပန်းညိုနဲ့ အစ်ကိုနဲ့ တူတူနေမှာပေါ့’
ဒီစကားတွေကို ဘာဖြစ်လို့ ပြောမိသွားတယ်ဆိုတာ ကိုယ့်ဟာကိုယ်လည်း မသိတော့ပါဘူး ပန်းညိုရယ်။ ဝန်ခံရရင် ဒီစကားတွေကိုပြောဖို့ ရည်ရွက်ချက် ကိုယ့်မှာ တကယ်မရှိခဲ့ပါဘူး။
‘အစ်ကို့ကို ချစ်တယ်’
ရိုးသားလှိုက်လှဲနေတဲ့ အသံလေးကို ရှက်မိပါရဲ့ ပန်းညိုရယ်။ မရိုးသားနိုင်တဲ့ ကိုယ့်ဘဝကိုလည်း ဝမ်းနည်းမိပါရဲ့။ ပန်းညိုလက်ကလေးတွေကို ညင်ညင်သာသာ နမ်းရှိုက်လိုက်တယ်။ နမ်းရှိုက်လိုက်တဲ့ ခဏမှာပဲ…
‘ဟေ့… မင်းမောင်’
လရောင်နဲ့ သစ်ရွက်ကလေးတွေကိုတောင် ထိတ်လန့်တုန်ခါသွားစေတဲ့ အသံ။
ပန်းညိုလက်ကလေးကို မင်းမင်း လွှတ်ချလိုက်မိတယ်။
‘ဟေ့… မင်းမောင်၊ ဘယ်မှာလဲ… ထွက်ခဲ့စမ်း’
သူ လိုက်လာပြီ။ နောက်ဆုံးတော့ မင်းမင်းဘဝကို အစွမ်းကုန်ခြေမွဖျက်ဆီးပစ်ဖို့အတွက် သူ လိုက်လာခဲ့ပြီ။
‘မင်းမောင်၊ ငါ ခေါ်နေတာ နင် မကြားဘူးလား’
သူ ကျွေးတာစား၊ သူ ပေးတာယူ၊ သူ ခိုင်းတာလုပ်၊ သူပြုသမျှနုရတဲ့ ငါးရာတန် ငွေဝယ်ကျွန်တစ်ယောက်အနေနဲ့ သူ့အမိန့်ကို နာခံရတော့မလား။
‘ဟဲ့… ဒါလောက် အော်နေတာတောင် နင့်မှာ အရှက် မရှိဘူးလား။ အရှက်နည်းလှချည်လားဟင်။ ထွက်ခဲ့၊ သူများလင်ခိုးတဲ့ ဟိုမိန်းမနဲ့ ဘယ်ချောင်မှာ အိပ်နေလဲ’
ဝုန်းခနဲ မင်းမင်း မတ်တပ်ရပ်လိုက်တယ်။ တဆတ်ဆတ်တုန်ယင်နေတဲ့ ပန်းညိုကို အသာတွန်းဖယ်လိုက်ပေမယ့် ကောင်မလေးက မင်းမင်းလက်ကို အတင်းဆွဲထားတယ်။
‘အစ်ကိုက… အစ်ကိုက နတ်ကတော်ကြီးရဲ့…’
မပီမသ သွေးရူးသွေးတန်း ထွက်လာတဲ့အသံတိုးလေးက မင်းမင်းခန္ဓာကိုယ်ထဲကို ကြောက်မက်ဖွယ်ရာ စိမ့်ဝင်သွားခဲ့တယ်။
‘ဟေ့… မင်းမောင်’
‘သွားတော့ ပန်းညို၊ သွားတော့…’
မှောင်ရိပ်ထဲကနေ မင်းမင်းထွက်တယ်။ ဇရပ်ပျက်ကြီးပေါ်က လူနွမ်းပါးတွေက လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြပြီ။
‘အရပ်ကတို့ရေ… ယောက်ျားကြီးတန်မဲ့နဲ့ မိတ်ကပ်တွေ လိမ်း၊ နှုတ်ခမ်းနီတွေဆိုးပြီး ပင်ပင်ပန်းပန်း ရှာဖွေကျွေးတဲ့ ထမင်းကိုလည်း အရှက်မရှိ စားသေးတယ်။ ကြက်ဖလားထဲက ပိုက်ဆံနှိုက်ပြီးတော့လည်း မိန်းမတွေနဲ့ အလေလိုက်ချင်သေးတယ်။ စဉ်းစားလည်းကြည့်ကြပါဦး’
အရှက်ခွဲခြင်းဆိုတဲ့ ပညာမှာ တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်လှတဲ့ ဒေစီဂျိန်းရဲ့ မိတ်ကပ်မဖျက်ရသေးတဲ့ ဒေါသမျက်နှာကြီးကို လရောင်က ဆလိုက်ထိုးပေးထားသလိုပဲ။ ဆံထုံးဖြေစ မဖြီးရသေးတဲ့ ဆံပင်တွေက ထိုးထိုးထောင်ထောင်၊ ခါးတောင်အင်္ကျီငွေဇာဖျင်ပေါ်က ပုလဲပုတီးအရှည်ကြီးကလည်း တယမ်းယမ်းနဲ့ မျက်တောင်တုတွေ မဖြုတ်ရသေးတဲ့ မျက်လုံးအစုံက ပြူးကျယ်ပြီး ဝင်းဝင်းတောက်နေတယ်။
‘ဟဲ့… ထွက်ခဲ့ဆိုတာ မထွက်သေးဘူးလား။ အဆင့်မရှိတဲ့မိန်းမနဲ့ နေတော့မယ်ဆိုလည်း ငါဆင်ထားတဲ့ ပစ္စည်းတွေ ချွတ်၊ အကုန်ချွတ်ပေးလှည့် မင်းမောင်’
‘ခင်ဗျားပါးစပ်ကို ပိတ်ထားစမ်း’
ရုတ်တရက် လက်ကို ဆောင့်ဆွဲတာ ဒေစီဂျိန်း ခံလိုက်ရတယ်။ ဇောနဲ့ မျက်စိက မှုန်မှုန်နဲ့ မင်းမင်း အနားရောက်လာတာကို မမြင်ဘူး။
‘ခင်ဗျား ပါးစပ်မပိတ်ရင် ကျုပ် ထိုးမှာနော်’
‘ဟင်… နင်ကလား၊ ငါ့ကို ထိကြည့်စမ်း။ ငါ့ပါးစပ် ငါပိတ်ချင်မှ ပိတ်မယ်။ ကဲ… အော်တယ်ဟေ့ အော်တယ်၊ ဟောဒီမှာ အရပ်ကတို့…’
မင်းမင်းက ဒေစီဂျိန်းပါးစပ်ကို ပိတ်ပစ်လိုက်တယ်။ ပြီးတော့ လက်တွေကို ချုပ်ပြီး အတင်းဆွဲထုတ်လာတော့ တရွတ်တိုက်ပါလာတယ်။ တအားမောနေတဲ့ ဒေစီဂျိန်းရဲ့ အသက်ရှူသံပြင်းပြင်းနဲ့အတူ ဇရပ်ပေါ်က နာကျင်နေတဲ့ ရှိုက်သံလေးက မင်းမင်းနောက်ကို လိုက်လာတယ်။
အရှက်တွေ၊ ဒေါသတွေ၊ နာကျင်တာတွေနဲ့ သတိလက်လွတ်ဖြစ်နေတဲ့ မင်းမင်းလက်တွေက မိန်းမလျာမကြီးကို ဘယ်လောက်များ မညှာမတာ ဆွဲခဲ့မိတယ် မသိဘူး။ အိမ်ပေါ်ကို ရောက်တော့ ခြောက်ဆယ်တွင်း မိန်းမလျာမကြီး ပုံလဲသွားခဲ့တယ်။
နုနယ်လှတဲ့ မိန်းမအသားအရေကို ပိုင်ဆိုင်ထားတဲ့ ဂျိန်းစဘွန်းမကြီးရဲ့ လက်ကောက်ဝတ်တွေ နီရဲပွန်းပဲ့နေပြီ။ ပခုံးက ငွေဇာဖျင်အင်္ကျီက စုတ်ပြဲလို့ ဆံပင်တွေ ဦးရေတွေလည်း ကျိန်းနေသလိုပဲ။ ဘုရား… ဘုရား၊ သူဆံပင်တွေကိုရော ဆွဲခေါ်ခဲ့သလား။ လမ်းတစ်လျှောက်လုံး ဘာမှမသိပါဘူး၊ မသိတော့ပါဘူး။ မောလွန်းလို့ အသက်ကို မနည်းရှူပြီး ပါလာခဲ့ရတာပါ။
‘ရေ… ရေ… ငါ့ကို ရေတိုက်ကြပါ’
ကိုဘစီကို ချစ်တဲ့ သစ္စာရှိ လူယုံမကြီး အဖုံကြီးကပဲ ရေခွက်လေးနဲ့ ရောက်လာတယ်။
သူကတော့ တစ်ချက်ကလေးမှ လှည့်မကြည့်ခဲ့ပါဘူး။ အံတကြိတ်ကြိတ် လက်သီးတပြင်ပြင်နဲ့။
‘မောလိုက်တာ၊ ငါ သေလိမ့်မယ်ထင်တယ်။ ငါ့ကို သတ်တာ၊ ငါ့ကို သေအောင်သတ်တာ’
‘ဘာဗျ’
မင်းမင်း ဝုန်းခနဲ လှည့်ကြည့်တယ်။
‘ခင်ဗျားက ကျုပ်အရှက်ကို ခွဲ၊ ကျုပ်ဘဝကိုပျက်အောင် လုပ်ရုံတင်အားမရသေးဘူးပေါ့။ ကျုပ်ကို ထောင်ထဲပါ ထည့်ချင်သေးတာပေါ့။ ဟုတ်လား။ အေးလေ… ဒါ ဆန်းတော့ မဆန်းပါဘူး။ ခင်ဗျားတို့ မိန်းမလျာတွေရဲ့ အကျင့်ပဲ။ လိုရင် ခြင်ထောင်ထဲ မလိုရင် ထောင်ထဲပေါ့။ ခင်ဗျားတို့ လုပ်နေကြတဲ့ လိုတဲ့အချိန်မှာ လိုသလိုသုံးမယ်။ မလိုတော့ဘူးဆိုတော့ ပစ္စည်းခိုးတယ်၊ သေကြောင်းကြံတယ်ဆိုပြီး ထောင်ထဲပို့’
‘သြော်… နင်က မိန်းမလျာတွေအကြောင်း တော်တော်သိတယ်ပေါ့’
ဂျိန်းစဘွန်းမကြီးရဲ့စိတ်ဓာတ်နဲ့ မိန်းမလျာမကြီး လူးလဲ ထထိုင်တယ်။
‘နေပါဦး၊ မိန်းမလျာမတွေ မကောင်းဘူးဆိုရင် နင် ဘာဖြစ်လို့ မိန်းမလျာနဲ့ နေခဲ့တာလဲ။ မနေနဲ့ပေါ့။ မနေလို့ရတာဘဲ’
‘ကျုပ် မသိခင်က နေခဲ့တာလေ။ သိတဲ့အချိန်ကစပြီး မနေချင်တာ ကြာလှပြီ’
‘သြော်… ဒီလိုဆို ခု မနေတော့ဘူးပေါ့။ အဆီစား အသားမျိုလို့လည်း ဝပြီပေါ့။ သက်ကြားအိုကြီးကို ရင်ဝကန်ပစ်ခဲ့ပြီး နုနုထွတ်ထွတ် ဆယ့်ခြောက်နှစ်ကလေးနဲ့ သွားနေတော့မယ်ပေါ့’
‘ဟုတ်တယ်။ ကျုပ် မိန်းမယူတော့မယ်။ အိမ်ထောင်ပြုတော့မယ်’
သူတစ်ခါမှ မကြားဖူးခဲ့တဲ့ မင်းမင်းရဲ့ ပြတ်သားလှတဲ့အသံကို ငေးကြောင်နားထောင် နေမိရာက ဂျိန်းစဘွန်းမကြီးရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ တလိမ့်လိမ့် ကျလာခဲ့တယ်။
‘မယူရဘူး၊ နင် မယူရဘူး။ ငါ့ကိုပဲ ချစ်ရမယ်။ နင်ငါ့ကို မချစ်တော့ဘူးလား’
ရုတ်တရက် မင်းမင်းနောက်ကျောကို ဒေစီဂျိန်းက ရှိုက်ကြီးတငင်နဲ့ သိမ်းဖက်လိုက်တယ်။
‘နင့်ကို ငါ မခွဲနိုင်ဘူး။ နင်သွားရင် ငါသေမှာပဲ။ ငါ့ကို နင် သတ်သာပစ်ခဲ့ပါ’
‘ဖယ်စမ်းဗျာ၊ အဲဒါမျိုးတွေ ကျုပ်ကို မလုပ်နဲ့’
