ဗုဒ္ဓဘာသာတို့အတွက် အဓိကကျတဲ့ ဒီမေးခွန်းလေး ၂ ခုကို မေးကြည့်ကြရအောင်။ဗုဒ္ဓဘာသာမှန်ရင် ဗုဒ္ဓဘာသာဖြစ်ရင်တော့
ဒီမေးခွန်းလေး ၂ ခုရဲ့အဖြေကို တိတိကျကျ သိဘို့လိုအပ်ပါလိမ့်မယ်။အဖြေမပြောခင် ကျွန်တော့်တို့ အရင်စမ်းစစ်ကြည့်ရအောင်။
ကိုယ့်ရဲ့မိရိုးဖလာ ရိုးရာယဉ်ကျေးမှုအရ အဘိုးအဘွားတွေရှေ့ကလှူဒါန်းသွားလို့ ကိုယ်ကနောက်ကနေ အဲဒီအတိုင်းလိုက်နာမှတ်သားပြီး
လှူဒါန်းမှုတွေပြုနေတာလား (ဒါမှမဟုတ်)သူတစ်ပါးလှူဒါန်းလို့ဂုဏ်ပကာသနတွေမက်မောပြီး လူတကာ အထင်ကြီးအောင်
ပြောစမတ်ပြုအောင် လှူဒါန်းတာလား?(ဒါမှမဟုတ်)စေတနာအရင်းခံသက်သက်ကြောင့်လှူဒါန်းတာလား ?
ရာထူးတွေတက်ချင်လို့မျက်နှာလုပ်ပြီး ဂုဏ်မက်မောကာ အခွင့်အရေးတွေရအောင် လှူဒါန်းလိုက်ကြတာလား?
ကံကံ၏ အကျိုးတရားကို အမှန်တကယ်ယုံကြည်လို့ အလှူဒါနတွေ စွဲစွဲမြဲမြဲ ပြုလုပ်နေကြတာလား?
နိဗ္ဗာန်ရဲ့အထောက်အပံ့ တစ်ကယ်ဖြစ်မှန်းသိလို့ ကုသိုလ်ဒါနတွေ နေ့စဉ်ပြုလုပ်နေကြတာလား?
အဲဒီအရာတွေအကြောင်းတွေက
ဘယ်သူ့ကြောင့်လဲ?
ဘယ်အရာကြောင့်လဲ? လို့……….ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ကြရအောင် ။
ဘယ်သူ့ကြောင့်လဲလို့မေးရင်
တော်တော်များများက ကိုယ့်ကြောင့်လို့ ဖြေကြမှာပါ။
ဘယ်အရာကြောင့်လဲလို့မေးရင်
စေတနာကြောင့်လို့ပဲ ဖြေဦးမှာပါ ။
***(၁) ဘယ်သူ့ကြောင့်လဲ ဆိုတဲ့မေးခွန်းကိုဖြေကြရအောင်
***ဗုဒ္ဓေါလောကေ၊ သမုပ္ပန္နော၊
ဟိတာယ၊ သဗ္ဗပါဏိနံ
လောကမှာဘုရားတည်းဟူသော ရတနာ ပထမဆုံး ပွင့်ထွန်းပေါ်ပေါက်တော် မူလာခြင်းသည် လူနတ်ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ကောင်းကျိုးဖြစ်ပေတယ်။
ရတနာ ၃ ပါးထဲမှ ဘုရားတည်းဟူသော ရတနာမှာ ပွင့်ထွန်းပေါ်ပေါက်တော်မူလာသောကြောင့်ဒကာ၊ ဒကာမ အပေါင်းသူတော်ကောင်းတို့ ကုသိုလ်ကောင်းမှုတွေပြုလုပ်နေကြရပါတယ်။
ဘုရားမပွင့်တော်မူမီက နတ်တွေတောင် ဒါဟာ မင်္ဂလာ၊ ဒါဟာမင်္ဂလာမဟုတ်ဘူး စသည်ဖြင့်သံသယစိတ်တွေနဲ့သူမှန်တယ်၊ငါမှန်တယ် ဆိုပြီး (၁၂) နှစ်ကြာအောင်ငြင်းခုံလာခဲ့ရတာပါ။
မြတ်စွာဘုရားပွင့်တော်မူလာမှ ဘုရားရှင်ကိုယ်တော်မြတ်ကြီးထံ ချဉ်းကပ်ပြီး မေးလျှောက်ကြလို့(၃၈) ဖြာ မင်္ဂလာကို သိခွင့်ရခဲ့ကြပါတယ်။လောကမှာ ဘုရားတည်းဟူသော ရတနာပွင့်ထွန်းပေါ်ပေါက်လာခြင်းကြောင့်သာ အဓိကဖြစ်ပါတယ်။
