မြန်မာတို့၏ ရိုးရာဓလေ့မှ နတ်တွေနှင့်ပတ်သက်ပြီး ပြောရမည်ဆိုလျှင်ကုန်နိုင်ဖွယ် မရှိပါ ။
အဘယ်ကြောင့်ဆိုသော် အတွင်း(၃၇) ၊ အပြင်(၃၇)မင်းအပြင် ၊ထိုအတွင်း,အပြင်တွင် မပါဝင်သေးသော
ရိုးရာနတ်တွေလည်း အများအပြား ကျန်ရှိနေသေးသောကြောင့် ကျန်နတ် များကို နောက်ထပ်အဖွဲ့ သို့မဟုတ်
အလယ်(၃၇)မင်းအုပ်စုတစ်စုဖွဲ့ဦးမည်ဆိုလျှင် နောက်ထပ် အုပ်စုတစ်စု ထပ်မံပေါ်ထွက်လာနိုင်ဖွယ်ရာ
ရှိ၍ ထိုအုပ်စုနှင့်ပတ်သက်ပြီး နတ်များ၏ သမိုင်း ကြောင်းများကို အကျယ်ရေးပြရန်နေရာမပေးနိုင်ပါ ။
သို့ရာတွင် အထက်(အညာ)ဒေသအရပ်တွင် နေထိုင်ကြသော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏
(ယေဘုယျသဘောအားဖြင့်) နတ်တို့အပေါ်တွင်ထားရှိသော စိတ်နေစိတ်ထားများကို ဤနေရာတွင်အနည်း
ငယ်တင်ပြလိုပါသည် ။ အတွေ့အကြုံများကို အခြေခံပြီးရေးသားတင်ပြထားသော စာရေးဆရာမကြီးလူထု
ဒေါ်အမာ၏ နတ်တွေနှင့်စပ်ပြီး တင်ပြထားသော“ အမေ့သတိရတဲ့ ပွဲတောင်ပြုံးအတွေ့အကြုံ “ ဆောင်းပါးမှ
စိတ်ဝင်စားစရာတစ်ချို့ကိုကောက်နှုတ်တင်ပြလိုပါသည် ။ တောင်ပြုံးပွဲ အတွေ့အကြုံနှင့် နတ်ကိုးကွယ်မှုဆိုင်
ရာနှင့် ပတ်သက်သော မိသားစုအတွေ့အကြုံလေးများမို့ ဤနေရာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည် ။
စေတနာဖြင့် ရေးသားထားသော ဆရာမကြီး၏ဆောင်းပါးသည် သူတို့ခေတ် ၊ သူတို့ အခါကတောင်ပြုံးပွဲအ
တွေ့အကြုံများကို ပေါ်လွင်ထင်ရှားအောင် ရေးသားထားသည်ကို တွေ့ နိုင်သည် ။
“ တောင်ပြုံးမှာ အရင်ကတော့ အရက်ဆိုင်က ပုန်းလျှိုးကွယ်လျှိုးရောင်းကြရတာ ၊ခုတော့ အထင်
ကရအရက်ဆိုင်ကြီးတွေအပြင် ၊ အရက်ဆိုင်သေးသေးလေးတွေပါ မရေမတွက်နိုင်အောင် ပေါများပါတယ် ။
အရက်ဆိုင်အလတ်စားတွေရှိတယ် ။ တောအရက်ဆိုင်တွေရှိ တယ် ။ထွေးညိုရတယ် ၊ ဘီယာမျိုးစုံရတယ် ၊ မရတာ ဘာမှမရှိဘူး ။ ကျွန်မတို့သွားခဲ့တုန်းကနတ်ရုပ်တွေစီတင်ထားတဲ့ နတ်ကတော်တွေရဲ့ ကနားငယ်
ကလေးတွေဟာ (၁၀၀)(၉၀) လောက်ပဲရှိတာပါ ။ ဒါကိုများလှပြီထင်နေခဲ့တာ ။ ဒီနှစ် တောင်ပြုံးမှာ အဲဒီ နတ်ကတော်များရဲ့ဆိုင်ကနားအားလုံး (၂၈၅၀) ရှိပါသတဲ့ ။” ( လူထုဒေါ်အမာ – အမေ့သတိရတဲ့ ပွဲတောင်ပြုံး
ရွှေမြန်မာမဂ္ဂဇင်း ၊ အမှတ်(၄) ၊ စင်္ကပူနိုင်ငံ ၊ ၂၀၀၃ ၊ နှာ-၂၂ )
စစ်မှန်သောထေရ၀ါဒဗုဒ္ဓသာသနာ ထွန်းကားနေသော မြန်မာနိုင်ငံမျိုးမှာ ဤကဲ့သို့အဆီးအတား
မရှိဘဲ ဖြစ်ချင်တိုင်းဖြစ်နေခြင်းအတွက် ၀မ်းနည်းဖွယ်ကောင်းလှသည် ။ မှားယွင်းသော နတ်ကိုးကွယ်မှုတွေ
အတွက် ပြုပြင်စရာတွေ ၊ တားမြစ်စရာတွေကတော့ အများကြီး ရှိနေပါ၏ ။ သို့သော်ဤကဲ့သို့သောကိစ္စများ
ကိုကိုယ်ပိုင်အသိတရား ၊ ကိုယ်ပိုင်အသိဥာဏ်တို့ ဖြင့်ပြုပြင်သင့်သလား ၊ သို့မဟုတ်အနော်ရထာမင်းကြီး
တို့ကဲ့သို့ ကရုဏာ ၊ စေတနာတို့နှင့် ယှဉ်လျက်မင်းအာဏာတို့ဖြင့် ပြုပြင်သင့်သလားဆိုသည့် အချက်ကိုသာ လေးလေးနက်နက် စဉ်းစားကြဖို့ပင်ရှိတော့၏ ။ ဗုဒ္ဓဘုရားရှင်၏ ဖြူစင်သောသာသနာတော်ကြီးကိုစောင့်
ရှောက် နိုင်သောသာသနာပြုပုဂ္ဂိုလ်များ ပေါ်ထွန်းလာနိုင်ပါစေ ။
သို့သော် အလွန်အကျွံမဖြစ်ကြရလေအောင် သတိတရားနှင့်ပူဇော်ပသနည်းမျိုးဖြစ်၍လည်း
ကောင်း ၊ ပစ္စုပ္ပန် , သံသရာအပြစ်ကင်းလွတ်အောင် ရိုးရာမပျက်ရုံလောက်သာ ပြုလုပ်နေသော ပူဇော်ပသ
နည်းမျိုး ဖြစ်၍လည်းကောင်း ကိုယ်ပိုင်ဥာဏ်ဖြင့် ဆင်ခြင်သုံးသပ်နိုင်ရန် ဤနေရာတွင် ထည့်သွင်းဖော်ပြ
လိုက်ပါသည် ။
“ ဒီနေရာမှာ ကျွန်မတို့ နတ်ကိုးကွယ်ပုံကို နည်းနည်းရေးပါရစေ ။ ကျွန်မတို့ ငယ်ရွယ် တဲ့
အဲဒီခေတ်တုန်းက အညာက မြန်မာတွေဟာ အိမ်တွင်း မင်းမဟာဂီရိနတ်ကို ပူဇော်ပသကြသူများပါတယ် ။
အိမ်မှာ နတ်အုန်းဆွဲကြတဲ့ အလေ့ရှိပါတယ် ။ မဆွဲတဲ့လူက နည်းနည်းပါ ။ကျွန်မတို့ အဘိုးအိမ် ( အမေ့အဖေ
ကတော့)အုန်းမဆွဲပါဘူး ။ ကျွန်မတို့အဘိုး ဦးအောင်ဖြိုး ကမန္တလေးမြို့မှာ မြို့မျက်နှာဖုံးတစ်ဦးပါ……….။