မိတ်ကပ်အနီတွေ၊ အပြာတွေ၊ အနက်တွေနဲ့ မျက်ရည်တွေနဲ့ ရောနှောလိမ်းကျနေတဲ့ အရူးမကြီး ဂျိန်းစဘွန်းမျက်နှာကို မင်းမင်းက ကြည့်တယ်။
‘ခင်ဗျား ကျုပ်ကို ချစ်တယ်ဆိုတာ အလကားပါ။ ကျုပ်ဖက်ကနေပြီးတော့ ခင်ဗျား ဘယ်တုန်းကများ စဉ်းစားဖူးလဲ။ ခင်ဗျားဘက်ကပဲ ခင်ဗျား စဉ်းစားတာ။ ဒီမှာ ခင်ဗျားတို့ မိန်းမလျာဆိုတာကို လူတွေက ဘယ်လိုသဘောထားလဲ။ ရွံရှာကြတယ်။ စက်ဆုပ်ကြတယ်။ မိန်းမလျာကိုမြင်ရင် ရှောင်ချင် ကွင်းချင်ကြတယ်။ ဘယ်သူကမှ လိုလားတာမဟုတ်ဘူး။ ဆွေမျိုးကတောင် မကြည့်ဘူး။ ဒါတွေကို သိလျက်နဲ့ အဲဒီမိန်းကလျာနဲ့ တွဲလျှောက်ဝံ့တဲ့ ကျုပ်သတ္တိကို ကျုပ်ဘယ်လောက်မွေးထားရတယ် ထင်သလဲ။ ခင်ဗျား အော်သလို ကျုပ်ဟာ မိန်းမလျာထဘီနား ခိုစားနေတဲ့ကောင်ပါ။ ဟုတ်ပါတယ်။ ဒါပေမယ့် အချိန်တန် အရက်ကလေး တမြမြ၊ ဝတ်ကောင်းစားလှလေးတသသနဲ့ ညာစားနေတဲ့ကောင်မျိုး မဟုတ်ဘူး။ ကျုပ်စားနေရတဲ့ ထမင်းအတွက်၊ ကျုပ်ဝတ်နေရတဲ့ အဝတ်အတွက် ကျုပ် အလုပ်တွေ အများကြီး လုပ်ခဲ့ပါတယ်။ ခင်ဗျားအလုပ်ကို အများကြီး ကူခဲ့ပါတယ်။ ကျုပ် ထဘီတောင် ခေါက်ပေးတာပဲ။ ဒါ ဘာဖြစ်လို့လဲ။ ရှင်းရှင်းပြောရရင် ခင်ဗျားကို သံယောဇဉ်ရှိလို့ပေါ့။ သံယောဇဉ် ရှိတာနော်။ ချစ်တာတွေ၊ မေတ္တာတွေ၊ တဏှာရာဂတွေနဲ့ မဆိုင်ဘူး။ ကျုပ် မသိတတ်ခင်တုန်းက အဲဒါတွေ ရှိခဲ့တာပေါ့လေ။ အခု ကျုပ်သိတဲ့အချိန်မှာတော့ ခင်ဗျားဟာ ကျုပ်အစ်ကိုပဲ။ ကျုပ် ဦးလေးပဲ။ ကျုပ် အိမ်ထောင်ပြုချင်တယ်။ ကျုပ် ဒီဘဝကြီးထဲကနေ ရုန်းထွက်ပါရစေတော့’
ထားရာနေ၊ စေရာသွား၊ ပြုသမျှ နုခဲ့ရတဲ့ သူရဲ့ပေါက်ကွဲမှုကို မိန်းမလျာမကြီး အထိတ်တလန့်ကြည့်ရင်း ဆောက်တည်ရာမရ တတွတ်တွတ် ရေရွတ်တယ်။
‘ငါ့မှာ ဘာအပြစ်ရှိလို့လဲ။ နင့်ကို ငါဘာတွေများ လုပ်ခဲ့လို့လဲ’
‘ဘာတွေလုပ်ခဲ့လို့လဲ ဟုတ်လား။ ခင်ဗျားပဲ ကျုပ်ကို အမြဲပြောတဲ့ စကားလေ။ စိတ်ဆိုးအောင်လုပ်၊ စိတ်နာအောင် မလုပ်နဲ့ဆိုတာလေ။ စိတ်ဆိုးတာက ပြေတယ်။ စိတ်နာတာက ဘယ်တော့မှ မပြေတော့ဘူးတဲ့။ ခင်ဗျား ကျုပ်ကို စိတ်နာအောင် လုပ်ခဲ့တဲ့အကြိမ်တွေ မရေတွက်နိုင်တော့ဘူး ဦးဘစီရဲ့။ လူရှေ့သူရှေ့တွေမှာ ခင်ဗျား အရှက်ခွဲခဲ့တာတွေလေ။ ခင်ဗျား စိတ်ကလေး ထစ်ခနဲ မကျေနပ်တာနဲ့ နတ်ပွဲအလယ်ကောင်မှာ မအေ၊ နှမကုန်အောင် ဆဲခဲ့တာလေ။ ပါးရိုက်ခဲ့တာလေ။ မဟုတ်ရပါပဲနဲ့ မကောင်းတဲ့မိန်းမနဲ့ ပျော်ပါးနေပါတယ် ဆိုပြီး သူများကနားတဲပေါ်က အတင်းဆွဲချ၊ ပွဲခင်းတစ်ခုလုံး လည်ပြပြီး အရှက်ခွဲခဲ့တာလေ။ ဆိုက်ကားဂိတ်လို နေရာမျိုးမှာ သူခိုး၊ သူခိုးလို့ အော်ခဲ့တာလေးရော၊ ခင်ဗျား မေ့များသွားပြီလား။ ကျုပ်ကတော့ ကျုပ်အမေဆီ သွားခါနီးမှာ ဖြစ်တဲ့အဖြစ်မို့ တစ်သက်မမေ့ဘူး။ ဒီလက်စွပ်လေ၊ ဒီလက်စွပ်။ ကျုပ်အမေဆီကို သွားရင် လက်စွပ်ဝတ်မသွားရဘူးတဲ့။ ကျုပ်အမေ သူဆင်းရဲမကြီးက ယူလိုက်မှာစိုးလို့၊ ခိုးလိုက်မှာ စိုးလို့ပေါ့လေ။ ကျုပ်အသနားခံပြီး ခင်ဗျားကို တောင်းပန်ခဲ့ပါတယ်။ လက်စွပ်လေးတစ်ကွင်းတော့ လူကြည့်ကောင်းအောင် ဝတ်သွားပါရစေ။ ဘာမှမဖြစ်စေရပါဘူး။ ဒါပေမယ့် ခင်ဗျားလုပ်ခဲ့တာလေ။ ခင်ဗျားအိမ်နားက ဆိုက်ကားဂိတ်မှာလေ။ ဆိုက်ကားပေါ်ရောက်နေတဲ့ ကျုပ်ကို လိုက်ပြီး အော်တာ။ ‘ငါ မကျေနပ်ဘဲ ငါ့ပစ္စည်းယူရင် ခိုးတာပဲ။ ငါအော်မှာနော်။ သူခိုး… သူခိုး၊ လက်စွပ်သူခိုး’တဲ့။ ကျုပ် အားလုံးမှတ်မိတယ်။ ခင်ဗျား နာအောင်လုပ်တာတွေ အကုန်လုံး ကျုပ် မှတ်မိတယ်’
‘အဲဒါတွေလုပ်တာ နင့်ကို ချစ်လို့ဟဲ့။ ရှက်တော့ ၊နာတော့မှ နင်က နောက် ငါမကြိုက်တာတွေ မလုပ်မှာပေါ့။ ထားတော့။ ကဲ… ခုနောက်ပိုင်း နင့်ကို ငါ ဘာလုပ်သလဲ။ အရာရာ နင့်သဘော၊ နင့် အစီအစဉ်၊ နင့်ကို ငါအကုန်ပုံထားတယ် မဟုတ်လား’
‘ကျွန်ယုံတော်ပေါ့။ ချွေတာသုံး၊ မစားရက် မဝတ်ရက် စုဆိုတဲ့ စည်းကမ်းဥပဒေကြီးနဲ့လေ။ သုံးသမျှ စာရင်းဇယားနဲ့ ပြရတာလေ’
‘အေး… အဲဒီတော့ နင်က လူရိုးလေးကိုး။ စာရင်းဇယားမှာ မလိမ်တတ်ရှာဘဲကိုး။ ငါ့ကို မှန်မှန်ကန်ကန် ပြရှာတာကိုး’
‘အဲဒါလည်း ခင်ဗျားကြောင့် ဖြစ်လာတာလေ။ ကျုပ် လိမ်တတ်တာ၊ ရှုပ်တတ်တာတွေဟာလည်း ခင်ဗျားကြောင့် ဖြစ်တာပဲ’
‘အေးအေး… ငါရှုံးပါပြီ။ ငါ ရှုံးပါတယ်။ နင်သာ အနိုင်ယူပါတော့။ အနိုင်ယူပါတော့။ ငါ မကောင်းချည်းဘဲ ထားလိုက်ပါတော့’
‘ခင်ဗျား မရှုံးပါဘူး။ ကျွန်တော့်အတွက် အရင်းက နည်းနည်းလေးပဲ၊ ငါးရာတည်းပါ’
‘ဟဲ့… ငါ့အရင်းက အဲဒီငါးရာမဟုတ်ဘူး။ ငါ့အရင်းက နှလုံးသား၊ ဟောဒီ နှလုံးသားနဲ့ ငါ ရင်းထားရတာ။ ဒီအရင်းရှုံးမှတော့ ငါ့ဘဝ ဘာအဓိပ္ပါယ် ရှိတော့မှာလဲ။ ငါ သေလိုက်ဖို့ပဲ ရှိတယ်’
ဂျိန်းစဘွန်းမကြီးရဲ့ ရှိုက်သံက ဆွေးမြည့်နာကျင်လို့ နေတယ်။
‘နင့်လိုသာ ပြောကြကြေးဆို ငါ ချစ်လို့ နင့်ကို ခွင့်လွှတ်ခဲ့ရတာတွေလည်း အများကြီးပါပဲ။ နင် ငါ့ကို မိန်းမကိစ္စနဲ့ မျက်ခွက်ကို လက်သီးနဲ့ထိုးတာလေ။ မျက်လုံးထိပြီး အဲဒီကစ မျက်စိတွေ မှုန်သွားတာ။ ငါ့မျက်လုံးတွေ ခုထိ မကောင်းတော့ဘူး’
မင်းမင်း ငြိမ်သက်နေတယ်။ ဂျိန်းစဘွန်းမကြီးက မျက်ရည်တွေကို ခပ်ကြမ်းကြမ်း ပွတ်သုတ်ပြန်တယ်။
‘ရပါတယ်၊ နင် အခု မိန်းမယူမယ် မဟုတ်လား။ ငါတို့ မိန်းမလျာဆိုတာ ဒီလိုအဖြစ်မျိုး ဘယ်နေ့များ ဖြစ်ပါ့မလဲ ဆိုတာကို တထိတ်ထိတ်နဲ့ စောင့်နေရတဲ့ဘဝ။ တစ်နေ့ကျ ရင်ဝကို စုံကန်သွားမယ်ဆိုတာ မျက်ဖြူဆိုက်ပြီး ကျန်ခဲ့ရမယ်ဆိုတာ သိပြီးသားပဲ။ ငါ့ကိုလည်း နင် အိုစော်နံပြီ၊ မေတ္တာကုန်ပြီပဲ။ ကြွေသောရွက်ဝါ ပြန်မဆက်၊ လှသောအိပ်မက် ပြန်မမက်တဲ့။ ငါ နားလည်တယ်။ နင့်ကို ငါ ကြိုးစားဖြတ်ရမှာပေါ့။ သံမဏိဆိုတာ မီးနဲ့တိုက်မှ အရည်ပျော်တာ။ စိန်ကို စိန်ချင်းဖြတ်မှ၊ သံကို သံချင်းဖြတ်မှ၊ နှလုံးသားကို နှလုံးသားချင်း ဖြတ်မှ ပြတ်တာ။ ငါ ဖြတ်ပါ့မယ်။ ငါ့နှလုံးသား အကြေအမွခံပြီး ငါ ဖြတ်ပါ့မယ်’
မျက်ရည်တွေက ဂျိန်းစဘွန်းမကြီး ပါးပြင်ပေါ်ကို စီးကျလာပြန်တယ်။
‘မနေ့ညကဆို ငါတစ်ညလုံး အိပ်မပျော်ဘူး။ နင် ဘယ်လောက်လိမ်လိမ်၊ ကောင်းမလေးနဲ့ နင်ဖြစ်နေပြီဆိုတာ ငါ သိတာပေါ့။ ငါ စဉ်းစားကြည့်တယ်။ နင်မိန်းမယူမယ်ဆိုရင် ငါ ဖြတ်နိုင်မလားဆိုတာ။ တွေးလိုက်တာနဲ့ အို… ဟိုတုန်းက စားခဲ့၊ သောက်ခဲ့၊ ပျော်ခဲ့ပါးခဲ့၊ လှူခဲ့တန်းခဲ့တာတွေ ရုပ်ရှင်ပြသလို အကုန်ပေါ်။ ဖျားတော့နာတော့ ပြုစုတာတွေ၊ ခရီးသွားတဲ့အခါ ကြင်နာတာတွေ အကုန်ပေါ်။ မျက်ရည်တွေပဲ တွေတွေ တွေတွေကျပြီး အိပ်မပျော်တော့ဘူး။ တစ်ညလုံး လင်းအားကြီးမှ အရက်ထသောက်ပြီး အိပ်ပစ်လိုက်ရတာ’
‘ဟိုတုန်းကဟာတွေဟာ ဟိုတုန်းကပဲလို့ ကျုပ် ပြောပြီးပြီပဲ။ တော်ပါတော့။ အရေးကြီးတာက ပြတ်သားရမှာက ကျုပ်တို့ရဲ့ ရှေ့ဆက်ရမယ့်ဘဝ’
‘သြော်…နင်ကတော့ ဘယ်တွေးချင်ပါတော့မလဲ။ ဘယ်သတိရချင်ပါတော့မလဲ။ ရက်စက်နိုင်ပြီကိုး။ ငါ့ကို မုန်းပြီးကိုး’
‘ခင်ဗျားကို ကျုပ် သံယောဇဉ်ရှိပါတယ်လို့ ပြောပြီးပြီ’
ဂျိန်းစဘွန်းမကြီးက မျှော်လင့်တကြီးနဲ့ လင်သည်ကလေးကို ကြည့်ရှာတယ်။
‘နင် ငါ့ကို သံယောဇဉ်ရှိတယ်ဆိုရင် ငါနဲ့ ဘာဖြစ်လို့ မနေနိုင်ရတာလဲ။ ဘာဖြစ်လို့ တစ်သက်လုံး မနေနိုင်ရတာလဲ’
‘ဒီမှာ…’
မင်းမင်းဒေါသသံက ဟိန်းထွက်လာတယ်။
‘ခင်ဗျားက မိန်းမ မဟုတ်ဘူး။ ခင်ဗျားက မိန်းမစိတ်ပေါက်နေတဲ့ ယောက်ျား။ ကျုပ်ကလည်း ယောက်ျား။ ခင်ဗျားနဲ့ တစ်သက်လုံး ဘယ်လိုလုပ်နေရမလဲ။ ခင်ဗျား နားမလည်ပါဘူး။ ခင်ဗျား နားမလည်ဘူး’
‘အေး… နားမလည်ဘူး။ ငါသိတာက ငါဟာ မိန်းမပဲ။ အရာရာ ငါမိန်းမလိုပဲ နေတယ်။ ပြောတယ်။ ရယ်တယ်။ ငိုတယ်။ အားလုံးကို မိန်းမလိုပဲ ငါခံစားတယ်။ ငါဟာ မိန်းမပဲ။ ငါ့ကိုယ်ငါတော့ မိန်းမပဲ’
‘ခင်ဗျားဘာသာ သေအောင်ပြော။ ခင်ဗျား မိန်းမဖြစ်လို့ မရဘူး။ ခင်ဗျားအတုပဲ၊ နားလည်လား’
ဂျိန်းစဘွန်းမာန်ဝင်လာတဲ့ ဒေစီဂျိန်းက မိန်းမဟန်အပြည့်နဲ့ ခါးကို ထောက်လိုက်တယ်။
‘သြော်… အေး အေး၊ ထားပါတော့ မိန်းမတုကြီးကို ရင်ဝကန်ခဲ့ပြီး နင်ယူမယ် မိန်းမစစ်ကလေးက ဟိုတုန်းက ရည်းစားဟောင်းလား။ အခု အဆင့်မရှိတဲ့ မိန်းမလေးလား’
‘ခင်ဗျား မိုက်မရိုင်းနဲ့။ စကားကို အဆင့်ရှိရှိပြော’
‘ဟုတ်ကဲ့၊ အဆင့်ရှိသူကြီးရယ်၊ မေးတာလေး ဖြေပါဦး။ ဘယ်သူနဲ့များ စုလျားရစ်ပတ် မှာပါလိမ့်ရှင်’
‘ခင်ဗျားအပူ မဟုတ်ပါဘူး။ ကျုပ် ပန်းညိုကို ယူမှာ’
‘အဲဒီမိန်းမကိုပေါ့လေ ဟုတ်လား။ နေပါဦး။ သူ့ကို နင်ယူတော့ နင်က ဘာလုပ်ကျွေးမှာတုံး။ သူရှာတာကို ထိုင်စားမှာလား’
‘ကျုပ်မှာ ခြေရှိတယ်၊ လက်ရှိတယ်။ ကျုပ် ကူလီထမ်းကျွေးမယ်။ ဆိုက်ကားနင်းကျွေးမယ်’
‘သြော်… မြင်းမိုရ်တောင်ကိုပင် ကျော်လွှားနိုင်သော စွမ်းအင်တွေပေါ့လေ။ ဆိုက်ကား နင်းကျွေးမယ်။ ကူလီထမ်းကျွေးမယ်တဲ့။ ငါ ရယ်ချင်လိုက်တယ်။ ဒီမှာ မင်းမောင်’
ဂျိန်းစဘွန်းမကြီးက အောင်နိုင်သူမျက်နှာမျိုးနဲ့ နှုတ်ခမ်းတွေကို မဲ့လိုက်တယ်။
‘ငါ လုပ်ကျွေးတာကို တစ်လျှောက်လုံး သက်သက်သာသာ ထိုင်စားလာတဲ့ နင့်လိုဟာမျိုးက ကူလီထမ်းနိုင်မယ်များ ထင်သလား။ ဝေးပါသေးတယ်’
‘ခင်ဗျား စောင့်ကြည့်လိုက်ပေါ့။ ကျုပ်သွားမယ်။ ရော့… ခင်ဗျားပစ္စည်းတွေ’
ကြမ်းပြင်ကော်ဇောပေါ် မင်းမင်း ပစ်ချလိုက်တဲ့ ပစ္စည်းတွေကို ဒေစီဂျိန်းက မယုံသလို ကောက်ယူလိုက်တယ်။
‘ဆွဲကြိုးတွေ၊ နာရီတွေ၊ ဟန်းချိန်းတွေ၊ လက်စွပ်တွေကို ပစ်ပြီး ကူလီသွားလုပ်မယ့် သူဟာ ဆိုက်ကားသွားနင်းမယ့် လူဟာ အရူးမို့လို့ ပေါ့’
‘ကျုပ် မရူးဘူး။ ခင်ဗျားသာ ရူးနေတာ’
‘ဟုတ်ပါတယ်။ ငါက အရူးမကြီးပါ’
တံခါးဝကို မင်းမင်း ထွက်လိုက်တယ်။
‘ကျုပ်… ခင်ဗျားဆင်ထားတဲ့ အဝတ်အစားတစ်စုံတော့ ဝတ်သွားမယ်’
‘မင်းမောင်’
မင်းမင်းလက်ကို ဂျိန်းစဘွန်းမကြီး လှမ်းဆွဲတယ်။
‘ကျုပ်လမ်း ကျုပ်သွားပါရစေ။ ခင်ဗျား ဖယ်’
‘မဖယ်ဘူး’
‘ဖယ်စမ်းဗျာ’
ဆောင့်တွန်းပစ်လိုက်ပြီး အိမ်ပေါ်လှေကားကနေ မင်းမင်း အပြေးဆင်းတယ်။
လဲကျကျန်ရစ်နေတဲ့ ဂျိန်းစဘွန်းမကြီးကို တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ အမှောင်ထုထဲကို ပြေးဝင်သွားတယ်။
ပန်းညိုလေးရေ၊ အစ်ကိုလာပြီ။ မင်းနဲ့ ထာဝရအတူတူနေဖို့အတွက် အစ်ကို မင်းဆီလာနေပြီ။
ရွှေဘုံဆင်း
ဝါခေါင်လဆန်း (၁၅) ရက်
မင်းနှစ်ပါးရဲ့ တောင်ပြုန်း ရွှေပွဲလာ နောက်ဆုံးနေ့။
မင်းနှစ်ပါးရဲ့ ရွှေဘုံဆင်းတဲ့နေ့။
ပွဲတော် နောက်ဆုံးနေ့ရဲ့ ထုံးစံအတိုင်း လူတွေက ကြိတ်ကြိတ်တိုး စည်းကားလို့ နေတယ်။
နန်းကြီးပေါ်မှာ မင်းနှစ်ပါးရဲ့ပုံတော်တွေကို ရွှေချဖို့ (ရွှေဘုံဆင်း)ဖို့အတွက် မိဖုရားကြီးတွေ၊ အမတ်ချုပ်ကြီးတွေ၊ သိုးတွေ၊ ဗောင်းတွေ အလုပ်ရှုတ်ကုန်ကြပြီ။ မင်းနှစ်ပါးပုံတော်တွေကို ချက်ချင်း ရွှေချရမယ်။ ပြီးတော့ ဝတ်လဲတော်အသစ်၊ ဗောင်းအသစ် လဲလှယ်ဝတ်ဆင်တော်မူလိမ့်မယ်။
နန်းကြီးပေါ်က အရှင်နှစ်ပါးပုံတော်ကို ရွှေချနေတဲ့အချိန် ကနားတဲတန်းက နတ်ကတော်တွေလည်း အလုပ်ရှုပ်ကြပြီ။ နောက်တစ်ပတ်ကြာရင် ကျင်းပမယ့် မင်းနှစ်ပါးက မယ်တော်ပုပ္ပါးကို ပို့တဲ့ပွဲ၊ ရတနာဂူနတ်ပွဲကို ကူးဖို့အတွက် ပြင်ကြဆင်ကြရပြီ။
ပွဲတော် ခုနစ်ရက်မှာ ငွေထုပ်ပိုက်နိုင်သူ နတ်ကတော်နဲ့ သူဌေးနတ်ကတော်တွေက ရတနာဂူပွဲ ကူးဖို့နဲ့ ကြားတစ်ပတ်မှာ နေရေးထိုင်ရေးကို စိတ်အေးအေး စီစဉ်နေချိန်မှာ ငွေခင်အမှူးပြုတဲ့ အချို့သော နတ်ကတော်တစ်သိုက်ကတော့ ပေါင်နှံရောင်းချရေး အစီအစဉ်ကြီးကို စတင်နေကြပြီ။
စရိတ်အတွက် ကြက်ဖလားပေါင်တဲ့ နတ်ကတော်ရှိတယ်။
ပုံတော်ပေါင်တဲ့ နတ်ကတော်ရှိတယ်။ ဓားပေါင်တဲ့ နတ်ကတော်ရှိတယ်။ ထဘီ၊ အင်္ကျီပေါင်တဲ့သူလည်း ရှိတယ်။ ရောင်းတဲ့သူလည်း ရှိတယ်။
ဖဲရှုံးလို့ ပေါင်တယ်။ အရက်သောက်လို့ ပေါင်တယ်။ ပိုက်ဆံမရလို့ ပေါင်တယ်။ ပေါင်နည်းတွေက အမျိုးမျိုး။
တချို့ချောင်ကျတဲ့ ကနားတဲလေးတွေက နတ်ကတော်၊ နတ်ပရိသတ်မရှိတဲ့၊ စန်းမရှိတဲ့၊ နာမည်မရှိတဲ့ နတ်ကတော်တွေဟာ တကယ့်ကို ပိုက်ဆံမရကြတာ။
ပေါင်ထားတဲ့ ပစ္စည်းတွေကို ရတနာဂူကျမှ ပြန်ရွေးကြမယ်လေ။ ပွဲစားငွေခင်တို့ ဒီအချိန်ဆို လက်မလည်တော့ဘူးပေါ့။ ကနားတဲတန်းမှာ ငွေခင်တို့က ဟိုကူးလိုက် ဒီသန်းလိုက်၊ နတ်ကတော်တွေနဲ့ ရုတ်ရုတ် ရုတ်ရုတ်ပေါ့။ ပစ္စည်းပေါင်၊ ပစ္စည်းရောင်းအပြင် မိန်းမလျာ လင်အလဲအလှယ် အရောင်းအဝယ်ကလည်း ပါလိုက်သေး။ တစ်ယောက်နဲ့တစ်ယောက် လင်လဲကြ၊ ဟိုကောင်လေးကို ဝယ်ချင်တဲ့သူနဲ့ ဒီကောင်လေးကို ရောင်းချင်တဲ့သူနဲ့ အလုပ်ကို ဖြစ်လို့။
ပိုက်ဆံမရရှာတဲ့ ချောင်ကျကျ ကနားတဲလေးတွေမှာ နတ်ကတော်တချို့ ပွဲတော်ခုနစ်ရက်လုံး ဟန်ပြတင်ထားတဲ့ ဖုန်အလိမ်းလိမ်းနဲ့ ကြက်ကြော်ကို ထမင်းနဲ့ ချစားနေရပြီ။ ဘယ်သူတွေ ဘာတွေပဲဖြစ်ဖြစ် ဘာကိုမှ ဂရုမထားနိုင်ဘဲ ပွဲတော်လာ လူအုပ်ကြီးထဲမှာ၊ ကနားတဲတန်းတွေကြားမှာ မင်းမင်းဆိုတဲ့ အချစ်ရူးကောင်လေးတစ်ယောက် အတင်းတိုးဝှေ့လျှောက်သွားလို့ နေတယ်။
အိပ်ပျက်မျက်လုံးအစုံက နေရာအနှံ့အပြားကို ရှာဖွေတဲ့ အကြည့်နဲ့ကြည့်တယ်။ ပန်းညို ဘယ်မှာလဲ။ ပန်းညိုတို့ ဘယ်မှာလဲ။နာကျင်ဆွေးမြည့်တဲ့ သီချင်းသံလေး ဘယ်ထောင့်ကများ ပေါ်လာမှာလဲ။
ဇရပ်ပျက်ကြီးပေါ်မှာ ပန်းညိုတို့ မရှိတော့ဘူး။
ပြီးတော့… ပြီးတော့ ဘယ်နေရာမှာမှ ပန်းညိုတို့ မရှိတော့ဘူး။
ပန်းညို ထွက်ပြေးသွားခဲ့ပြီ။
လူလိမ်လူညာ တစ်ယောက်ကို အမုန်းကြီးမုန်းပြီး ထွက်ပြေးသွားခဲ့ပြီ။
အလိမ်အညာခံရတဲ့ သနားစရာ ကောင်မလေးရယ်။ ဘယ်အရပ်ကို ရောက်နေရှာပြီလဲ။
ကလေးတစ်ယောက်သာ ဆိုရင်ဖြင့် တောင်ပြုန်းပွဲလယ်ကောင်မှာ ရှိုက်ရှိုက်ပြီး မင်းမင်း ငိုချလိုက်ချင်ပြီ။ ဝမ်းနည်းနာကျင်မှုနဲ့ ပင်ပန်းမှု၊ ပွဲတော်ကွင်းကို မင်းမင်း ဘယ်နှပတ် ပတ်မိမှန်း မသိဘူး။ ပန်းညိုရေလို့လည်း ဘယ်နှခွန်း ခေါ်မိပါလိမ့်။
ကနားတဲတစ်တဲရဲ့ ရှေ့တိုင်အခြေမှာ မဟန်နိုင်ဘဲ မင်းမင်း ထိုက်ချလိုက်တယ်။
ဖျားချင်နေပြီ။
မျက်စိမှိတ်ပြီး ခေါင်းယမ်းမိတယ်။
နုနယ်လှချည်လား ကူလီထမ်းမယ့် သူကြီးရယ်။ ဆိုက်ကားနင်းမယ့် သူကြီးရယ်။
ပန်းညိုရေ… မင်း ဘယ်မှာလဲ။
‘ဒေစီဂျိန်း ကောင်လေး မင်းမင်းပါ။ မူးနေတယ် ထင်တယ်’
ဘယ်သူလဲ ပြောတာ ဒေစီဂျိန်းကောင်းလေးဆိုတာ ဘယ်သူလဲ။ မင်းမင်း တိုင်ခြေကနေ ထရပ်တယ်။
မိန်းမလျာတွေ နင်တို့ကို ကြည့်ကို မကြည့်ချင်ဘူး။ ဦးဘစီရဲ့ စက်ကွင်းက လွတ်အောင် ကျုပ်ရှောင်မယ်။ ကျုပ်ဟာကျုပ် ဘယ်လိုနေနေ ဘယ်လိုထိုင်ထိုင် ဘယ်သူနဲ့မှ မဆိုင်ဘူး။ မင်းမင်းဟာ လမ်းပေါ်က လူ၊ လမ်းဘေးကလူ ဖြစ်သွားပြီ။
သူဌေးမကြီး ဒေစီဂျိန်းရဲ့ လက်လျားလက်လျား လူပေါ်ကြော့လင်ကလေး မဟုတ်တော့ဘူး။ စားရမယ့် သောက်ရမယ့် လမ်းဘေးကကောင် ဖြစ်သွားပြီ။
ပန်းညို… မင်းနဲ့တွေ့ရင် မင်းတောင်းထားတဲ့ထမင်း ကိုယ်တောင်းစားရမှာ။ ကျွေးမှာလား။ ကိုယ့်ရင်တွေ သိပ်ဟာနေပြီ။
တစ်နေရာရာမှာ ထိုးအိပ်မှဖြစ်တော့မယ်။ လျှောက်ရင်း လျှောက်ရင်းနဲ့ မင်းမင်း အဖျားတက်စပြုပြီ။ နတ်ဆိုင်းသံတွေက နားထဲမှာ မခံသာအောင် ဆူညံလာတယ်။
ပန်းညို နက်ဖြန်ကျရင် မင်းကို တစ်ခါရှာဦးမယ်။ နက်ဖြန်လပြည့်ကျော်တစ်ရက်မှာ ဆုတောင်းပြည့်ဘုရား ဘုန်းကြီးဆွမ်းလောင်းပွဲ ရှိတယ်။ ထပ်ပွဲဆိုတာလည်း ရှိတယ်။ ဘုရားကို လာပို့ကြတဲ့ ဆွမ်းတော်ပွဲ ငှက်ပျော်ဖီးတွေကို အချင်းချင်း ထပ်ပြီး ဘုရားက ပြန်ပေးတဲ့ ပွဲပေါ့။
အဲဒီဆွမ်းလောင်းပွဲကို ဟိုအရှုပ်မကြီးက နှစ်တိုင်းလောင်းတာပေါ့။ ပန်းညိုရယ်… အဲဒီဆွမ်းလောင်းပွဲကို တောင်းတဲ့ လူတွေလေ အများကြီး လာကြတယ်။ ဆွမ်းကြီးလောင်းပွဲကို တော့ သနားစရာ ကောင်မလေး ထွက်လာရှာမှာပါ။
တစ်နေရာရာကို သွားအိပ်ချင်တယ်။ မင်းမင်းခြေလှမ်းတွေကို မသိစိတ်က တစ်နေရာရာကို သယ်ဆောင်သွားနေတယ်။
မင်းမင်းသိတဲ့ တစ်နေရာရာကို သယ်ဆောင်သွားနေတယ်။
ကနားတဲတန်းလေးတစ်ခု၊ ပြီးတော့ ဒီဘက်ကွေ့၊ ဝင်းထရံ အရှည်ကြီးကို လျှောက်၊ စက္ကူပန်းနီတွေနဲ့ ခုံကလေး လုပ်ထားတဲ့ တံခါး၊ ခြေလှမ်းတွေက အလိုလိုသွားနေတယ်။ မျက်လုံးတွေက မဖွင့်ချင်တော့လောက်အောင်ပဲ။
စက္ကူပန်းခုံ တံခါးဝရောက်မှာ ခြေလှမ်းတွေက အလိုလို ရပ်တယ်။ ပြီးတော့ စိတ်လျှော့လိုက်သူ တစ်ယောက်လို တံခါးဝမှာ မင်းမင်း ပုံလဲသွားခဲ့တယ်။
ဘာကိုမှ မသိတော့ပါဘူး။
‘မင်းမောင်’လို့ ဘယ်သူခေါ်လိုက်တာလဲ။
စိုးရိမ်တကြီးနဲ့ ခေါ်တာ ပန်းညိုပေါ့။
မငိုပါနဲ့ ပန်းညိုရယ်၊ ပန်းညိုရင်ခွင်ထဲမှာ အစ်ကို ဖျားချင်တယ်။
တောင်ပြုန်းလမ်းခွကြားလေးပေါ်မှာ ပွဲတော်ပြန် ကားတန်းရှည်ကြီး တအိအိ ရွေ့လျားနေပုံဟာ လွမ်းစရာကောင်းနေသေးတော့တယ်။
ဝါဆို ဝါခေါင်လေကလေးကလည်း ကားတန်းရှည်ကြီးကို ခွဲခွာဖို့အတွက် နှုတ်ဆက်လို့ နေတယ်။
ပွဲတော်တွင်းက ထွက်ခါစ ဟိုင်းလပ်အဖြူလေးတစ်စီးရဲ့ ရှေ့ခန်းမှာ ကိုယ်ပူရှိန်နဲ့ နွမ်းဖျော့မှေးမှိန်နေတဲ့ လင်သည်ကလေး မင်းမောင်ကို ဂျိန်းစဘွန်းမကြီးက စိုးရိမ်တကြီး ပွေ့ဖက်လို့ ထားတယ်။
ဘုရားစာတွေကို တတွတ်တွတ်ရွတ်ရင်း အရှင်နှစ်ပါးကိုလည်း တတွတ်တွတ် တိုင်တည်လာတယ်။ နေကောင်းပါစေ၊ ရောဂါခပ်သိမ်း ငြိမ်းပါစေ၊ သေမယ့်ရောဂါ ကျေးတော်မျိုး ကျွန်တော်မျိုးကို ကပ်ပါ။ ကျေးတော်မျိုး ကျွန်တော်မျိုးကြီးက အသက်ကြီးပါပြီ။ သေဘက်နီးပါပြီ။
ကားက ဖြည်းဖြည်းချင်းလေး ရွေ့နေရာက တုံ့ခနဲ ရပ်လိုက်တယ်။ ရထားလမ်းကူး ဂိတ်တံခါး ပိတ်ထားပြီ။
ကားနောက်ခန်းက ပစ္စည်းတွေနဲ့ အဖုံကြီးတို့ဆီကို ဂျန်းစဘွန်းမကြီး လှည့်ကြည့်ရပြန်တယ်။ ပစ္စည်းတွေ စိတ်ချရရဲ့လား။
သြော်… သူသာဆို ဘာပူရမလဲ။ ကားနောက်မြီးကို ခိုပြီး ပစ္စည်းတွေ ကြည့်လိုက်တာ။ ဒေစီဂျိန်းတို့ ကားရှေ့ခန်းကနေ စတိုင်လ်နဲ့ လိုက်ရုံပဲပေါ့။
ဂျန်းစဘွန်းမကြီးက မိန်းမတစ်ယောက်ရဲ့ ပူပန်ပုံအကြည့်နဲ့ မင်းမင်းမျက်နှာကို ကြည့်ပြန်တယ်။
ရုတ်တရက် ရထားဥသြသံကြောင့် မင်းမင်း ဆတ်ခနဲတုန်သွားတော့ ဂျိန်းစဘွန်းမကြီး ပျာယာခတ်ရပြန်ပြီ။
အိပ်… အိပ်… ပြန်အိပ်၊ ဘာမှမဖြစ်ဘူးဟဲ့။
လူတွေနဲ့ နတ်ပုံတော်တွေ ရောနှောပြည့်လျှံနေတဲ့ တောင်ပြုန်းမန္တလေး မီးရထားက တဖြည်းဖြည်းချင်း ဖြတ်မောင်းလို့ နေတယ်။
အပြာရောင် မီးရထားက တဂျက်ဂျက် မြည်ဟည်းလို့ ကားလမ်းဂိတ်တံခါးကို တအိအိနဲ့ ဖြတ်ကျော်တယ်။
‘သက်ဆိုင်သူသို့… ပို့မေတ္တာ… တေးလွှာဝေ’
ရထားသံ၊ လူသံတွေကြားကနေ နာကျင်ဆွေးမြည့်နေတဲ့ သီချင်းသံလေး တစ်သံက စူးစူးရှရှ ထွက်ပေါ်လာခဲ့တယ်။
မင်းမင်းတစ်ကိုယ်လုံး တုန်သွားတယ်။ ရီဝေဝေမျက်လုံးတွေဖျတ်ခနဲ ပွင့်လာကြတယ်။ ခြောက်သွေ့တဲ့ နှုတ်ခမ်းအစုံက ‘ပန်းညို’တဲ့။
‘… အမေ့မေတ္တာ… အမေ့မေတ္တာ… သောက်ကာသုံး… ပြုံးရွှင်စေ…’
ဂျိန်းစဘွန်းမကြီး လက်ထဲကနေ မင်းမင်း ရုန်းထွက်လိုက်တယ်။
‘သူ… ရထားပေါ်မှာ’
တုန်နေတဲ့ မင်းမင်းကို ဂျိန်းစဘွန်းမကြီးက တင်းတင်းကျပ်ကျပ်ဖက်ထားတယ်။ မဟုတ်ပါဘူးတဲ့။ ဘာတွေ လျှောက်ပြောနေတာလဲတဲ့။ နေမကောင်းလို့ စိတ်ထင်တာပါတဲ့။ အိပ်လိုက်… အိပ်လိုက်တဲ့။
စိတ်ထင်တာလား၊ ပန်းညိုရယ် မင်းအသံလေး မဟုတ်ဘူးလား။
ဝမ်းနည်းအားလျော့စွာနဲ့ မျက်လုံးတွေကို မင်းမင်း မှိတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ လွင့်ပျံလာတဲ့ သီချင်းသံလေးကို သေသေချာချာ သိလိုက်တဲ့ ခဏမှာပဲ နာကျင်နေတဲ့ သီချင်းသံကလေးက မင်းမင်းနဲ့ အဝေးကြီး ဝေးကွာလို့ သွားခဲ့ပြီ။
‘သက်ဆိုင်သူရေ… မေ့အသံအား… မှတ်မိပါရဲ့လားလေ…’ တဲ့။
Excellent , I was unexpectedly influenced by it and finished reading it in one sitting without having desire of reading nobles about gays. Thanks to the admin.
Thanks a lot , fri