ဘယ်သူ့ကြောင့်လဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေနောက်တစ်ခုက
***သံဃောလောက၊ သမုပ္ပန္နော၊
ပုညခေတ္တံ၊ အနုတ္တရံ။
လောကမှာ သံဃာရတနာ ပွင့်ထွန်းပေါ်ပေါက်တော်မူလားခြင်းဟာဒီနေ့လိုလူဒါန်းကျတဲ့ ဒကာ၊ ဒကာမ အပေါင်းသူတော်ကောင်းတို့အတွက်
ကုသိုလ်ကောင်းမှုကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်နှင့်တူလှပါပေတယ်။မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူသော တရားဒေသနာတော်တွေကို သံဃာတော် အရှင်သူမြတ်တို့က လက်ဆင့်ကမ်း၍ အာဂုံမဆောင်လာဘူးဆိုရင် ပေထက်အက္ခရာ၊ ကျောက်ထက်အက္ခရာတွေ မတင်ခဲ့ဘူးဆိုရင် မှတ်တမ်းမှတ်ရာတွေမရှိခဲ့ဘူးဆိုရင် စာပြန်ပွဲတွေ၊ စာဖြေပွဲတွေ စာမေးပွဲတွေ၊ ပိဋကတ်သုံးပုံ နုတ်ငုံဆောင် စာမေးပွဲတွေ၊ဒီစာပေတွေကို မပျောက်ပျက်ရအောင် ထိန်းသိမ်းစောင့်ရှောက့်ထားတဲ့ စာသင်တိုက်ကြီးတွေစာချဆရာတော်တွေ၊စာသင်သားသံဃာတော်တွေ ပစ္စည်းလေးပါး ထောက်ပံ့ပေးတဲ့ ဒကာ ဒကာမတွေ ဆရာတကာ လက်တွဲမညီခဲ့ဘူးဆိုရင် ဒီနေ့လိုမှန်ကန်တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ခွင့်ရကြမှာမဟုတ်ပါဘူး။
***(၂)ဘယ်အရာကြောင့်လဲ
ဆိုတဲ့မေးခွန်းရဲ့အဖြေကတော့
***ဓမ္မောလောကေ၊ သမုပ္ပန္နော၊
သုခါယ၊ သဗ္ဗပါဏိနံ။။
လောကမှာ တရားတည်းဟူသော ရတနာပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် လူနတ်ဗြဟ္မာ သတ္တ၀ါ အားလုံး၏ ချမ်းသာသုခအတွက် ဖြစ်ပေတယ်။ ဒီနေ့လို ကုသိုလ်ကောင်းမှုတွေ ဒါနမျိုးစေ့တွေ ကြဲဖြန့်နိုင်တာ ဘယ်အရာကြောင့်လဲဆိုတော့ တရား ရတနာကြောင့်သာလျှင်ဖြစ်ပါတယ်။မြတ်စွာဘုရား (၄၅) ၀ါပါတ်လုံး ဟောကြကြားတော်မူခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ ပရိယတ် တည်းဟူသော(၁၀) ပါးသောတရားတော်တွေကြောင့်သာဖြစ်ပါတယ်။ဘုရားတည်းဟူသောရတနာ၊ တရားတည်းဟူသော ရတနာ၊ သံဃာ တည်းဟူသော ရတနာဒီရတနာ (၃) ပါးကြောင့်ယနေ့လို ကုသိုလ်ကောင်းမှုတွေကို ယုံကြည်သောသဒ္ဒါတရားနှင့် ကြည်နူးဝမ်းမြောက်စွာလှူဒါန်းမှုတွေပြုနေကြရတာဖြစ်ပါတယ်။