အဲဒီအဘိုးက သားမရှိသမီးမရှိတဲ့ သူ့အစ်မမုဆိုးမ ဖြစ်သွားတဲ့အခါ အစ်မကို စောင့်ရှောက်ဖို့ အဘိုးတို့ အိမ်ထောင်က အစ်မနဲ့လာပြီး ပေါင်းနေရသတဲ့ ။ သူ့အစ်မအိမ်က နတ်အုန်းဆွဲပါတယ် ။အစ်မ
ယောက်ျားက ပတ္တမြားကျောက်ကုန်သည်ကိုး ။ အဲဒီတော့ သူတို့အိမ် ကအုန်းတော်ကို တခြားလူများနည်းတူ
ရိုရိုသေသေ တခမ်းတနား ဆွဲတာပါပဲ ။ သူ့အစ်မအုန်းဆွဲပြီးတဲ့နေ့တစ်နေ့မှာ ကိစ္စတစ်ခုရှိလို့ အစ်မအပြင်
ခဏထွက်သွားတော့ ၊ အဘိုးက သူ့အစ်မကို လွယ်လွယ်ပြောလို့ ရချင်မှရမယ်ဆိုပြီး သူ့အစ်မ မရှိခိုက် ခုတွင်
ကဆွဲသွားတဲ့ အုန်းတော်ကိုချပြီး သားသမီးတွေနဲ့ခွဲစားပစ်လိုက်ကြသတဲ့ ။အစ်မပြန်လာတော့သူ့အုန်းတော်ကို
ခွဲစားလို့ သူ့မောင်ကို ဒါလောက်မိုက်ရမလားဆို ပြီးအထပ်ထပ်အပြစ်တင်တယ် ။အရှင်ကြီးကိုလည်းကြောက်
့လန့်တကြား အထပ်ထပ်တောင်းပန်တိုးလျှိုးတယ် ။ ဒါပေမယ့်လည်း အုန်းတော့ထပ်ပြီး မဆွဲရဲတော့ဘူး ။ ထပ်
ဆွဲရင်သူ့မောင်ကထပ်ခွဲစားမှာစိုးရတာကိုး ။ အဲဒီကတည်းကစပြီး ကျွန်မတို့ခေတ်အထိ အုန်းဆွဲတဲ့အလေ့မရှိ
တော့ဘူး ။
ဒါဖြင့် နတ်ကိုတင်မြှောက်ပသမှုဘာဆိုဘာမှမရှိတော့ဘူးလားလို့ မေးရင်တော့ဖြင့်ကျွန်မတို့
အဘွား(ဦးအောင်ဖြိုးရဲ့ဇနီး) က မုံရွာအနောက်ဘက်က လက်တောင်းကြီးသူမို့ သူ့မိဆိုင်ဖဆိုင်ဆိုပြီးတပေါင်း
လမှာအမေကြီးလို့ခေါ်တဲ့ အမေရေယဉ်နတ်ကို မုန့်ဖြူ ၊ မုန့်နီ နဲ့တင်ပါတယ် ။ တစ်နှစ်တစ်ကြိမ်တင်ပါတယ် ။
အဲဒီအလေ့တော့ ယနေ့ထက်အထိ ကျွန်မတို့အားလုံးကိုယ်စား အစ်မကြီးဒေါ်ဦးက ဆက်လက်တာဝန်ယူ တင်သနေပါသေးတယ်…။ ”
အထက်ပါစကားရပ်များသည် လူထုဒေါ်အမာ၏ “ အမေ့သတိရတဲ့ပွဲ တောင်ပြုံးအတွေ့အကြုံ
“ ဆောင်းပါးမှ ကောက်နှုတ်ချက် ဖြစ်သည်။အမှန်မှာမူ တောင်ပြုံးပွဲ အတွေ့အကြုံမျှ မဟုတ်ဘဲ ၊နှစ်ဆယ်ရာစု
ခေတ်နှောင်းပိုင်းနှင့်လက်ရှိအညာဒေသရှိလူအချို့၏နတ်ကိုးကွယ်မှုဆိုင်ရာဓလေ့ထုံးစံများကိုလည်းထင်ဟပ်
ပေါ်လွင်စေသည် ။ အညာဒေသရှိ တန့်ဆည်မြို့နယ် ၊ ကန့်ဘလူမြို့နယ်များတစ်ဝိုက်ရှိ နတ်ကိုးကွယ်မှုကို
ပြုကြရာတွင် တစ်ယောက် ကတစ်ရာရဲ့ကိုယ်စား ၊ တစ်ယောက်က တစ်ရွာရဲ့ကိုယ်စားဆိုသလို ပူဇော်ပသ
ခြင်းမျိုးကို ပြုပေးနေကြသဖြင့် နတ်ကိုးကွယ်မှု အစဉ်အလာ လုံးဝမကင်းနိုင်သေး၍ ကိုးကွယ်မြဲ ၊ ပူဇော်ပသ မြဲပြုလုပ်နေကြရသေးသော်လည်း ၊ လွန်လွန်ကျွံကျွံ ၊ မှားမှားယွင်းယွင်းများဖြင့် နတ်တို့ကိုအကြောက်တရား
ဖြင့် ပူဇော်ပသနေရခြင်းမျိုးတွေနှင့်နှိုင်းစာလျှင် တော်ပေသေးသည်ဟု ဆိုရပေတော့မည် ။
အညာဒေသမှာလည်း အမှားကြာ၍ အမှန်ဖြစ်နေသည့် အစွဲမှား ၊ အယူမှားများ ကျန်
ရှိနေပါသေးသည် ။ ထိုအထဲမှ ထင်ရှားရာတစ်ချို့ကိုတင်ပြရလျှင် အချို့ဒေသများတွင် သင်္ကန်းမ၀တ်မီ ရှင်
လောင်းများ(ကိုရင်ဝတ်မည့်သူများ) ကို နတ်နန်းအဖြစ်သတ်မှတ်ထားသော နတ် များ၏နေရာများသို့သွား
ရောက်ပြီး ပြသနေကြဆဲ ဖြစ်သည် ။ မင်္ဂလာမဆောင်မီ သတို့သား ၊သတို့သမီးလောင်းများကို နတ်တို့အား
သွားရောက်ပြသနေရဆဲဖြစ်သည့်မိရိုးဖလာဓလေ့ထုံးစံများလည်း အချို့အညာဒေသများတွင်ရှိနေသေးသည်။
ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်လိုသူတို့အတွက် အလေ့အထအမှားများနှင့်စပ်လျဉ်း၍သတိပြုစရာ
အချက်များပင် ။ ဒီပဲယင်းနယ်မှာ မင်္ဂလာဆောင်ပြီး မကြာခင်ကမှ ရန်ကုန်သို့ပြန်လာသော ခင်ဦးသား မောင်ထွန်းထွန်း၏ ပြောပြချက်အရ သူတို့မင်္ဂလာဆောင်စဉ်က မင်္ဂလာမဆောင်မီ တစ်ရက်အလိုမှာငှက်ပျော
ဖီးအဖီးငါးဆယ်၊အုန်းသီးအလုံးနှစ်ဆယ်တို့ဖြင့်ရိုးရာနတ်တို့ကိုသွားရောက်ပြသခဲ့ရသေးကြောင်းမောင်ထွန်း
ထွန်းကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့၍ အံ့သြမှုများ ဖြစ်ရပါ သည် ။ယောက္ခမဖြစ်သူများနှင့် သူ့ဇနီးချော
လေးတို့၏ ဆန္ဒကို မဆန့်ကျင်လို၍သာ ပြုလုပ်ခဲ့ရ သော်လည်းသူ၏စိတ်ထဲမှာမူ ဘာသာတရားအမြင်အရ
ရော ၊ခေတ်အမြင်အရပါ အဓိပ္ပာယ်မဲ့ လှ၍ဤကဲ့သို့သော ယုံကြည်မှုတွေအတွက် စိတ်ပျက်မိကြောင်း ဖွင့်ဟ
ပြောဆိုခဲ့ပါ၏ ။ မဟုတ်မရာကိုအစွဲအလမ်းကြီးနေကြသူများအတွက် သတိထားဖွယ်ကောင်းလှသည် ။
ဤပုံဤနည်းဖြင့် ထိုထိုအရပ်ဒေသတို့တွင် တကယ်ထင်ရှားမရှိနိုင်တော့သော နတ်
များကို ထင်ရှားရှိသယောင်ယောင်ပြု၍ ကိုးကွယ်ပူဇော်ပသနေရခြင်းမျိုးတို့သည် ဗုဒ္ဓဘာသာဝင်ဖြစ်သူများ
အတွက် အဓိပ္ပာယ်မဲ့လှသည် ။ ဤကဲ့သို့ ပြုလုပ်နေခြင်းမျိုးတွေသည် မသူတော်တရားတွေကို ရှင်သန်နေ
အောင်အားပေးအားမြှောက်ပြုပေးနေသလိုလည်း ဖြစ်နေ၍ဥာဏ်နှင့်စဉ်းစားဆင်ခြင်သင့်ကြပြီဖြစ်၏ ။
အကယ်၍သာ ဗုဒ္ဓဘာသာဝင်များသည် နတ်တို့အားတရားတော်နှင့်လျော်ညီသော ပူဇော်ခြင်းမျိုးဖြင်
့ပူဇော်လိုကြပါလျှင် တရားမနာမီ(ပရိတ်တရားမနာမီ) နတ်တို့ကို တရားနာဖိတ်ခြင်း ၊ မေတ္တာပို့ခြင်း ၊ ကုသိုလ်အမျှများကိုအထူးပေးဝေခြင်းစသည်များကို စနစ်တကျပြုလုပ်သင့်ပါသည် ။ ဤကဲ့သို့ ပြုလုပ်ပေးခြင်း
သည်သာ တရားနှင့်လည်း အကြောင်းအကျိုးဆီလျော်ပြီး ၊တိုးတက်နေသောခေတ်နှင့်လည်းလျော်ညီလှပါ
သည်။အကျိုးတရားအနေနှင့်ဖြစ်ထွန်းလာနိုင်သည်မှာနတ်ကိုးကွယ်မှုနှင့်စပ်၍တာဝန်နည်းပါးခြင်း၊ဗုဒ္ဓဘာသာ
တရားကို ဖြူဖြူစင်စင်ဖြင့် ကိုးကွယ်နိုင်ခြင်း ၊ ဗုဒ္ဓဘာသာတရားကိုကိုးကွယ်ခြင်းနှင့် နတ်များကို ကိုးကွယ်ခြင်း
နှစ်ခုတို့အကြား ရောထွေး ယှက်တင် မရှိတော့ခြင်းစသော အကျိုးတရားများကို ဖြစ်ထွန်းစေနိုင်ပါသည်။
ဗုဒ္ဓဘာသာဝင် ကောင်းတစ်ယောက်ဖြစ်လိုသူတို့အတွက် အတုယူစရာ ၊ ဆင်ခြင်စဉ်းစား
စရာအဖြစ်တင်ပြ လိုက်ရခြင်းဖြစ်သည် ။
သတိတရား ၊ အသိတရားတို့နှင့်ယှဉ်သော သဒ္ဓါတရားမျိုးဖြင့် ဗုဒ္ဓသာသနာတော်ကြီးကို
ကိုးကွယ်ဆည်းကပ်နိုင်ကြပါစေ …………………..
Aug
23
2010
Thanks!
Thi post is very good.
Next…..Next…………