တပင်ရွှေထီး၊ဘုရင့်နောင် တို့တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးသည် ဘုရင့်နောင်၏ သားတော် နန္ဒဘုရင် လက်ထက်အရောက်တွင် အချိန်တိုတိုဖြင့် လွယ်ကူစွာပြိုကွဲသွားရပြီးနောက် နိုင်ငံတ၀န်းလုံးတွင် ပဒေသရာဇ်ငယ်များ တစ်နယ်တစ်မင်း အသီးသီး ထူထောင်ကြပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။ ထိုသို့သောအခြေအနေတွင် ဘုရင့်နောင်၏ သားတော် တစ်ပါးဖြစ်သည့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစား ရှင်သစ္စာသည် မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်(၁၆၀၀-၁၇၅၂) ကိုစတင်တည်ထောင်သည်။၎င်းနှင့် ၄င်းနောက် နန်းတက်ကြသည့် အနောက်ဖက်လွန်မင်း၊သာလွန်မင်း တို့သည် အင်းဝ၊ပြည်၊တောင်ငူ၊ဟံသာဝတီ နှင့် သန်လျင်စသည့် ဒေသများကို အစဉ်အဆက် သိမ်းပိုက်ကာ မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်ခဲ့ကြသည်။
ညောင်ရမ်းမင်းဆက် ၁၀ဆက်သည် အင်းဝကို ဗဟိုပြုကာ အုပ်ချုပ်ကြသည့်အတွက် ညောင်ရမ်းခေတ်ကို ဒုတိယအင်းဝခေတ် ဟုလည်းခေါ်ဝေါ်ကြသည်။ညောင်ရမ်းမင်းဆက်သည် သာလွန်မင်းလက်ထက်တွင် အထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမင်းများလက်ထက်တွင် အင်အားသြဇာလျော့နည်းလာခဲ့သည်။ နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိ(ဟံသာဝတီရောက်မင်း)လက်ထက်တွင် ဇင်းမယ်ရှမ်းဇာတိဖြစ်သည့် ဆင်ဝန်ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ခံ၍ မွန်တို့ကို စည်းရုံးကာ ပုန်ကန်သည်။နောက်ဆုံး အင်းဝကိုပါသိမ်းယူကာ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ခေါ်ဆောင်သွားပြီး ကွပ်မျက်ခဲ့သည်။ထိုနောက်တွင် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကို တွန်းလှန်ကာ တတိယပြည်ထောင်စု မြန်မာနိုင်ငံကြီး ကိုတည်ထောင်ခဲ့သည်။
ညောင်ရမ်းမင်းဆက် (၁၁)ဆက်
1. မင်းဆက်(၁)ညောင်ရမ်းမင်းတရားကြီး(မဟာသီဟသူရ ဓမ္မရာဇာ) (မဟာမြတ်မုနိ ဒါယကာ) (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉)
2. မင်းဆက်(၂)အနောက်ဖက်လွန်မင်း(မဟာဓမ္မရာဇာ)(ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅)
3. မင်းဆက်(၃)မင်းရဲဒိဗ္ဗ (ကောဇာ ၉၉၀၊ ခရစ် ၁၆၂၈)
4. မင်းဆက်(၄)သာလွန်မင်း(သတိုးဓမ္မရာဇာ) (ရာဇမဏိစူဠ ဒါယကာ) (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂)
5. မင်းဆက်(၅)ပင်းတလဲမင်း(သီရိနန္ဒသူရဓမ္မရာဇာ) (မင်းရဲနန္တမိတ်) (ငါးထပ်ကြီးဘုရား ဒါယကာ) (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈)
6. မင်းဆက်(၆)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁)
7. မင်းဆက်(၇)နရာဝရ (အိမ်ရှေ့မင်း) (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁)
8. မင်းဆက်(၈)မင်းရဲကျော်ထင်(သီရိပရ၀ မဟာဓမ္မရာဇာ) (၀မ်းဘဲအင်းစံမင်း) (၀ရဇေယ) (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂)
9. မင်းဆက်(၉)စနေမင်း (မန်အောင်ရတနာ ဒါယကာ) (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈)
10. မင်းဆက်(၁၀)တနင်္ဂနွေမင်း (မှန်နန်းရှင်) (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄)
11. မင်းဆက်(၁၁)မဟာဓမ္မရာဇာဓိပတိ(ဟံသာဝတီပါမင်း/လောကသရဖူ ဒါယကာမင်း) (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃)